By BETV Myanmar, Shweproperty.com
Updated at 26 February 2019
မြန်မာနိုင်ငံတွင် အိမ်ရာချေးငွေများကို အတိုးနှုန်း (၈ ဒဿမ ၅) ရာခိုင်နှုန်းဖြင့် (၁၅) နှစ် သက်တမ်းမှ နှစ် (၃၀) အထိ အရစ်ကျပေးချေနိုင်ရန် ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) မှ စီစဉ်နေကြောင်း သိရသည်။
၎င်းအစီအစဉ်ကို ဂျပန်နိုင်ငံ JICA (နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) မှပေးထားသည့် ODA (တရားဝင်ဖွံ့ဖြိုးမှုအကူအညီ) ချေးငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
“ကျွန်တော်တို့အခြေခံပြည်သူတွေရဲ့ မိသားစုဝင်ငွေဟာ အင်မတန်မှနည်းပါးနေတဲ့အတွက်ကြောင့် သူတို့ရဲ့ဝင်ငွေတွေ ကိုလိုက်မှီနိုင်ဖို့အတွက် အတိုးနှုန်းကိုလည်း ဂျပန်နိုင်ငံ ODA Loan ရဲ့ ချေးငွေနဲ့အတူ ( ၈ ဒဿမ ၅ ) ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ပေးပြီး တော့မှ ချေးငွေကာလကိုလည်း ဒီနေ့ဆောင်ရွက်နေတဲ့ ၁၅ နှစ်ကာလကနေ အနှစ် ၃၀ အထိပေးဖို့ကိုလည်း ဂျပန်နိုင်ငံ JICA အဖွဲ့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ CHID ဘဏ်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် က ပြောသည်။
ယခု နှစ် (၃၀) အထိ အရစ်ကျပေးချေနိုင်သည့် အစီအစဉ်တွင် ဂျပန်နိုင်ငံ JICA မှ မြန်မာကျပ်ငွေ (၁၅၀) ဘီလီယံ ခန့်အထိ ပေးအပ်ထားပြီး တန်ဖိုးနည်းအိမ်များနှင့် တန်ဖိုးမျှတအိမ်များကို ဝယ်ယူလိုသူများအား ချေးငွေ ထုတ်ပေးနိုင်ရန်အတွက် ဖြစ်သည်။
နှစ် (၃၀) အထိ အရစ်ကျပေးချေနိုင်မည့် ODA ချေးငွေတွင် တန်ဖိုးနည်းအိမ်ရာများအတွက် (၉၀) ရာခိုင်နှုန်း၊ တန်ဖိုးမျှတ အိမ်ရာများကို (၁၀) ရာခိုင်နှုန်း ထုတ်ချေးသွားမည်ဖြစ်သည်။
“ODA Loan က စပြီးတော့လုပ်နေပြီ အိမ်တွေကိုရောင်းဖို့ ရန်ကုန်တိုင်းအရောင်းအိမ်ရာ အဲဒီကစပြီးတော့ လုပ်နေပါပြီ။ ဒါပေမယ့် ရောင်းဖို့အတွက်ကို ရွေးချယ်ခံလိုက်ရတဲ့လူဦးရေဟာ တကယ်စိစစ်လိုက်ရင်ဘယ်လောက်ဖြစ်သွားမလဲဆိုတာ အချိန်တစ်ခုလိုနေသေးတာပေါ့နော်။ အဲဒါအတွက်ကြောင့် တကယ်ရောင်းတဲ့အရေအတွက် တကယ်ပေးလိုက်တဲ့ချေး ငွေပမာဏတို့ ဘာတို့ဟာ အကုန်လုံးလုပ်ပြီးတဲ့အခါကျရင်တော့ ရှင်းလင်းပေးပါမယ်” ဟု CHID ဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော် က ပြောပြသည်။
CHID (ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်) သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အများပိုင်ကုမ္ပဏီအဖြစ် ၂၀၁၃ ခုနှစ် မေလမှစတင်ကာ ဖွဲ့စည်းထားသည့် Semi-Government Bank တစ်ခုဖြစ်သည်။
ချေးငွေရယူရာတွင်လည်း သတ်မှတ်ချက်များနှင့် ပြည့်မှီသူများကို အိမ်ရာချေးငွေပေးအပ်သွားမည်ဟု CHID ဘဏ်မှ သိရသည်။
ထို့အပြင် ဝယ်ယူမည့်အိမ်ရာများ၏ လုံခြုံမှုနှင့် ကြံ့ခိုင်မှုရှိမှုအပေါ် ထည့်သွင်းစဉ်းစားကာ ချေးငွေထုတ်ပေးသွား မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဧပြီလ မှစတင်ကာ ပုဂ္ဂလိကဘဏ်များမှ အိမ်ရာချေးငွေထုတ်ပေးမှု တွင်ကျယ်လာခဲ့ပြီး အတိုးနှုန်း (၁၃) ရာခိုင်နှုန်းဖြင့် (၁၅) နှစ်အထိ အရစ်ကျပေးချေနိုင်ရန် ဆောင်ရွက်ပေးထားခဲ့သည်။
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၉ ခုနှစ်အတွင်းတွင် ပုဂ္ဂလိကဘဏ်များမှ အတိုးနှုန်းကို (၁၁) ရာခိုင်နှုန်းအထိ လျော့ချပေးခြင်း၊ အရစ်ကျပေးချေရမည့်ကာလကို (၂၅) နှစ်အထိ သတ်မှတ်ပေးခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံတွင် မြို့ပြဒေသ၌နေထိုင်သော အိမ်ထောင်စု (၆၆) ရာခိုင်နှုန်းသည် အိမ်ပိုင်ဆိုင်မှုရှိပြီး ကျန်အိမ်ထောင်စုများမှာ ငှားရမ်းနေထိုင်သူ၊ အစိုးရအိမ်ရာများတွင် နေထိုင်သူများဖြစ်ကြောင်း ဖော်ပြထားသည်။
Ref & Photo Credit : BETV Myanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties