By Eleven Media Group, Shweproperty.com
Updated at 24 August 2015
ရန်ကုန်မြို့ရှိ အိမ်မဝယ်နိုင်သူများအတွက် ရည်ရွယ်သည့် အငှားအိမ်ရာ စီမံကိန်းအား ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် မကြာမီ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ အိမ်ရာကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မြေ ၁၂ ဧကကျော်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ယင်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် လက်ရှိဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ကျပ် ဘီလျံ ၂၀ ထောက်ပံ့ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်မည်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံး အကောင်အထည်ဖော်မည့် အငှားအိမ်ရာ စီမံကိန်းဖြစ်ကြောင်း၊ အခန်းပေါင်း ၂၀၀၀ ကျော် ပါဝင်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
ယင်းအိမ်ရာစီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီများကို ဆောက်လုပ်ခွင့်ပေးရန် တင်ဒါစတင်ခေါ်ယူခဲ့ပြီး တင်ဒါပိတ်ကာ လက်ရှိတွင် တင်ဒါများကို စိစစ်နေကြောင်း၊ မကြာမီ ရွေးချယ်ထုတ်ပြန်၍ ဆောက်လုပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
“အဓိက အိမ်မဝယ်နိုင်တဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။ အကောင်အထည်ဖော်ဖို့ တင်ဒါခေါ်ပြီးလို့ စိစစ်နေပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အိမ်ရာငှားရမ်းမည့် စည်းမျဉ်းစည်းကမ်းများနှင့် မည်သည့်နှုန်းထားဖြင့် ငှားရမ်းပေးမည် ဆိုသည်ကိုမူ ညှိနှိုင်းနေကြောင်း၊ သို့သော် ငှားရမ်းနေထိုင်သူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် တစ်လတစ်ကြိမ် အိမ်ငှားခပေးသွင်းသည့် စနစ်ဖြင့် ငှားရမ်းနေထိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းအိမ်ရာကို ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အပြီးအကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။
ယင်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကလည်း ရွှေပြည်သာမြို့နယ်တွင် အငှားအိမ်ရာ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်နေရာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ အခြေအနေ အမျိုးမျိုးကြောင့် နယ်မှပြောင်းရွှေ့ အခြေချနေထိုင်သူဦးရေ မြင့်တက်လာပြီး အိမ်ရာဈေးနှုန်းများ မြင့်တက်မှုကြောင့် အိမ်ရာပိုင်ဆိုင်ရန် များစွာ အလှမ်းဝေးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်ငွေနည်း အခြေခံပြည်သူများအတွက် ရည်ရွယ်၍ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများ အကောင်အထည်ဖော်ခဲ့သော်လည်း တန်ဖိုးနည်းမှာ ဈေးနှုန်းအနေဖြင့် ကျပ်သိန်း ၁၁၀ ကျော်၊ တန်ဖိုးမျှတများမှာ ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော် စသည်ဖြင့် ရောင်းချခဲ့ခြင်းကြောင့် အခြေခံပြည်သူများ ဝယ်ယူနိုင်သည့် အနေအထား မရှိခဲ့ကြောင်း၊ ထိုသို့ မဝယ်နိုင်သည့် ပြည်သူများအတွက် အငှားအိမ်ရာများ အကောင်အထည် ဖော်နိုင်မှသာ အဆင်ပြေမည်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties