By irrawaddy, Shweproperty.com
Updated at 19 April 2013
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ့ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုအိမ်ရာ စီမံကိန်းတခု တည်ဆောက် နေမှုသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောဆိုသည်။
စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်က တောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်း နှင့် သစ္စာ လမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့်ပန်းခြံမြေနေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်းက မြို့နယ်ရုံး ဆောက်လုပ်ပြီး မြေကွက်ကို သိမ်းယူခဲ့သည့်အပြင် ရုံးအောက်တွင် ဆိုင်ခန်း ၁၀ ခန်းဖွင့်လှစ်ငှားရမ်းခဲ့ ကြောင်း၊၂၀၀၉ ခုနှစ်ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းသောအခါ ပန်းခြံမြေနေရာတွင် ဆောက်လုပ်ထားသော အဆောက်အအုံကို ပါတီရုံးခန်း အဖြစ် အသုံးပြုခဲ့ ကြောင်း၊ ယခုအခါ ကြံ့ခိုင်ရေး ပါတီရုံးခန်းနှင့်မြေနေရာတွင် ရန်နိုင်ဆောက်လုပ်ရေး ကုမ္ပဏီ နှင့်ပူးပေါင်း အဆင်မြင့်ကွန်ဒို အိမ်ရာ စီမံကိန်း တခု တည်ဆောက်ရန် ပြင်ဆင်နေကြောင်း တောင်ဥက္ကလာ ၉ ရပ်ကွက် ဒေသခံများက ပြောဆိုကြသည်။
“ကျနော်တို့ ၉ ရပ်ကွက်ထိပ်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့် ပေ ၁၅၀ နဲ့ ပေ ၁၃၀ အကျယ် အဝန်း ရှိတဲ့ ကလေးကစားကွင်းနဲ့ ပန်းခြံလေးရှိတယ်။ ၁၉၉၂ ခုနှစ်မှာ ကြံ့ခိုင်ရေးအသင်းက အဲဒီမြေနေရာကို သိမ်းတယ်။ ရုံးဆောက်လိုက်တယ်။ စစ်အစိုးရလက်ထက်တုန်းကဆိုတော့ ကျနော်တို့က မပြောရဲမဆိုရဲကြဘူး။ နောက်တော့ ကြံ့ခိုင်ရေး ပါတီဖြစ်လာတော့အဲဒီနေရာကို ပါတီပိုင်မြေအဖြစ် ဆက်သိမ်းတယ်။ အခု ရန်နိုင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ကြံ့ခိုင်ရေးပါတီတို့ပေါင်းပြီး ကွန်ဒိုအိမ်ရာစီမံကိန်းဆောက်ဖို့ စနေပြီ။ တကယ်ပဲကြံ့ခိုင်ရေးပါတီက ပြည်သူ့ဆန္ဒကို လေးစားတယ်ဆိုရင် အဲဒီပန်းခြံမြေနေရာလေးပြန်ပေးစေချင်ပါတယ်။ ရပ်ကွက်သာရေး၊ နာရေး၊ တရားပွဲ လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲတွေအားလုံး အဲဒီနေရာလေးမှာပဲ ကျင်းပခဲ့တာ။ ရပ်ကွက်ပြည်သူတွေက အဲဒီပန်းခြံမြေကွက်လပ်ကို ပြန်လိုချင်တယ်” ဟု ၉ ရပ်ကွက်ဒေသခံဦးအေးဇော်က ပြောသည်။
အများပိုင်ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုအိမ်ရာစီမံကိန်းဆောက်လုပ်မှုနှင့်စပ်လျဉ်းပြီး တောင်ဥက္ကလာ ၉ ရပ်ကွက်ဒေသခံ ၁၆ ဦးက နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ ထူးခြားမှုမရှိကြောင်း၊ ကွန်ဒိုအိမ်ရာ ဆက်လက်တည်ဆောက်ပါက ဒေသခံပြည်သူများက တရားဝင်ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ရန် အစီအစဉ်ရှိ သည်ဟု ဒေသခံများက ဆိုသည်။
“သမ္မတဦးသိန်းစိန်ဆီ လွန်ခဲ့တဲ့ လပိုင်းလောက်က စာတင်တယ်။ ရပ်ကွက်မြေကို ပြန်ပေးဖို့ တင်ပြတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတဦးက စာတင်တဲ့သူတွေကို ခေါ်ပြီးမေးမြန်းတာကလွဲလို့ ဘာမှ ထူးခြားချက်မရှိ ဘူး” ဟု ၉ ရပ်ကွက်ဒေသခံတဦးက ရှင်းပြသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်ကမူ ကြံ့ခိုင်ရေးပါတီက တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူပိုင် ပန်းခြံမြေနေရာကို သိမ်းယူပြီး ကွန်ဒိုဆောက်လုပ်မှုသည် စစ်အစိုးရပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်တင်းစွာပင် ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေချိုးဖောက်မှုကို အရေးယူနိုင်ရေး လွှတ်တော်မှ တဆင့် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
“အခု လွှတ်တော်ကနေတဆင့် မေးခွန်းမေးထားတယ်။ အများပိုင်မြေကွက်ကို ဘာလို့ သိမ်းသလဲဆိုတာ မေးထားတယ်။ အဲဒီအဖြေရတာနဲ့ ကျနော်လုပ်စရာရှိတာတွေ လွှတ်တော်ကို တင်ပြပြီး ဆက်လုပ်သွားမယ်။ ဒီဖြစ်စဉ်က နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ မှာပါတဲ့ နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေတာပဲ။ ပြည်သူတွေကလည်း အဲဒီမြေကွက် လေးလိုချင်လို့ ကျနော့်ကို လာအကူအညီတောင်းတယ်။ ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒမဲကို အခြေခံတဲ့ ရွေးကောက်ပွဲ စနစ်နဲ့သွားနေတာပဲ။ ပြည်သူငြိုငြင်ရင် ပြည်သူ့ဆန္ဒမဲရမှာမဟုတ်ဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂၊ ၅ (က) အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ တောင်ဥက္ကလာ မြို့နယ်ကြံ့ခိုင်ရေးပါတီ၏ တာဝန်ခံလည်းဖြစ်သူ ဦးအောင်သိန်းလင်းကမူ ၉ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးမြေကွက်သည် ဂရန်ရှိ မြေကွက်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအနေဖြင့် ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့်ပူးပေါင်းပြီး အခန်းပေး၊ အခန်းယူစနစ်နှင့် ကွန်ဒိုအိမ်ရာစီမံကိန်းတည်ဆောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ ခွင့်ပြုချက်ရရှိထားကြောင်း၊ ထို့ကြောင့် ကွန်ဒိုအိမ်ရာစီမံကိန်းကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားပြီး ထိုမြေကွက်သည် ပြည်သူပိုင် ပန်းခြံမြေကွက်ဖြစ်ခဲ့သည်ဆိုသော မေးခွန်းကို မူ ဖြေဆိုခြင်းမပြုခဲ့ပေ။
“ဂရန်လည်းရှိပါတယ်။ ကြာလှပါပြီ။စည်ပင်သာယာကလည်း ခွင့်ပြုလို့ ခွင့်ပြုချက်ကျပြီးမှ ဆောက်တာပါ။ ကြံ့ခိုင်ရေး အဆောက်အဦးကို အခန်းပေးအခန်းယူ စနစ်နဲ့ဆောက်တာပါ။ ဂရန်မရှိရင် ခွင့်ပြုချက်ဘယ်ပေးမလဲ၊ ပါမစ်ဘယ်ပေးမလဲ” ဟု ဦးအောင်သိန်းလင်းက ဧရာဝတီသို့ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ယခင်စစ်အစိုးရဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်ကြီးဟောင်း လည်းဖြစ်သူ လက်ရှိသမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် နေရာအများစုအနိုင်ရရှိခဲ့သည်။
Ref : irrawaddy
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties