By မြတ်ငြိမ်းအေး, Shweproperty.com
Updated at 21 February 2014
လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစတင် ဈေးမြင့်တက်လာ သည့် ကွန်ဒိုတိုက်ခန်း အရောင်းနှင့် အငှားဈေး များမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး အထူး သဖြင့် အငှားဈေးကွက် ပိုကောင်းလာကြောင်း အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။
ရန်ကုန်မြို့လယ် ခြောက်မြို့နယ်နှင့် အခြားမြို့နယ်များအတွင်း အချက်အချာကျသောလမ်းမကြီး များပေါ်ရှိ ဝန်ဆောင်မှု မြင့်မား သော ကွန်ဒိုများ၏ ငှားရမ်းခနှုန်းများမှာ အဆမတန်မြင့်မားလျက် ရှိကြောင်း ၎င်းတို့က ပြောသည်။
ထိုကဲ့သို့ ဈေးကွက်ကျယ်ပြန့်လာရခြင်းမှာ နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှုများခြင်းကြောင့် ယခုနောက်ပိုင်းတွင် ရန်ကုန် မြို့၏ အချက်အချာကျသောနေရာများ၌ ဝန်ဆောင်မှု ကောင်းသည့် အခန်းကျယ် ကွန်ဒိုမီနီယံ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်လာခြင်းကြောင့် ဖြစ်ကြောင်း လည်း လုပ်ငန်းရှင်များက ပြောသည်။ သို့သော် ရန်ကုန်မြို့၏ လက်ရှိ ကွန်ဒို ဈေးကွက်တွင် ငှား ရမ်းနေထိုင်လိုသူ ပိုများပြီး အငှားနှုန်းမြင့်တက်လာခြင်းကြောင့် အငှားဈေး မှာ သိသာစွာမြင့်တက် လာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်မို့မို့အောင်က မြန်မာ တိုင်း(မ်)ကို ပြောသည်။
"ရန်ကုန်မြို့က ကွန်ဒိုအငှားဈေးတွေ မြင့် လာတယ်။ အခန်းအကျယ်နဲ့ ဝန်ဆောင်မှုပေါ် မူတည်တဲ့ အတွက် ဝန်ဆောင်မှုကောင်းပြီး အခန်းကျယ်လေ ပိုပြီးဈေးများလေပဲ။ ဈေးတွေ တက်တာကတော့ ငှားမယ့်အခန်းကနည်းနေပြီး ငှားမယ့်သူတွေက များနေလို့ပါ။ အခုနောက်ပိုင်း မှာတော့ ကွန်ဒိုမီနီယံ တွေ တော်တော်ဆောက် လာကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိ ဈေးကွက်ထဲမှာ ရှိတဲ့အခန်းထက် ငှားမယ့် နှုန်းက အဆမတန်ပိုများနေတော့ ဈေးတွေက အလိုလိုမြင့်တက်ကုန်တယ်" ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ရှိ ကွန်ဒိုဈေးကွက်တွင် ရောင်းဈေး မှာ တစ်စတုရန်းမီတာလျှင် ကျပ် ၂၀၀,၀၀၀ နှင့် ၃၀၀,၀၀၀ ကြားရှိပြီး အငှားဈေးမှာ နေထိုင်သူ များအတွက် ပြင်ဆင်ပေးထားသော အိမ်သုံး ပရိဘောဂများနှင့် ကွန်ဒိုတွင် ပါဝင်ရမည့် အင်္ဂါရပ်များပေါ်တွင်မူတည်ကာ တစ်လလျှင် အနည်း ဆုံး ကျပ် ၁၅ သိန်းမှ သိန်း ၃၀ အထိရှိကာ အမြင့်ဆုံး ၄၅ သိန်းအထိ ပေါက်ဈေးရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။
ကွန်ဒိုမီနီယံများ၏ အခန်းအကျယ်များသည် စတုရန်းပေ ၁,၂၅၀၊ ၂,၀၀၀၊ ၂,၅၀၀ နှင့် ၃,၀၀၀ အထိရှိကြပြီး တည်နေရာနှင့် အချက်အချာကျမှု၊ ပါဝင်သည့် အထူးဝန်ဆောင်မှုများ ဖြစ်သည့် ကားပါကင်၊ အားကစားလေ့ကျင့်ရေးစင်တာ၊ ဈေးဝယ်စင်တာများနှင့် အပန်းဖြေနေရာများအပြင် ပရိဘောဂအပြည့်အစုံပါရှိမှု များပေါ်မှုတည်ကာ ငှားရမ်းခဈေးနှုန်းများ ကွာဟမှုရှိကြောင်း လုပ်ငန်း ရှင်များက ပြော သည်။
အခန်းအကျယ် စတုရန်းပေ ၁,၂၅၀ ခန့်ရှိ ကွန်ဒိုတစ်ခန်းမှာ ငှားရမ်းခ ကျပ် ၁၅ သိန်းဝန်းကျင် ခန့်ရှိပြီး အထူးဝန်ဆောင်မှုများ ပါဝင် သည့် စတုရန်းပေ ၃,၀၀၀ ခန့်ထိရှိသော တိုက်ခန်းငှားရမ်းခ မှာ ၄၅ သိန်းခန့်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များက ပြောသည်။
ယခုနောက်ပိုင်းတွင် တည်ဆောက်လာကြ သည့် ကွန်ဒိုမီနီယံများမှာ ကွန်ဒိုများနှင့်မတူဘဲ ပုံစံများ ပြောင်းလဲကာ ပိုမိုအဆင့်မြင့်သောပုံစံများဖြင့် တည်ဆောက်လာကြကြောင်း ဒေါ်မို့ မို့အောင်က ပြောသည်။
"အရင်က ဓာတ်လှေကားပါရင် ကွန်ဒိုလို့ သတ်မှတ်ကြတယ်။ အခုနောက်ပိုင်း ကွန်ဒိုမီနီယံတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့တည်ဆောက်လာကြတော့ အဆင့်အတန်းမီလာကြတယ်။ ဒီဇိုင်းတွေ ရော ကွန်ဒိုမီနီယံ တစ်ခုမှာပါသင့်တဲ့ဝန်ဆောင်မှုတွေကိုပါ မဖြစ်မနေထည့်ပြီး တည်ဆောက်လာ ကြတယ်။ ဒီလို ပြောင်းလဲလာသလို ဈေးတွေကလည်း ပိုပြီး ကောင်းလာကြတယ်" ဟု ၎င်းက ပြောသည်။
အိမ်ခြံမြေ အကျိုးဆောင်များကလည်း ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် လုံးချင်းအိမ် နှင့် မြေငှားရမ်း ရောင်းဝယ်သည့်လုပ်ငန်းထက် ကွန်ဒိုအငှားနှင့် ရောင်းဝယ်မှုများက ပိုမို ကောင်းမွန်လျက်ရှိကြောင်း ပြောသည်။
"လတ်တလော အိမ်ခြံမြေဈေးကွက်ထဲမှာ တော့ လုံးချင်းအိမ်တွေ မြေတွေ ဝယ်ရောင်း လုပ်တာ ထက် ကွန်ဒိုအငှားနဲ့ အရောင်းအဝယ် တွေ ပိုများလာတာကို တွေ့ရ တယ်။ တချို့ရင်းနှီး မြှုပ်နှံတဲ့ သူတွေတောင် အိမ်တွေခြံတွေကို မလုပ်တော့ဘဲ ကွန်ဒိုတွေဘက်ကို လှည့်လာကြတယ်။ ဝယ် ထားပြီး ပြန်ငှားတာတွေလည်း လုပ်လာ ကြတယ်။ ဒါကလည်း ကွန်ဒိုဈေးကွက် က ပိုသွက်လာပြီး ငှားမယ့်သူလည်းများလို့ပါ" ဟု မိုးမြင့်သော်တာ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ မမြတ်သူက ပြောသည်။
ရန်ကုန်မြို့ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာ လမ်းမကြီးများ ပေါ်တွင် တည်ရှိ သော ကွန်ဒိုများနှင့် အင်းလျားလမ်းနှင့် ပြည်လမ်းတစ်လျှောက်ရှိ ကွန်ဒိုမီနီယံများမှာ လက်ရှိ ကွန်ဒိုဈေးကွက်အတွင်း အငှား သွက်ကာ ဈေနှုန်းများမြင့်တက်လျက်ရှိသော နေရာများဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များ က ပြောသည်။
ယခုနောက်ပိုင်း ရန်ကုန် အင်းစိန်လမ်းမကြီး တစ်လျှောက်တွင်လည်း ကွန်ဒိုမီနီယံများ တည် ဆောက်လာပြီး ဈေးနငန်းများလည်း ကောင်းမွန်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်ခန့်မှစတင်၍ ဈေးနှုန်း များ မြင့်တက်လာသော ရန်ကုန်မြို့၏ ကွန်ဒိုငှားရမ်းခနှုန်းသည် ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်း ခန့် ဆက်လက်မြင့်တက်ခဲ့ပြီး နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှုနှုန်းနျင့် ကုမ္ပဏီရုံးခန်းများ ဖွင့်လှစ်မှု နှုန်းမှာလည်း ပြီးခဲ့သည့်နှစ်မှစတင် ခါ သိသာစွာမြင့်တက်လာခဲ့ပြီး လွန်ခဲ့သော နှစ်များထက် ထက်ဝက်ကျော်ခန့် မြင့်တက်လာကြောင်း အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်သူ များက ပြောသည်။
ထို့ပြင် ကွန်ဒိုမီနီယံများတည်ဆောက်မှုတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၌ ၅၀ ရာခိုင်နှုန်းမှာ မြေတန်ဖိုးဖြစ်သည့်အတွက် မြေတန်ဖိုးများ မြင့်မားမှုများကြောင့် ကွန်ဒိုဈေးနှုန်းများလည်းမြင့်မား လာပြီး ယခုထက်ပိုမိုသက်သာသည့်ကွန်ဒိုမီနီယံများ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရက မြေယာများတိုးချဲ့ကာ နေရာချထားပေးမှသာလျှင် ကွန်ဒိုမီနီယံများ ယခုထက်ပိုမိုပေါ် ထွက်လာကာ ဈေးနငန်းများ လည်းကျဆင်းသွားနိုင်မည်ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင် သူများနျင့် ကွန်ဒိုမီနီယံတည်ဆောက်သူများက ပြောသည်။
Ref : MM TIMES
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties