By The Fifth Wave News, Shweproperty.com
Updated at 8 April 2019
ရန်ကုန်တိုင်း ဒေသကြီးအတွင်း စုပေါင်းပိုင် အဆောက်အအုံ တည်ထောင်သူ လုပ်ငန်းလိုင်စင် ရရှိသူများအတွက် တည်ဆောက်ရေးလုပ်ငန်း မှတ်ပုံတင်ကို ယခုနှစ်အတွင်း ထုတ်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။
” ဒါကိုလျှောက်ဖို့က ပထမအဆင့်က လိုင်စင်ရှိရမယ်။ဒီလိုင်စင်က ၅ နှစ်သက်တမ်းအကျုံး ဝင်တယ်။ သိန်း ၁၀၀ သွင်းရတယ်။ လိုင်စင်ရှိပြီးမှ တည်ထောင်ခွင့် မှတ်ပုံတင်လျှောက်ရတယ်။ ဒီ ၅ နှစ် အတွင်းမှာ တည်ထောင်သူက ၁ လုံးဖြစ်ရင် ဖြစ်မယ်။ ၅ လုံးဖြစ် ရင်ဖြစ်မယ်။ ဥပဒေနဲ့ သတ်မှတ်ထားတဲ့ အချက်နဲ့ တည်ထောင်ခွင့် ကျပြီးမှသာ ကွန်ဒိုလို့ သတ်မှတ်တာပါ။ ဥပဒေမထွက်ခင် ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲစတဲ့ အဆောက်အအုံတွေကလည်း လျှောက်ထားရပါမယ်။ ကိုယ့်ဘာသာ ကွန်ဒိုလို့ နာမည်တပ်ထားတဲ့ဟာတွေ ဒါတွေကို စိစစ်ပြီးမှ ကျွန်တော်တို့က ကွန်ဒိုလို့ သတ်မှတ်ပေးမှာပါ။”ဟု ရန်ကုန်တိုင်း စုပေါင်းပိုင် အဆောက်အအုံစီမံခန့်ခွဲ ရေးကော်မတီ အဖွဲ့ဝင် ဦးမျိုးမြင့်က ပြောသည်။
ယင်းတည်ဆောက်ရေးလုပ်ငန်း မှတ်ပုံတင်ကို ဇွန်လ သို့မဟုတ် ဇူလိုင်လအတွင်း ထုတ်ပေးသွားမည်ဖြစ်ပြီး အဆိုပါစုပေါင်းပိုင် အဆောက်အအုံသည် မြေဧရိယာ အကျယ်အဝန်း sqft ၂၀၀၀၀ ကျော်ရှိရမည့်အပြင် ၆ ထပ်နှင့်အထက်၊ ဓါတ်လှေကား၊ လူအများ စုရုံးနိုင်သောနေရာ၊ ရုံးခန်း ၊ အမှိုက်စွန့်ပစ်မည့်နေရာ အစရှိသည်တို့ ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။
စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒိုမီနီယံ) ဥပဒေတွင် တည်ထောင်သူ တစ်ဦးတစ်ယောက် (မည်သည့်နိုင်ငံသား၊ တိုင်းရင်းသားမဆို)မှ ဥပဒေသတ်မှတ်ချက်နှင့်အညီ တည်ဆောက်ပြီးစီးပါက ကွန်ဒိုတိုက်ခန်း ပြန်လည်ရောင်းချရာတွင် နိုင်ငံခြားသား ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ရရှိပြီး မြန်မာနိုင်ငံသားမှ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပြုထားသည်။
“လုပ်ငန်းလိုင်စင်ရပြီးတဲ့ တည်ထောင်သူတွေ အနေနဲ့ တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့အဆင့်မီ ကွန်ဒိုမီနီယံ အဆောက်အအုံကြီးတွေကို တည်ဆောက် အကောင်အထည် ဖော်ကြဖို့နဲ့ နိုင်ငံရဲ့ အကျိုး၊ ပြည်သူရဲ့ အကျိုးကို ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၏ တင်ပြချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက်နှင့်အညီ စုပေါင်းပိုင် အဆောက်အအုံ၏ ဥပဒေ ပေးအပ် ထားသည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ကြီးကြပ် ပံ့ပိုးကူညီ ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန ္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီများ ဖွဲ့စည်းထားသည်ဟုဆိုသည်။
လက်ရှိတွင် ပြည်တွင်းကုမ္ပဏီ ၃၀ ခုနှင့် နိုင်ငံခြား ကုမ္ပဏီ ၂ ခုတို့ကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီက တည်ထောင်သူ လုပ်ငန်းလိုင်စင် ချပေးခဲ့ကြောင်းသိရသည်။
ထို့ပြင် အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ၏ ပိုင်ဆိုင်မှုအထောက်အထား မှတ်ပုံတင်ခြင်း လုပ်ငန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းထားသော စီမံခန့်ခွဲရေးကော်မတီများက ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ယင်း စုပေါင်းပိုင် အဆောက်အအုံဥပဒေကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက အကြိမ်ကြိမ်ပြင်ဆင်၍ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ဥပဒေပြဌာန်းပြီး နည်းဥပဒေအသက်ဝင်စေရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်တိုင်းဒေသကြီး စုပေါင်းပိုင်အဆောက်အအုံ စီမံခန့်ခွဲရေး ကော်မတီကို ဖွဲ့စည်း၍ တည်ထောင်ခွင့်လိုင်စင်ကို ချပေးခဲ့ခြင်း ဖြစ်သည်။
Ref : The Fifth Wave News
Photo Credit : WSJ
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties