By Myanmar Times, Shweproperty.com
Updated at 25 November 2015
အပြီးသတ်ရန် အရေးကြီးဥပဒေကြမ်းတစ်ခု အဖြစ် သတ်မှတ်ထားသည့် ကွန်ဒိုမီနီယံဥပဒေကြမ်း (စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေကြမ်း) နှင့် ပတ်သက်သည့် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက တတိယ အကြိမ်မြောက်အဖြစ် ပြီးခဲ့သည့်သီတင်း ပတ်တွင် တင်သွင်းခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲ တင်သွင်းထားသော အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ် ရပ်အကြား စုစုပေါင်း သဘော ထားကွဲလွဲချက် ၆၂ ချက်ရှိသည်အထိ ညှိနှိုင်း မရနိုင်သောကြောင့် လွှတ်တော်အစည်း အဝေးများတွင် ဆွေးနွေးခဲ့သည်မှာ ကြာမြင့်ခဲ့ ပြီဖြစ်သော်လည်း အချိန်သုံးနှစ်ကြာသည်အထိ အပြီးသတ်အတည်ပြုနိုင် ခြင်းမရှိသေးပေ။ အဆိုပါ ကွန်ဒိုမီနီယံ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ပြီးခဲ့သည့်မေလတွင် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံတင်ပြခဲ့ရာ သက်ဆိုင် ရာဌာနအဖွဲ့အစည်းများနှင့် ထပ်မံညှိနှိုင်းရန် ပြည်ထောင်စု လွှတ်တော်နာယက က လမ်းညွှန် ခဲ့သောကြောင့် မေလနှောင်းပိုင်းတွင် ဒုတိယအကြိမ် အစီရင်ခံစာ တင်သွင်းခဲ့ပြီး လည်း ဖြစ်သည်။
သက်ဆိုင်ရာအဖွဲ့စည်းများနှင့် ထပ်မံညှိနှိုင်းရန် လိုအပ်နေသော အဆိုပါ ဥပဒေကြမ်းကို ယခုလတွင် တတိယအကြိမ်မြောက် တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်အကြား ဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲချက် ၆၂ ချက် အပေါ်ထပ်မံစိစစ်ခဲ့ပြီး၊ ဖြည့်စွက်အကြံပြု ချက်လေးချက်ကိုလည်း ထည့်သွင်းဆွေးနွေး ခဲ့သည်ဟု ဥပဒေကြမ်းပူးပေါင်းကော် မတီမှ ဦးစောလှထွန်းက ပြောသည်။ သဘောထားကွဲလွဲချက်များတွင် စုပေါင်း ပိုင်သူဆိုသည့် အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အမွေဆက်ခံသူ သတ်မှတ်ချက်လည်း အပါ အဝင်ဖြစ်သည်။ ပြည်သူ့လွှတ်တော်က စုပေါင်း ပိုင်သူဆိုသည်မှာ စုပေါင်းပိုင် အဆောက် အအုံရှိ အိမ်ခန်းကို ယင်းဥပဒေအရ တရားဝင်ပိုင်ဆိုင်ကြောင်း အိမ်ခန်း မှတ်ပုံတင် လက်မှတ် ရရှိထားသူကို ဆိုလိုပြီး၊ ယင်းစကားရပ် တွင် စုပေါင်းပိုင် အဆောက်အအုံပိုင်ဆိုင်သူ၏ အမွေဆက်ခံသူ၊ သို့မဟုတ် တရားဝင် လွှဲပြောင်းပေး သူလည်း ပါဝင်သည်။
အဆိုပါဥပဒေသတ်မှတ်တွင် အမျိုးသားလွှတ်တော်က စုပေါင်းပိုင်ဆိုင်သူဆိုသည်မှာ စုပေါင်းအကျိုးခံစားခွင့်ရှိသည့် အဆောက် အအုံရှိ အိမ်ခန်းကို ပိုင်ဆိုင်သည့် အိမ်ခန်း မှတ်ပုံတင်လက်မှတ် ရရှိသူကိုဆိုလိုကြောင်းဖော်ပြထားပြီး၊ ယင်းစကားရပ်တွင် စုပေါင်းပိုင်သူ၏ အမွေဆက်ခံသူသာ ပါဝင်သည်ဟု ဆိုထားသည်။ အထက်ပါကွဲ လွဲချက်အပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီက 'စုပေါင်းပိုင်သူဆိုသည်မှာ အိမ်ခန်း၊ သို့မဟုတ် အိမ်ခန်းများကို ယင်းဥပဒေအရ တရားဝင်ပိုင်ဆိုင်ကြောင်း အိမ်ခန်းမှတ်ပုံတင်လက်မှတ်ရရှိထားသူကိုဆိုပြီး၊ ယင်းစကားရပ်တွင် စုပေါင်း ပိုင်သူ၏ အမွေဆက်ခံသူ၊ သို့မဟုတ် တရားဝင်လွှဲပြောင်း ရရှိသူလည်းပါဝင်သည်'ဟု ပြင်ဆင်ပြဋ္ဌာန်းသင့်ကြောင်း အကြံပြုထားသည်။
ထို့ပြင်အိမ်ခန်းနှင့် ပတ်သက်ပြီးလည်းသဘောထားကွဲနေရာ ပြည်သူ့လွှတ်တော်က နေထိုင်ရန်၊ သို့မဟုတ် လုပ်ငန်းသုံးရန်အတွက် ဟု ဖော်ပြထားပြီး အမျိုးသား လွှတ်တော်ကမူ နေထိုင်ရန် သို့မဟုတ် အမှုဆောင် (ဖွဲ့စည်းရန် ပြဋ္ဌာန်းချက်ပါရှိ) အဖွဲ့ခွင့်ပြုချက်ဖြင့် အခြား နည်းသုံးစွဲရန်အတွက်ဟု ဖော်ပြထားသည်။ ဥပဒေကြမ်း ပူးပေါင်းကော်မတီကမူ အဆိုပါ သဘောထားကွဲလွဲချက်တွင် အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြဋ္ဌာန်းသင့်ကြောင်း တင်ပြခဲ့သည်။
ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်ပြီး သဘောထားကွဲလွဲချက်တွင်မူ လက်ရှိပိုင်ဆိုင်သူက စုပေါင်း ပိုင်မြေအဖြစ် ပိုင်ဆိုင်ခွင့်လွှဲပြောင်းပေးပြီး ဖြစ်ရမည်ဟု ပြည်သူ့လွှတ်တော် ၏ အတည်ပြုချက်အတိုင်း ပြဋ္ဌာန်းရန် ကော်မတီက မှတ်ချက်ပေးထားသည်။မြေဧရိယာ သတ် မှတ်ချက်တွင်လည်း ပြည်သူ့လွှတ်တော်က တစ်ဧကနှင့်အထက် ရှိရမည်ဟု အတည်ပြုထားကာ အမျိုးသားလွှတ်တော်ကမူ အနည်း ဆုံး စတုရန်းပေ ၁၀,၀၀၀ ရှိရမည်ဟု အတည် ပြုထားသည်။ နောက်ထပ် အဓိကကွဲလွဲချက်များအဖြစ် နိုင်ငံခြားသားများကို ရောင်းချခွင့်လည်း ပါဝင်နေသည်။ အမျိုသားလွှတ်တော်က စုပေါင်းပိုင် အဆောက်အအုံတည်ရှိရာ တိုင်း ဒေသကြီး၊ သို့မဟုတ် ပြည်နယ်၏ အခြေအနေ အရ နိုင်ငံခြားသားကို ရောင်းချနိုင်ခွင့် ရှိသည့် အိမ်ခန်းအရေအတွက်ကို ပြင်ဆင် ပြောင်းလဲနိုင်ကြောင်း အတည်ပြုထား သော်လည်း ပြည်သူ့လွှတ်တော်က ယင်းအပိုဒ် ကို ပယ်ဖျက်ထားသည်။ ပူးပေါင်းကော်မတီ ကလည်း ပြည်သူ့လွှတ်တော်၏ အတည်ပြု ချက်အတိုင်း ပယ်ဖျက်သင့်ကြောင်းမှတ်ချက်ပေးထားသည်။
ထို့ပြင် စုပေါင်းပိုင်အဆောက်အအုံ ခြောက်ထပ်နှင့်အထက်ရှိ အိမ်ခန်းများ၏ ၅၀ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားကို ရောင်းချခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီး အမျိုးသားလွှတ်တော်ကမူ ပဉ္စမထပ်နှင့် အထက်ရှိ အိမ်ခန်းများ၏ ၄၀ ရာခိုင်နှုန်းထက် မပိုသော အိမ်ခန်းများကိုသာ နိုင်ငံခြား သားကို ရောင်းချခွင့်ရှိကြောင်း အတည်ပြုထား သည်။ အထက်ပါကွဲလွဲချက်အပေါ် 'ဥပဒေ နှင့်အညီ ရောင်းချနိုင်ခွင့်ရှိသည်'ဟု ပူးပေါင်းကော်မတီက မှတ်ချက်ပေး ထားသော်လည်း မည်သည့်ဥပဒေကို ရည်ညွှန်းကြောင်း ဖော်ပြမထားပေ။ စုပေါင်းပိုင် အဆောက်အအုံ ဆောက် လုပ်မပြီးမီ အိမ်ခန်းများကို ကြိုတင်ရောင်းချ နိုင်သည်ဟု အမျိုးသားလွှတ်တော်က အတည် ပြုထားသော်လည်း ပြည်သူ့လွှတ်တော် ကမူ ပယ်ဖျက်ထားရာ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အမျိုးသားလွှတ်တော်၏ အကြံ ပြုချက်အတိုင်း ပြဋ္ဌာန်းရန် မှတ်ချက်ပေး ထားသည်။ ကွန်ဒိုမီနီယံဥပဒေခေါ် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင် ပါက နိုင်ငံခြားသားများသည် လည်း တရားဝင် ဝယ်ယူပိုင်ဆိုင်နိုင်တော့မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောက အတွက် အကျိုးဖြစ်ထွန်းလာနိုင်သည်ဟု တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက ပြောကြားသည်။
"အခုဟာက နိုင်ငံခြားသားတွေ တရားဝင်ဝယ်လို့မရသေးဘူး။ ဒီဥပဒေပြဋ္ဌာန်းပြီးရင် တော့ ဝယ်လို့ရပြီပေါ့"ဟု ၎င်းကပြောသည်။ သို့သော်လည်း ဥပဒေကြမ်းကို အတည်ပြုရာ တွင် နိုင်ငံခြားသား၏အဓိပ္ပာယ်ဖွင့်ဆိုချက် ကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အစား ယခင်အတိုင်းပင် အတည်ပြုခြေရှိသည်ဟု လည်း သိရသည်။ အဆိုပါကွန်ဒိုဥပဒေကြမ်းနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၃ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ထပ်မံဆွေးနွေး ခဲ့ကြသော်လည်း အပြီးသတ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties