By Myanmar Times, Shweproperty.com
Updated at 6 August 2015
၂၀၁၃ခုနှစ်နှောင်းပိုင်းမှစတင်၍အာမခံကုမ္ပဏီများပေါ်ပေါက်လာပြီးအာမခံလုပ်ငန်းများ တွင်ကျယ်လာသော်လည်း ဆောက်လုပ် ရေးလုပ်ငန်းများကိုအာမခံထားနှုန်းမရှိသလောက် ဖြစ်နေကြောင်း တော်ဝင်စင်တာနှင့် တော်ဝင်မိသားစုကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းများတွင် မီးအာမခံကိုသာ အထားများကြပြီး အခြား ဆောက်လုပ်ရေး ဆိုင်ရာကဏ္ဍများကို အာမခံထားခြင်းမရှိခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရုတ်တရက် အရှုံးပေါ်ချိန်တွင် ပိုမိုအခက်တွေ့ရကြောင်း ၎င်းကပြောသည်။
"ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက အခုအချိန်မှာ မီးအာမခံလောက်ပဲ ထားကြတယ်။ တခြားဆောက်လုပ်ရေးဆိုင်ရာ ကဏ္ဍတွေမှာ အာမခံမထားကြဘူး။ အခုလို ဆောက်လုပ် ရေးလုပ်ငန်းတွေအကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်ပျက်လုဖြစ်ပြီး ခေတ္တရပ်ဆိုင်းထားရချိန်မှာ အကြောင်းတစ်ခုခုကြောင့်သာ ဒီကုမ္ပဏီတွေ ဆောက်လုပ်ရေးလုပ်ငန်းအတွက် အာမခံထားခဲ့ရင် အခုလိုအရှုံးပေါ်တာတွေ၊ ရှောင်ပြေးရတာတွေ ဖြစ်မလာနိုင်ဘူး"ဟု ဦးကိုကိုထွေးက ပြောသည်။
အာရှဆောက်လုပ်ရေးလုပ်ငန်းက အထွေ ထွေမန်နေဂျာ ဦးရန်အောင်ကလည်း "ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အာမခံထားတယ်ဆိုတာ မရှိသလောက်ရှားတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာ အဆောက်အအုံတစ်ခု ချင်းကို အာမခံထားရမှန်းတောင် ဆောက် လုပ်ရေးလုပ်ငန်းရှင် အများစုက မသိကြဘူး။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ဆိုင်တဲ့ အာမခံတွေကိုထားတာမျိုး မရှိဘူး"ဟုပြောသည်။
အာမခံကုမ္ပဏီများကလည်း အာမခံ လုပ်ငန်းနှင့် ပတ်သက်၍ ပညာပေးမှုအလွန် အားနည်း နေသောကြောင့် လုပ်ငန်းရှင်များ၊ ဝန်ထမ်းများကြားတွင် အာမခံထားခြင်းများ အလွန်အားနည်း ရခြင်းဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။ "ဆောက်လုပ်ရေးလုပ်ငန်းတွေက အာမခံ မထားကြသေးတာ အာမခံထားရမှန်းမသိကြ သေးလို့ပါ။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ယောက် တတ်နိုင်လောက်တဲ့ ငွေကြေးအနည်းငယ်နဲ့ လွယ်လွယ်ကူကူအာမခံထားနိုင်ပြီး တကယ်တမ်း အခက်အခဲဖြစ်ချိန်မှာ လျော်ကြေးရနိုင်တယ်ဆိုရင် လုပ်ငန်းရှင်တွေအားလုံး အာမခံထားလာကြမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
အာမခံကုမ္ပဏီများက လုပ်ငန်းရှင်များ ထံသို့သွားရောက်ကာ အာမခံထားခြင်းများ ပြုလုပ်ရန် ပညာပေးမှု ပြုလုပ်ခြင်းများ အလွန် နည်းနေသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။ "ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်း ကို အာမခံကုမ္ပဏီနှစ်ခုလောက်လာပြီး ဝန်ထမ်းတွေကို အာမခံထားဖို့ ပညာပေးဖူး တယ်။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက် တဲ့ အာမခံမျိုးကိုတော့ အခုချိန်ထိ လာမပြော ဖူးသေးပေမယ့် ဝန်ထမ်းတွေကို အစုလိုက် အာ မခံထားဖို့တော့ လာပြောဖူးတယ်။ ဆောက် လုပ်ရေး ဝန်ထမ်းတွေကို အာမခံထားပေးတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ အရမ်းနည်းနေပါသေးတယ်"ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ကာယအားဖြင့် အလုပ်လုပ်ရသောကြောင့် အခြားဝန်ထမ်းများထက် ထိခိုက်မှု ဖြစ်နိုင်ခြေပိုမိုသော ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ ဝန်ထမ်းများအတွက်လည်း ထိခိုက်နစ်နာမှုနှင့် အသက် အာမခံထားခြင်း များလည်း နည်းနေသေးကြောင်း အာမခံ ကုမ္ပဏီများက ပြောသည်။ "ဝန်ထမ်းတွေအားလုံးအတွက် အာမခံထားနိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းဝန်ထမ်းတွေ အတွက်လည်း အာမခံထားဖို့ သင့်တော်ပါတယ်။ အာမခံကြေးကလည်း မများပါဘူး။ ကျပ်တစ်ထောင်ကနေ ကျပ်ငါးသောင်းထိ ပရီမီယံကြေးနဲ့ အာမခံထား နိုင်ပြီး တစ်ခုခုဖြစ်ခဲ့ရင် ကျပ်တစ်သိန်းကနေ သိန်းငါးဆယ်ထိ လျော်ကြေးပြန်လည်ရရှိမှာဖြစ်ပါတယ်"ဟု စီဘီအာမခံ လုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသောင်းဟန်က ပြောသည်။
မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်း မန်နေဂျာ ဦးအောင်မင်းက "အာမခံထားတာတွေက ရန်ကုန်မှာ ၂၀၁၃ နှစ်ကုန်ပိုင်းလောက် ကစတင်ပြီး လူနည်းနည်းစသိလာပေမယ့် ခုထိ တွင်ကျယ်တယ်လို့ မပြောနိုင်သေးဘူး။ ဘယ်လို ဆောက်လုပ်ရေးလုပ်ငန်းတွေ အာမခံထားနိုင်ပြီး အာမခံထားဖို့ ဘာတွေလိုအပ်တယ်ဆိုတာကို ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အခုထိ မသိကြသေးဘူး။ အာမခံကုမ္ပဏီတွေက ပညာပေးလုပ်ငန်းတွေကို အခုထက်ပိုလုပ်ဖို့ လိုအပ်နေပါသေးတယ်" ဟုပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties