By The Trade Times, Shweproperty.com
Updated at 8 October 2015
အဆောက်အအုံသစ် တိုးချဲ့ ဆောက်လုပ်တဲ့ ပမာဏက နှစ်စဉ် များပြားနေသလို အိမ်ဆောက်ပစ္စည်း ရောင်းချတဲ့ ဈေးကွက်ကိုလည်း ရင်းနှီးမြှုပ်နှံတဲ့သူ များလာတယ်လို့ ၁၉၉၅ ခုနှစ်မှ စတင်ပြီး အိမ်ဆောက် ပစ္စည်း ဈေးကွက်ထဲမှာ ခြေချခဲ့တဲ့ ဦးဘလှက ပြောပါတယ်။
သူကတော့ ‘ကြံတိုင်းအောင်’ အမည်နဲ့ အုတ်၊ သဲ၊ ကျောက်၊ သွပ်၊ ထုံး၊ ဘိလပ်မြေ၊ သံချောင်းအထွေ ထွေ အိမ်ဆောက်ပစ္စည်းရောင်းဝယ် ရေးကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေ သူပါပဲ။
”ဆိုင်စဖွင့်တော့ ဘိလပ်မြေ တစ်အိတ်က ၆၅ ကျပ်၊ သွပ်က တစ်ပေကို သုံးကျပ်ခွဲပဲ ပေးရတယ်။ ပြောရရင် တစ်ဆိုင်လုံး အရင်းအနှီး က ကျပ် ၅ဝ,ဝဝဝ လောက်တော့ ရှိတယ်”လို့ ၁၉၉၅ ခုနှစ်က စတင် ရင်းနှီးခဲ့ရတဲ့ လုပ်ငန်းတစ်ခုရဲ့ သမိုင်း ကို ပြောပါတယ်။
စတင်ခြေချတဲ့ ကာလတွေမှာ အခက်အခဲတွေ ရှိခဲ့ပေမယ့် လစဉ် ဝင်ငွေ ကောင်းမွန်တဲ့ လုပ်ငန်းမို့လို့ ဒီနေ့အထိ လည်ပတ်နေတာပါလို့ သမိုင်းကြောင်း ရှည်လျားခဲ့တဲ့ ဆိုင် တစ်ဆိုင်ရဲ့ အသက်သွေးကြောကို ပြောပါတယ်။
”၁၉၉၅ ဝန်းကျင်က ဘိလပ် မြေတို့၊ သွပ်တို့ ရောင်းတယ်ဆိုတာ ဈေးကွက် သိပ်မရှိဘူး။ ဒါတွေက အိမ်ဆောက်တဲ့ နေရာမှာ အဓိက ထား သုံးရတဲ့ ပစ္စည်းတွေဆိုတော့ သစ်တွေ၊ ဝါးတွေနဲ့ ဆောက်တဲ့ ကာလတွေမှာ အရောင်းအဝယ်က သိပ်မကောင်းဘူး။ အခုခေတ်က ဘိလပ်မြေအိတ် ၁ဝဝ လောက်ကို နှစ်ရက်လောက်နဲ့ ဖြုန်းနိုင်တယ်။ အရင်ကဆို အိတ်နဲ့ မရောင်းရဘူး။ ပိဿာချိန်နဲ့ ရောင်းရတာ။ အများဆုံး ဝယ်တဲ့သူက ရှစ်ပိဿာလောက်ပဲ ဝယ်တာ”လို့ ခေတ်ရဲ့ လိုအပ်ချက် အရ ပြောင်းလဲလာတဲ့ ဈေးကွက် သဘောတရားကို ခြုံငုံ သုံးသပ်ပါ တော့တယ်။
၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှ စတင်ကာ ဈေးကွက်တွင်း အိမ် ဆောက်ပစ္စည်းများအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေး လုပ်ငန်း များက သိသိသာသာ ကောင်းမွန် လာပြီး ရင်းနှီးမြှုပ်နှံရတဲ့ ပမာဏက လည်း မြင့်တက်လာတယ်လို့ သူ့ရဲ့ အတွေ့အကြုံအရ သိရပါတယ်။
”စရောင်းတော့ ၆၅ ကျပ်၊ ၇ဝ လောက်ပဲ ရှိတယ်။ နောက် ၁ဝဝ လောက် ဖြစ်လာတော့ မရောင်းရတာ မျိုးကို ကြုံဖူးတယ်။ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှာ ဘိလပ်မြေတစ်အိတ် ကို ကျပ် ၂၅ဝ၊ ၃ဝဝ လောက် ဖြစ်လာတယ်။ ၂ဝဝ၂ ခုနှစ်မှာဆို ကျပ် ၅ဝဝ လောက် ဖြစ်လာတယ်။ ၂ဝဝ၃ ခုနှစ်မှာဆို ကျပ် ၈ဝဝ၊ ၁,ဝဝဝ လောက် ဖြစ်လာတယ်။ အခုကတော့ အနည်းဆုံး ကျပ် ၅,၅ဝဝ လောက် ပေးရတယ်”လို့ ဈေးနှုန်းပမာဏ အပြောင်းအလဲကို ပြောပါတယ်။
ရင်းနှီးမြှုပ်နှံရတဲ့ ငွေပမာဏ မြင့်တက်လာတဲ့နည်းတူ အရောင်း အဝယ် အခြေအနေကလည်း ယခင် ကာလတွေထက် သိသိသာသာ မြင့်တက်လာတယ်လို့ သူက အရင်း များသလို အမြတ်အစွန်း များတဲ့ လုပ်ငန်းခွင်တစ်ခု ပြောပါတယ်။
”၁၉၉၅ ခုနှစ်တုန်းကတောင် ဒီ ပစ္စည်းတွေ ရောင်းတာက တစ်လကို ၁,ဝဝဝ လောက် ကျန်တယ်။ အခု အနေအထားကို ပြောမယ်ဆိုရင် အရောင်းအဝယ်မကောင်းတဲ့ မိုးတွင်း လို ကာလတွေမှာတောင် အနည်းဆုံး တစ်လကို ကျပ် ၆ဝဝ,ဝဝဝ လောက် တော့ကျန်တယ်။ ပွင့်လင်းတဲ့ကာလ တွေတော့ အမြတ်ငွေက သိသိသာ သာ ကျန်တာပေါ့”လို့ အမြတ်ငွေ ပမာဏ တွက်ချင်သူတွေအတွက် ခန့်မှန်းပမာဏတစ်ခုကို ပြောပြပါ တယ်။
အမြတ်ငွေ ပမာဏအားဖြင့် ရပ်တည်ဖို့ လွယ်ကူသလို အရင်းအနှီး စိုက်ထုတ်ဖို့လည်း သိပ်မလိုတဲ့ လုပ်ငန်းခွင် တစ်ခုဖြစ်လို့ အခုအချိန် မှာတော့ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး (အင်ဂျင်နီယာ) အဆောက်အအုံ ဌာနရဲ့ စာရင်းများအရ ၂ဝ၁၄ ခုနှစ် တွင်း အဆောက်အအုံသစ် ဆောက် ဖို့ ခွင့်ပြုမိန့်တင်တဲ့ အရေအတွက် က ၄,ဝဝဝ ကျော် ရှိခဲ့ပြီး ယခုနှစ် မှာတော့ ၆,ဝဝဝ ကျော် ရှိနေတယ် လို့ သိရပါတယ်။
လတ်တလော အနေအထားအရ ဆိုင်မှာ ဆောက်လုပ်ရေးပစ္စည်းတွေ ကို အမျိုးအစားစုံလင်စွာ ရောင်းချ နေသော်လည်း လုပ်ငန်းလည်ပတ် ငွေ ပမာဏက ကျပ်ငွေ ၁၅ သိန်းသာ ရှိတယ်လို့ သူက ပြောပါတယ်။
”ပြောရရင် ဆိုင်က သိန်း ၅ဝ ကျော်လောက်တော့ တန်ဖိုးရှိပါ တယ်။ ဒါပေမယ့် အုတ်ဆိုလည်း အားလုံးကုန်မှ ပစ္စည်းရော၊ ပိုက်ဆံ ပါ ရှင်းရတယ်။ ဘိလပ်မြေကုမ္ပဏီ တွေကလည်း အခုဆို ပစ္စည်းကြိုချ ပေးတယ်။ တစ်လလောက် အချိန် ပေးတယ်။ ပြီးမှ ပစ္စည်းနဲ့ ငွေလာ ရှင်းတယ်။ နှစ်ကာလပေါ် မူတည်ပြီး ကုမ္ပဏီတွေက ချပေးတယ်။ နောက် ကြောင်းတော့ လိုက်တာပေါ့။ အခုက ၁၅ သိန်းလောက်ပဲ ငွေလည်ဖို့ စိုက် ထုတ်ထားရတယ်။ နေ့စဉ်လည်ပတ် ဖို့၊ ပစ္စည်းလာချရင် ကားခလေး ရှင်းပေးဖို့ အဲဒီလောက်ပဲလိုပါတယ်” လို့ နှစ်ကာလကြာရှည်စွာ ရင်းနှီး မြှုပ်နှံထားလို့ လည်ပတ်ငွေ အနည်း ငယ်နဲ့ အလုပ်လုပ်နိုင်မှုကို ပြောပြပါ တယ်။
လုပ်ငန်းခွင် ဧရိယာ ပမာဏက ကျယ်ဝန်းတဲ့ အနေအထား ရှိနေ သော်လည်း ဝန်ထမ်းအင်အားက များပြားစွာ မရှိသည်က တခြားသော လုပ်ငန်းခွင်များနဲ့ ကွဲပြားချက်တစ်ခု လို့ လုပ်ငန်ခွင်ရဲ့ အားသာချက်ကို သူက ပြောပါတယ်။
”ဒီလုပ်ငန်းခွင်ရဲ့ အားသာချက် က အကျယ်အဝန်း နေရာများများ ယူနိုင်ရင် ရပါတယ်။ တခြားကုန်ကျ စရိတ်ကတော့ ပြောရရင် အရမ်း နည်း တယ်။ အလုပ်သမားလည်း အများ ကြီး ငှားဖို့မလိုဘူး။ ကုမ္ပဏီတွေက ပစ္စည်းလာချရင် သူတို့လူနဲ့ သူတို့ ချတာ။ ကိုယ့်အလုပ်သမားက ပစ္စည်း ဝယ်တဲ့သူတွေကို သယ်ပေးဖို့လောက် ပဲ လိုတာဆိုတော့ သိပ်ငှားစရာ မလို ဘူး။ ဒီဆိုင်အနေနဲ့ဆို သုံးယောက် လောက်ပဲရှိတယ်”လို့ လည်ပတ်နေ တဲ့ လုပ်ငန်းခွင်ရဲ့ လူအင်အားကို ပြောပါတယ်။
ခေတ်ကာလ အနေအထားအရ လူတိုင်း မျက်စိကျနိုင်တဲ့ အခြေအနေ ဖြစ်နေလို့ ဈေးကွက်မှာ ဖောက်သည် ရဖို့ကလည်း အရေးကြီးသလို ဆောက်လုပ်ရေး အလုပ်သမားတွေ နဲ့ ယုံကြည်မှုတွေ၊ ရင်းနှီးမှုတွေ တည် ဆောက်ထားဖို့ လိုတယ်လို့ သိရပါ တယ်။
”ကိုယ်က ကန်ထရိုက်တွေနဲ့ ချိတ်ဆက် လုပ်ဆောင်တတ်ဖို့လည်း လိုတယ်။ ဒါပေမယ့် ယုံကြည်မှုတော့ လိုတယ်။ တချို့က လိမ်ညာတာတွေ လည်း ရှိတယ်။ သူတို့လုပ်ငန်းမှာ အရှုံးပေါ်သွားရင်တော့ ပြေးတာပဲ။ ကိုယ်က ကန်ထရိုက်နဲ့ သေချာ ချိတ် ဆက်လုပ်တတ်မှ ဖြစ်မယ်။ ဆိုလို တာက လူယုံတော့ ထားရတာပေါ့။ လူနေအိမ် ဆောက်မယ်ဆိုရင် လက် သမားက ကျွန်တော်တို့ ဆိုင်နဲ့ ချိတ်ပေးတယ်။ အိမ်ဆောက်မယ့် သူက အကုန်လုံး မတတ်နိုင်သေးလို့ ငွေနည်းနည်းလောက် ချန်ပေးပါဆို လည်း ချန်ပြီး ရောင်းရတာတော့ ရှိတယ်။ ကိုယ်က ဈေးကွက်ထဲမှာ ဖောက်သည်လိုချင်ရင် စွန့်စားတာ နည်းနည်းတော့ လုပ်ရမှာပေါ့” လို့ လုပ်ငန်းခွင် ရေရှည်ရပ်တည်နိုင်မယ့် လုပ်ငန်းစဉ်တချို့ကို သူက ပြောပါ တယ်။
အုတ်၊ သဲ၊ ကျောက်၊ သွပ်၊ ထုံး၊ ဘိလပ်မြေ၊ သံချောင်းပစ္စည်းအရောင်း ဆိုင် ဖွင့်လှစ်ချင်သူတွေအနေနဲ့ ဆိုင် နေရာ ရွေးချယ်ရင်လည်း ဂရုစိုက်ဖို့ လိုတယ်လို့ နေရာတစ်ခုရဲ့ အရေးပါ ပုံကို သူက ပြောပါတယ်။
”ဆိုင်ရဲ့ သဘောကိုက ရောင်း မယ့်ပစ္စည်းတွေက အပြင်ဘက်မှာ ထားရတာဆိုတော့ နေရာကို သေ သေချာချာ ရွေးတတ်ဖို့ လိုတယ်။ ကိုယ့်ပစ္စည်းတွေ အပြင်မှာ ထားရင် လည်း စိတ်ချရတဲ့ နေရာမျိုး၊ အရောင်း အဝယ်ကောင်းအောင်လည်း လူစည် ကားတဲ့ နေရာမျိုးကို ရွေးမှ ရမယ်။ ပြောရရင် အရောင်းအဝယ် ဖြစ်မယ့် နေရာရော၊ လုံခြုံရေးကောင်းတဲ့ နေရာမျိုးပါ ရွေးရတာပေါ့” လို့ ဆိုင် နေရာ ရွေးချယ်တတ်ဖို့ အကြံပြုချက် တချို့ကို ပြောပါတယ်။
Ref : The Trade Times
Photo Credit : MCAA
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties