By Myanmar Builders Guide, Shweproperty.com
Updated at 9 December 2019
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ တစ်နည်းအားဖြင့် ကွန်ဒိုဥပဒေအရ နိုင်ငံခြားသားများ ဝယ်ယူခွင့်ရရှိနိုင်မည့် ကွန်ဒိုများမှတ်ပုံတင်ခြင်းကို၂၀၂၀ နှစ်ဦးပိုင်းမှသာ ထုတ်ပေးနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၏အထွေထွေအတွင်းရေးမှူးချုပ်၊စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင် ဦးမျိုးမြင့်က ပြောသည်။
လက်ရှိတွင် ကွန်ဒိုဥပဒေအရ မှတ်ပုံတင်ရန် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ လျှောက်လွှာတင်ထားသော ဆောက်လုပ်ပြီးနှင့်ဆောက်လုပ်ဆဲ ကွန်ဒိုပရောဂျက် ၁၁ ခုရှိပြီး ကွန်ဒိုဥပဒေပါ အချက်အလက်များနှင့် ကိုက်ညီမှုမရှိသည့် ကွန်ဒို သုံးခုကို ပယ်ဖျက်ထားကြောင်း၊ ကျန်ရှိသည့်ကွန်ဒိုစီမံကိန်း ရှစ်ခုကို စိစစ်နေဆဲဖြစ်သည်။
"နိုင်ငံခြားသား ဝယ်တာရောင်းတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ဘယ်လိုဝယ်လို့ရမလဲဆိုတာနဲ့ ဥပဒေအရ လက်တွေ့မှာ လုပ်ကိုင်ဖို့အခက်အခဲရှိတာတွေကို ညှိနှိုင်းနေပါတယ်။ ဒါတွေပြီးသွားရင်တော့ မှတ်ပုံတင်ထုတ်ပေးလို့ရပါပြီ"ဟု ဦးမျိုးမြင့်က ဆိုသည်။
ကွန်ဒိုဈေးကွက်အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ မျှော်လင့်ခဲ့ကြသည့် ကွန်ဒိုဥပဒေ ပေါ်ထွက်လာခဲ့ပြီးနောက် ဥပဒေကို အသက်ဝင်လှုပ်ရှားစေရန်စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကို ယခုနှစ်စပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည်။
ကော်မတီဖွဲ့စည်းပြီး တစ်နှစ်ခန့်အကြာအထိ ဥပဒေအရ မှတ်ပုံတင်ပြီး ဈေးကွက်တွင် နိုင်ငံခြားသားသို့ တရားဝင်ရောင်းချခွင့်ပြုလိုက်သည့် ကွန်ဒို တစ်ခုမျှမရှိသေးကြောင်းလည်း သိရသည်။ ကွန်ဒိုဥပဒေအရ မှတ်ပုံတင်ထုတ်ခွင့်ပြုပြီးသည့်အချိန်တွင်လည်း ဈေးကွက်အတွင်း ထူးထူးခြားခြား ပြောင်းလဲမှု မရှိနိုင်ကြောင်းလည်းဦးမျိုးမြင့်က ပြောသည်။
"ကွန်ဒိုဆောက်တဲ့သူတွေကတော့ အခွန်နှုန်းထား လျှော့ထားတဲ့ အချိန်မီအောင် မှတ်ပုံတင်ရချင်ကြတယ်။ ကျွန်တော်တို့ဘက်ကလည်း အချိန်မီရရှိအောင်ထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဦးမျိုးမြင့်က ဆိုသည်။
ကွန်ဒိုဥပဒေတွင် နိုင်ငံခြားသား တည်ထောင်ခွင့်ပြုမပြုကို အတိအလင်း ပြဋ္ဌာန်းထားခြင်းမရှိသောကြောင့် ဥပဒေအရ မရှင်းလင်းသေးသောကိစ္စရပ်များကိုဝန်ကြီးဌာနများနှင့် ညှိနှိုင်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ယင်းအပြင် ကွန်ဒိုဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူများအနေဖြင့် တရားဝင် ဘဏ်အကောင့်တစ်ခုကို ဖွင့်လှစ်ထားရှိပြီး ရင်းနှီးမြှုပ်နှံငွေများထည့်သွင်းထားကြောင်း ပြသရမည်ဖြစ်သည်။
အရစ်ကျ ဝယ်ယူထားသူများအနေဖြင့်လည်း အဆိုပါဘဏ် အကောင့်မှာပင် ထည့်သွင်းရမည်ဖြစ်သောကြောင့် ငွေသွင်းငွေလွှဲကိစ္စများအတွက် ဘဏ်လုပ်ငန်းရှင်များအသင်း၊ဗဟိုဘဏ်တို့နှင့် တွေ့ဆုံညှိနှိုင်းနေဆဲ ဖြစ်ကြောင်းလည်း ဦးမျိုးမြင့်က ဆိုသည်။
နိုင်ငံခြားသားဝယ်ယူခွင့်နှင့်ပတ်သက်ပြီး ငွေပေးငွေယူကိစ္စများ တွင် ဥပဒေအရ မရှင်းလင်းသည့်ကိစ္စများ ရှိနေသေးသည့်အတွက် စတင်ဝယ်ယူခွင့်ရချိန်တွင် အနည်းငယ်အခက်အခဲရှိနေနိုင်သေး ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။ နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူသည့်အခါ ပထမဦးစွာ မူရင်းနိုင်ငံသို့ ငွေလွှဲပြီးယင်းမှတစ်ဆင့် မြန်မာနိုင်ငံဘဏ်အကောင့်ထဲသို့ ငွေပေးချေရမည်ဖြစ်သည်။
ငွေပေးချေရေးလုပ်ငန်းနှင့်ပတ်သက်ပြီး နိုင်ငံခြား သားများဝယ်ယူသည့်အခါ လွယ်ကူအဆင်ပြေမှုရှိစေရန် ဗဟိုဘဏ်နှင့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာစီမံခန့်ခွဲရေးကော်မတီတို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties