အိမ်သန့်ရှင်းရေး လုပ်ကြတဲ့အခါ  ဘယ်လိုလေး နည်းစနစ်ကျကျလုပ်ရင် ကျန်းမာရေးနဲ့ ညီညွတ်မျှတမလဲနော်။ စနစ်ကျကျ နည်းလမ်းလေးတွေနဲ့ အိမ်သန့်ရှင်း၊ မီးဖိုချောင်သန့်ရှင်းခြင်းဖြင့် သာယာကျန်းမာတဲ့ဘဝကို တည်ဆောက်ကြရအောင်။

အိပ်ရာထထချင်း အိပ်ရာချက်ချင်းသိမ်းတာ အလွန်မှားပါတယ်။ စောင် ချက်ချင်း ခေါက်ချလိုက်ခြင်းဖြင့် တစ်ညလုံး အိပ်ရာထဲက ပိုးမွှားတွေ အထဲမှာ ပိတ်မိသွားပြီး အပြင်ထွက်ခွင့် မရတော့ဘူး။ စောင်ကို ချက်ချင်းခေါက်မယ့်အစား တန်းနဲ့ ဖြန့်လွှားထားပါ ခါလိုက်ပါ။  တံခါး၊ ပြတင်းပေါက်တွေ ဖွင့်ပါ။ အိပ်ရာပေါ်ကို နေရောင် ဖြာကျနေပါစေ။

ကွန်ပျူတာ ဖန်သားပြင်ကို အထူးစီမံထားတဲ့ ဆေးရည်တွေနဲ့ ခဏခဏ ဖြန်းမယ့်အစား ရှာလကာရည် တစ်ဆ၊ ရေတစ်ဆ ရောပြီး သန့်ရှင်းပေးတာက ပိုးမွှားသေစေပြီး ပိုသန့်စေသတဲ့။



သစ်သားထိုင်ခုံ၊ ဆက်တီတွေကို ရေဝတ်ဆွတ်ပြီး ခဏခဏ သုတ်လွန်းရင် အရောင်လွင့်စေပြီး ထူးပြီးလည်း မသန့်စေပါဘူးတဲ့။ အဲဒီအစား အဝတ်ကြမ်းနဲ့သာ မကြာခဏ ပွတ်တိုက်သန့်စင်ပေးတာ အဆင်ပြေပါတယ်လို့။

ပန်းကန်ဆေးတဲ့ အဖတ်တွေ၊ လက်သုတ်ဝတ်တွေကို အခါအားလျော်စွာ လျှော်တာထက် အသစ်လဲလိုက်တာ ပိုကောင်းပါသတဲ့။ ညစ်နွမ်းနေပြီ၊ ပေမည်းလာပြီဆို မနှေမျောဘဲ အသစ် လဲလိုက်တာက ကျန်းမာရေးနဲ့ အလွန်ညီညွတ်စေမှာပါ။

ဆားရည်နဲ့ စိမ်ပြီး အဝတ်လျှော်တာက ပိုးသေတယ်လို့ ထင်ရပေမယ့် အရောင်ကျွတ်တာအပြင် ထူးပြီး ကောင်းကျိုးမရှိပါဘူး။ ဆပ်ပြာနိုင်နိုင်နဲ့ ရေများများနဲ့ ဖွပ်ပြီး နေပူပူမှာ လှမ်းလိုက်ရင် အိုကေမှာ စိုပြေပြီပေါ့။

အသန့်ကြိုက်လွန်ပြီး အဝတ်လျှော်ရင် ဆပ်ပြာတွေ သိပ်မထည့်ပါနဲ့။ အသင့်အတင့်ဆို ရပါပြီ။ အဝတ် နွမ်းသွားတာသာ အဖတ်တင်မှာပါ။ အဝတ်လျှော်ဆပ်ပြာ အများစုရဲ့ ပြင်းအားက  ပိုးသတ်ပြီး ဖြစ်စေပြီးသားမို့ အများကြီး ထပ်ထည့်လည်း ထူးပြီး အကျိုးမရှိဘူး  အပိုပါပဲလို့။

မှန်တွေကို သတင်းစာစက္ကူနဲ့ ပွတ်တိုက်တာက ကောင်းပေမယ့် စက္ကူက မှင်တွေကြောင့် မှန်တွေ စွန်းပေစေတာကြောင့် စနိုးတာဝါလိုအဝတ်နဲ့ ရေဆွတ်တိုက်တာ ပိုကောင်းပါတယ်လို့။

ရှာလကာရည်နဲ့ သန့်စင်တာက ကောင်းပေမယ့် ရေ အမြဲရောပေးပါလို့။ အသီးအရွက်တွေ ဆေးတဲ့အခါ ရှာလကာရည် နည်းနည်းနဲ့ ရေများများသုံး ဆေးပေးရင် လုံလောက်ပါတယ်။ အနံ့ ပြင်းတယ်လေနော်။

ပန်းကန်ဆေးရင် ပန်းကန်ဆေးဆပ်ပြာက အကောင်းဆုံးပါ။ ဆီကွက်တွေ၊ ပိုးမွှားတွေစင်ဖို့ အထူးစီမံ ဖော်စပ်ထားတာကြောင့် ရိုးရိုးဆပ်ပြာတွေထက် ပန်းကန်ဆေးဆပ်ပြာသုံး ဆေးကြောတာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဆပ်ပြာပြောင်အောင်တော့ ရေများများနဲ့ ဆေးချနော်။

ဘေစင်တွေ၊ ပန်းကန်စင်တွေကို သန့်တဲ့အခါ ဆပ်ပြာနဲ့ ဆေးကြောပွတ်တိုက်ပြီးရင် ခဏလေး ထားလိုက်ပါဦး။ ရေ ချက်ချင်း လောင်းမဆေးပါနဲ့။ ပိုးသေအောင် ခဏစောင့်ပြီးမှ ရေဆေးချပါနော်။ အိမ်သာဆေးရင်လည်း ခဏပိုးသတ်ဆေးလောင်း ဆပ်ပြာထည့်ပြီး ငါးမိနစ်ခန့် စောင့်ပြီးမှ ရေဆေးချမှ ပိုးမွှားတွေကို နိုင်နင်းပြောင််ရှင်းသွားစေမှာပါ။

ကိုကာကိုလာနဲ့ အိမ်သာဆေးမယ်။ လက်တည့် မစမ်းလိုက်ပါနဲ့။ ကိုလာက အချိုရည်လေ။ အချိုဆိုတာ ဘက်တီးရီးယားတွေ အကြိုက်ပေါ့။ အချိုကြိုက်ပိုးတွေ ပိုမပွားစေချင်ဘူး မဟုတ်လား။

လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
 
ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း
 
ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ

ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး

အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက်

Credit By: ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Posted By : Ra Wai (ShweProperty.com)