By Myanmar Times, Shweproperty.com
Updated at 22 July 2015
ရန်ကုန်မြို့တွင်း မြေနေရာ လိုအပ်ချက် များပြားလာကာ မြို့သစ်များတိုးချဲ့လာခြင်းနှင့်အတူစနစ်ကျသော မြို့ပြတည်ဆောက်မှု ပုံစံများကိုပါ အချိန်မီထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း ပညာရှင်များက ပြောသည်။
ကိုလိုနီခေတ်တွင် ရန်ကုန်မြို့သည် အရှေ့ တောင်အာရှတွင် အသန့်ရှင်းဆုံးမြို့ဖြစ်ခဲ့ပြီး မြို့ပြတည်ဆောက်ပုံ အနေအထားမှာလည်း အလွန်စနစ်ကျခဲ့သော်လည်း ယခုအချိန်တွင် မြေနေရာလိုအပ်မှုများ အများအပြားရှိနေ ခြင်းကြောင့် မြို့သစ်အများအပြားတည် ဆောက်ခဲ့ရပြီး ထပ်မံတိုးချဲ့ရန် လိုအပ်မှုများ ရှိနေခြင်းကြောင့် အလျင်အမြန်တိုးချဲ့ခြင်းများနှင့်အတူ မြို့ပြတည်ဆောက် မှုပုံစံများပါ ပျက်စီးယိုယွင်းသွားမည်ကို စိုးရိမ်ရကြောင်း ကျွမ်းကျင်သူများက ပြောသည်။
တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ သာကေတမြို့နယ်နှင့် သုဝဏ္ဏမြို့နယ် များကို ၁၉၅၈-၁၉၆၀ ခုနှစ်များတွင် အိမ်စောင့် အစိုးရအုပ်ချုပ်စဉ်ကာလများတွင် စတင် တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ နာတာရှည် ရောဂါခံစားခဲ့ရသည်ဟုဆိုနိုင်ကြောင်း မြို့ပြ တည်ဆောက်မှုဆိုင်ရာပညာရှင်များက ပြောသည်။ "မြို့သစ်တည်တော့မယ်ဆိုရင် မြို့အင်္ဂါရပ် တွေနဲ့ ညီညွတ်စေမယ့် အခြေခံအဆောက် အအုံတွေကို ထည့်သွင်းတည်ဆောက်ဖို့ တိကျတဲ့ စီမံကိန်းတွေမရှိခဲ့တာက အခု လတ်တလော ကြုံတွေ့နေရတဲ့ ရန်ကုန်မြို့ရဲ့ မြို့ပြဆိုင်ရာ အထွေထွေ ကျပ်တည်းမှု အခက် အခဲတစ်ခုပါပဲ"ဟု ဝါရင့်အိမ်ခြံမြေအကျိုး ဆောင်ဟောင်းတစ်ဦးဖြစ်သူ အာရှဆောက် လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးရန် အောင်က ပြောသည်။
ထို့နောက် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အစိုးရက ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်ကို ထပ်မံတိုးချဲ့ခဲ့ပြီး မြို့သစ်စီမံကိန်း များအဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များကို ဖော်ထုတ်ခဲ့ပြီး နောက်နှစ်ပိုင်းများတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့များကို ဖော်ထုတ် ခဲ့ကာ ရန်ကုန်မြို့နယ်နိမိတ်ကိုပါ တိုးချဲ့ခဲ့သည်။ "ဒဂုံလေးမြို့နယ်၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့သစ်စီမံကိန်းတွေကို ဖော်ထုတ်ခဲ့ရာ မှာလည်း အရင်ခေတ်ကလိုပဲ မြေကွက်တွေ ကို အကွက်ချပြီး အစိုးရဝန်ထမ်းများနဲ့ မူလ နေထိုင်သူများတွေကိုသာ ပြန်လည်နေရာချထားပေးပြီး လိုအပ်တဲ့ လျှပ်စစ်မီး၊ ရေ၊ လမ်း၊ တံတားစတဲ့ အခြေခံအဆောက်အအုံတွေကို စနစ်တကျ အကောင်အထည်ဖော်ပေးခြင်း မရှိခဲ့ပါဘူး။ မြို့သစ်တွေမှာ မဖြစ်မနေ လုပ် သင့်တဲ့ ရေဆိုးထုတ်တဲ့ရေမြောင်းတွေ မလုပ်ခဲ့လို့ ရန်ကုန်တစ်မြို့လုံးနီးပါး ရေကြီးရေလျှံ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ် ၆၀ နီးပါးကတည်းက တည်ခဲ့တဲ့ တောင်ဥက္ကလာပ မြို့နယ်တောင် အခုမှ ဖွံ့ဖြိုးကာစမြို့နယ်အဆင့်ပဲ ရှိပါသေးတယ်"ဟု ဦးရန်အောင်က ပြောသည်။
ရန်ကုန်မြို့တော်တွင် မြို့သစ်တိုးချဲ့မှုများ အပြင် စက်မှုဇုန် ၂၀ နီးပါးကို ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် တိုးချဲ့ဖော်ထုတ်ခဲ့သော် လည်း ယခုတိုင် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံ မြို့သစ် (အရှေ့ပိုင်း)မြို့နယ်များတွင် အချို့ စက်မှုဇုန်များမှာ အခြေခံအဆောက်အအုံများမပြည့်စုံသေးဘဲ မြေကွက်သက်သက် အနေအထားမျိုးဖြစ်နေကာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းက စတင်၍ အိမ်ခြံမြေဈေးကစားသူများ၏ ကစားကွက်တစ်ခုသာဖြစ်နေဆဲ ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
"ပြည်သူတွေ အိမ်ရာပိုင်ဆိုင်မှုနဲ့ ပတ် သက်ပြီး ရပိုင်ခွင့်နဲ့ တာဝန်တွေကို သိရှိမှု အရမ်းအားနည်းတာ တွေ့ရတယ်။ ဥပမာ ပြောရရင် အိုးအိမ်ဖွံ့ဖြိုးရေးဘဏ်ကတာဝန် ရှိသူတွေက သူတို့ဘဏ်မှာ အိမ်ဆောက်ဖို့ ချေးငွေရယူနိုင်တယ်လို့ ပြောပေမယ့် လျှောက် ထားသူအိမ်ပိုင်ရှင်တွေရဲ့ ၇၀ ရာခိုင်နှုန်းက ပိုင်ဆိုင်မှု မခိုင်မာတာကို တွေ့ရတယ်။ ဒါကြောင့် ပိုက်ဆံချေးခွင့် မရကြဘူး။ ဒါက လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က မြို့သစ်စီမံကိန်း အရ နေထိုင်ခွင့်ပါမစ်ရထားတဲ့သူတွေက မြေငှားဂရန်စာချုပ်ပြောင်းလဲလျှောက်ထားခဲ့ခြင်းမရှိတာ ဖြစ်နိုင်သလို ဂရန်မြေကို ကိုယ့် အမည်ပေါက်အဖြစ် ပြောင်းလဲမလျှောက်တာ မျိုးလည်း ဖြစ်နိုင်ပါတယ်"ဟု ဦးရန်အောင်က ပြောသည်။ ပြည်သူများ မြေယာပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး တာဝန်များနှင့် ရပိုင်ခွင့်များကို နားလည်စေရန် သက်ဆိုင်ရာတာဝန်ရှိသူ များက ရှင်းပြသင့်ပြီး ထိုသို့ နားလည်မှုမရှိဘဲ အခွန် ရှောင်တိမ်းနေခြင်းကလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သောမြို့တော်အဖြစ် မရောက်ရှိနိုင်ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ "အိမ်ခြံမြေအမည်ပေါက် လျှောက်ထား လိုသူတွေရဲ့ ကြီးမားတဲ့အခက်အခဲကလည်း ရောင်းခွန်၊ ဝယ်ခွန် ပေးဆောင်နိုင်ခြင်း မရှိတာပဲ။ ပြည်တွင်းအခွန်များ ဦးစီးဌာန ကလည်း အခွန် စနစ်နဲ့ပတ်သက်တဲ့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အခွန်ထမ်းပြည်သူတွေကို သေချာနားလည်စေဖို့ ရှင်းပြတာတွေ မရှိတဲ့အပြင် အခွန်နှုန်းထားတွေကို တစ်နှစ် ထဲမှာ နှစ်ကြိမ်လောက် ပြောင်းလဲသတ်မှတ် နေတော့ နားလည်မှုတွေရှုပ်ထွေးပြီး မြေယာ ပိုင်ဆိုင်မှုတွေကို တရားဝင်ခိုင်မာအောင် လုပ်ကြမယ့်သူတွေ နောက်ပြန်ဆုတ်စေခဲ့တာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့တော် တစ်ခုဖြစ်စေရန် ဆောက်လုပ်ရေးကဏ္ဍသည်လည်း များစွာအရေးကြီးပြီး ဆောက်လုပ်ရေး လုပ်ငန်းများတွင် တိကျသောမူဝါဒများ ယခု ချိန်ထိ မရှိခဲ့ခြင်းကလည်း ရန်ကုန်မြို့တော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သောမြို့တော်အဖြစ် မရောက် ရှိနိုင်ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
လွန်ခဲ့သော နှစ် ၃၀ ခန့်က ရန်ကုန် မြို့တော်၏ မြို့လယ်ကောင်ခြောက်မြို့နယ်တွင် အထပ်ခြောက်ထပ်ထက်မပိုသော အဆောက် အအုံများမှာ လက်ချိုးရေတွက်နိုင်သော အနေ အထားတွင်ရှိခဲ့ကာ ၁၉၉၀ ပြည့်နှစ်လွန်များ တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်များတွင် အထပ်မြင့် အဆောက်အအုံများကို စတင်ဆောက်လုပ်ခွင့်ပေးခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာပင် အထပ်မြင့်အဆောက် အအုံများ ပေါ်ပေါက်လာသော်လည်း ကျွမ်းကျင်အင်ဂျင်နီယာများ ကြီးကြပ်ဆောက်လုပ်ခြင်းမရှိသည့်အပြင် အရည် အသွေး၊ စံချိန်စံညွှန်းနှင့်မမီသော အဆောက် အအုံများပါ ဆောက်လုပ်ခြင်းများရှိခဲ့သည့် အတွက် ရန်ကုန်မြို့တော်၏ သာယာလှပမှု ကို ထိခိုက်စေခဲ့သည်။ "၁၉၉၃၊ ၉၄ လောက်က ဆောက်ခဲ့ကြတဲ့ တာမွေမြို့နယ်က ငါးထပ်တိုက်၊ ခြောက်ထပ်တိုက်တွေဆိုရင် တစ်ဖက်စောင်းနေတဲ့တိုက် တွေ တော်တော်များများတွေ့နေရတယ်။ တိုက်ခန်းမှာ နေထိုင်သူတွေအတွက် မီးဘေးအမန္တရာယ်ကျရောက်လာရင် ပြေးဖို့အရေးပေါ် လှေကားမပါတဲ့ တိုက်တွေ၊ လှေကားကို အဖြစ် သဘောပါတယ်ဆိုရုံပဲတပ်ပြီး တကယ်အသုံး မပြုနိုင်တဲ့အရည်အသွေးမမီတဲ့လှေကားပဲပါ တဲ့ တိုက်အများအပြားကို အဲဒီအချိန်မှာ ဆောက်တဲ့တိုက်ခန်းတော်တော်များများမှာ တွေ့ရတယ်"ဟု ဦးရန်အောင်က ပြောသည်
။ မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်း ဒါရိုက်တာ ဦးအောင်မင်းကလည်း "ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်း ရန်ကုန် မြို့တော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့မြို့တော် တစ်ခုအဖြစ်ကို ရောက်ရှိစေဖို့ အရေးပါတဲ့ ကဏ္ဍကနေပါဝင်နေပေမယ့် အခုအချိန်ထိ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအတွက် တိကျတဲ့မူဝါဒတွေ မချမှတ်နိုင်သေးဘူး။ အခုလပိုင်းလေးမှာပဲ ရွှေတိဂုံဘုရားနားက ဆောက်လုပ်ရေးစီမံကိန်းငါးခုကို ရုတ်တရက် ဖျက်သိမ်းလိုက်လိုက် တာကလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအတွက် တုန်လှုပ် သွားစေခဲ့ပြီး စီမံကိန်းအသစ် တွေစဖို့ အခက် တွေ့သွားစေနိုင်ပါတယ်။ ဒါ့ပြင် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအတွက် မြို့မြေအသုံးချမှု ဇုန်များ၊ အဆောက်အအုံအထပ်မြင့် ထိန်းချုပ် ခြင်းများနှင့် လိုအပ်သောဥပဒေများကို ယခု ချိန်တွင် တိကျသောဥပဒေများဖြင့် ပြဋ္ဌာန်း သင့်ပါပြီ"ဟု ပြောသည်။
"ရန်ကုန်မြို့ကို မြို့သစ်အဖြစ် တိုးချဲ့ဖို့ ထက် ရှိပြီးသားမြို့နယ်တွေကို တိုးတက်စည်ပင်အောင်လုပ်ဖို့ အရင်လိုအပ်ပါတယ်။ ရန်ကုန်မြို့စွန်နေရာတွေမှာ အခုလည်း အသုံးမပြုရသေးတဲ့ မြေတွေအများ အပြားရှိနေပါတယ်။ ဒီမြေတွေကို သေချာစွာအသုံးပြုသင့်ပါတယ်။ မြို့နယ်တွေကိုဘယ်မြို့နယ်မှာ ဘာတွေတည်ဆောက်မယ်ဆိုပြီး တိကျတဲ့ဆောက်လုပ်ရေးစီမံကိန်းတွေကို အခုပြုလုပ်ဖို့ လိုအပ်ပါပြီ။ ဘယ်မြို့နယ်က စက်မှုဇုန်မြို့နယ်၊ ဘယ်မြို့နယ်က တန်ဖိုးနည်းအိမ်ရာ မြို့နယ်၊ ဘယ်မြို့နယ်က စိုက်ပျိုးရေးမြို့နယ် စသဖြင့် သေချာခွဲခြားသတ်မှတ်ပေးဖို့ လိုအပ် နေပါပြီ"ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့တော်အတွက် မြို့မြေအသုံးချမှု ဇုန်များကို ရေးဆွဲထားသော်လည်း ယခုချိန် ထိ တိကျစွာသတ်မှတ်ထားခြင်း မရှိခဲ့ခြင်းသည်လည်း ရန်ကုန်မြို့တော်ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သောမြို့တော်အဖြစ် မရောက်ရှိနိုင် ခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
"အခြားနိုင်ငံတွေမှာ လူထုအတွက် အပန်း ဖြေနေရာ ဘယ်နေရာမှာရှိရမည်ဆိုပြီး သေချာသတ်မှတ်ပြဋ္ဌာန်းပေးတာတွေကို မြို့သစ်တွေ စတည်ဆောက်ကတည်းက လုပ်ကြပေမယ့် အခု ရန်ကုန်မှာ မြို့သစ်အများစု စတည်စဉ် မှာ အများပြည်သူနဲ့သက်ဆိုင်တဲ့ လူထုအပန်း ဖြေနေရာတွေ၊ ပန်းခြံတွေကို ဘယ်လောက် အကျယ်မှာ တစ်ခု ထည့်သွင်းတည်ဆောက် မယ်တို့၊ ဆေးရုံ၊ ကျောင်းတွေကို ဘယ်လောက် အကျယ်မှာ ထည့်သွင်းတည်ဆောက်မယ် ဆိုတာတွေကို မတွေ့ရဘူး။ အရင်တုန်းက တည်ခဲ့တဲ့မြို့အဟောင်းတွေမှာလည်း ဒီလို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမျိုးတွေ ထည့်သွင်းထားပေမယ့် အသုံးမပြုနိုင်အောင် ပိတ်ထားတာတွေ၊ တခြားအဆောက်အအုံ အဖြစ် ပြောင်းလဲလိုက်တာတွေကို နေရာအများစုမှာ တွေ့နေရတယ်"ဟု ဦးမြတ်မင်းက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties