By News Watch, Shweproperty.com
Updated at 21 August 2017
ရန်ကုန်မြို့တွင်းရှိ ကွန်ဒိုတိုက်ခန်းများကို ယခုလအတွင်း ကျပ်သိန်းတထောင်ဝန်းကျင်ခန့်အထိ ဈေးလျှော့ရောင်းချလာကြသော်လည်း အရောင်းအဝယ်မရှိသည့် အခြေအနေဖြစ်နေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များထံမှ သတင်းရရှိသည်။
''အရောင်းအဝယ်က အေးနေတယ်။ မြို့တွင်း ခြောက်မြို့နယ်က ကွန်ဒိုဈေးနှုန်းတွေဆို သိန်း ၅၀၀ ကနေ သိန်း ၁၀၀၀ ကြားအထိ ကျသွားတယ်။ ပြီးတော့ အရောင်းအဝယ်လည်း မဖြစ်သလောက်ဘဲ။ အငှားဈေးကွက်ကတော့ သူ့ဟာနဲ့သူလည်ပတ်နေတယ်''ဟု ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူတဦးက ပြောသည်။
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ဖြစ်သည့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်စသည့် မြို့နယ်များအတွင်းရှိ ကွန်ဒိုတိုက်ခန်းများသည် ယခင်က ကျပ်သိန်း ၃၀၀၀ မှ ၃၅၀၀ အထိ ရှိခဲ့သော်လည်း ယခုလအတွင်းမှာပင် ကျပ်သိန်း ၂၀၀၀ နှင့် ၂၅၀၀ ကြားတွင်သာရှိကြောင်း ၎င်းက ဆက်ပြောသည်။
''အိမ်ခြံမြေဈေးတွေ ကျဆင်းလာတယ်။ ဒါပေမဲ့ အရောင်းအဝယ်က သိပ်မဖြစ်ဘူး။ အမှန်တကယ်လိုတဲ့ သူတွေကပဲ ဝယ်တာမျိုးရှိတယ်။ စီးပွားရေးလုပ်ငန်းသမားတွေက ငွေထုပ်ပဲပိုက်ထားတယ်။ တခြား ဒေါ်လာနဲ့ရွှေမှာလည်း ရင်းနှီးမြှုပ်နံှတာမျိုးလုပ်တာတော့ မဟုတ်ဘူး။ အစိုးရရဲ့ အိမ်ခြံမြေမူဝါဒတွေကြောင့် လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ငွေတွေလည်ပတ်ဖို့ဆိုရင် အိမ်ခြံမြေတွေကဏ္ဍကိုလည်း အလေးထားလုပ် ဆောင်သင့်တယ်''ဟု တိုင်းလုံးကျော်အိမ်ခြံမြေအကျိုးဆောင်မှ ကိုဉာဏ်ထွန်းလင်းက ပြောသည်။
အိမ်ခြံမြေရောင်းဝယ်မှု ပြုလုပ်ရာတွင် တံဆိပ်ခေါင်းခွန်ကို ၄ ရာခိုင်နှုန်း၊ ကုန်သွယ်ခွန်ကို ၃ ရာခိုင်နှုန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် သတ်မှတ်ထားသည့် အိမ်ခြံမြေဈေးနှုန်းအတိုင်း ပေးဆောင်ရသည့်အခွန်များလည်းရှိနေခြင်းကြောင့် အိမ်ခြံမြေဈေးကွက်တွင် အခွန်များပြားနေပြီး ရင်းနှီးမြှုပ်နံှမည့်လုပ်ငန်းရှင်နည်းပါးသွားကြောင်း ၎င်းကဆက်ပြောသည်။
လက်ရှိတွင် အငှားဈေးကွက်သာ ပုံမှန်ဖြစ်နေပြီး နိုင်ငံခြားသားငှားယူမှု များပြားလာကာ ကျပ် ၁၀ သိန်းမှ ၁၅ သိန်းကြား ကွန်ဒိုတိုက်ခန်းများအငှားဖြစ်နေကြောင်း ကွန်ဒိုတိုက်ခန်းဈေးများသာမက တခြားသော တိုက်ခန်း များ၊ ခြံမြေများပါ ဈေးကျဆင်းနေခြင်းဖြစ်ကြောင်း အစိုးရ၏အခွန်နှုန်းထားများ ပြန်လည်ပြင်ဆင်ပါက အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နံှမှုများရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။
''မြန်မာနိုင်ငံက အိမ်ခြံမြေဈေးနှုန်းတွေက တခြားနိုင်ငံတွေထက်ယှဉ်ရင် များနေတယ်။ နောက်ပြီးတော့ ဝယ်ရောင်း အခြေမပြုဘဲ ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်တဲ့အတွက် ဒီလိုဖြစ်တာလို့ ယူဆနိုင်တယ်။ ဝယ်လိုအားမရှိဘဲနဲ့ ဆောက်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အခွန်နှုန်းထားမြင့်မား လာတာတွေကြောင့် အခုလို ဈေးကျလာတာဖြစ်ပါတယ်။ အခွန်နှုန်းထားမြင့်မားနေတာတွေက အိမ်ခြံမြေ ဈေးကွက်မှာ ရင်းနှီးမြှုပ်နံှဖို့အဟန့်အတား ဖြစ်လာတယ်။ အိမ်ခြံမြေဈေးကွက်ရဲ့ အလားအလာဟာ ဆက်ပြီးကျနေဦးမှာပါ''ဟု ဥပဒေရေးရာနှင့် စီးပွားရေးပညာရှင် ဦးတင်သန်းဦးက ပြောသည်။
အိမ်ခြံမြေဈေးကွက်သည် ပြည်တွင်းနိုင်ငံရေး အခြေအနေပေါ်မှာလည်း မူတည်နေပြီး နိုင်ငံရေးတည်ငြိမ်မှုမရှိပါက ရင်းနှီးမြှုပ်နံှသူများက အချိန်အတိုင်းအတာအထိ စောင့်ကြည့်နေခြင်းကြောင့် ထိုကဲ့သို့ ဈေးကွက်ကျဆင်းလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
Ref : News Watch
Photo Credit : Social
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties