By The Myanmar Times, Shweproperty.com
Updated at 21 December 2017
အစိုးရသည် နှေးကွေး အေးစက်နေသော ဆောက်လုပ်ရေးဈေးကွက်ကို ပြန်လည်လှုပ်ရှားလာစေရေးအတွက် စုပေါင်းပိုင်အဆောက်အအုံဟုခေါ်သော ကွန်ဒိုမီနီယံ အဆောက်အအုံများအတွက် ပြဠာန်းလိုက်သည့်နည်းဥပဒေတွင် နိုင်ငံခြားသားများကို ဆောက်လုပ် တည်ထောင်သူ (Developer) အဖြစ် ဆောင်ရွက်ခွင့်ပေးထားကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါနည်းဥပဒေကို ယခုလ ၇ ရက်ကအစိုးရက လက်မှတ်ရေးထိုး အတည်ပြုထားပြီး မကြာမီဖြန့်ဝေသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်ခဲ့သော ယင်းနည်းဥပဒေသစ် မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။
ကွန်ဒိုမီနီယံဥပဒေသည် အိမ်ခြံမြေဈေးကွက် ပြန်လည်အသက်ဝင်လှုပ်ရှားလာစေရန် တွန်းအားဖြစ်စေနိုင်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းက စောင့်မျှော်နေခဲ့ကြပြီး ခန့်မှန်းသည်ထက် နောက်ကျပြီးမှ ပြဠာန်းနိုင်ခဲ့သည်။ ဥပဒေပြဠာန်းပြီးနောက်တွင်လည်း နည်းဥပဒေကို ထပ်မံစောင့်ဆိုင်းနေခဲ့ရရာ ယခုအခါတွင် နည်းဥပဒေလည်းပြဠာန်းလိုက်ပြီဖြစ်ပြီး အထက်ပါအချက်ကို ထည့်သွင်းထားခြင်းဖြစ်သည်။
နိုင်ငံခြားသားများကို ကွန်ဒိုမီနီယံ ဆောက်လုပ်ခွင့် တည်ထောင်ခွင့် ပေးသော်လည်း မြေပိုင်ဆိုင်ခွင့်ပေးထားခြင်း မဟုတ်ကြောင်း ဒေါ်မိုးသီတာက ပြောသည်။ '' Developer အဖြစ် ရပ်တည်လို့ရပေမဲ့ မြေကို တရားဝင်ပိုင်ဆိုင်တဲ့ နိုင်ငံသားနဲ့ သူကတွဲပြီး အလုပ်လုပ်ရမှာဖြစ်ပါတယ်''ဟု သူကဆိုသည်။
ထို့ကြောင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူအနေဖြင့် တည်ထောင်သူဖြစ်နိုင်သော်လည်း မြေပိုင်ရှင် မဖြစ်နိုင်သလို ထိုသို့ ဆောက်လုပ်သူ၊ သို့မဟုတ် တည်ထောင်သူအဖြစ် ဆောင်ရွက်လိုပါက မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်လိုသည်။
နည်းဥပဒေတွင် ဆောက်လုပ်သူများသည် ငွေကြေးအရင်းအနှီး စောစီးစွာ ရရှိနိုင်ရန် အုတ်မြစ်ချလုပ်ငန်း Foundation ၃ဝ ရာခိုင်နှုန်းပြီးသည်နှင့် အခန်းများကို ကြိုတင်ရောင်းချခွင့်ပြုထားသည်။
နိုင်ငံခြားသားများ အိပ်ခန်းဝယ်ယူခွင့် တွင်မူ ပြဠာန်းပြီးဖြစ်သော ဥပဒေပါအချက်နှင့် အနည်းငယ် ကွာခြားမှုရှိသည်။ ဥပဒေတွင် 'အဆောက်အအုံ၏ ၄ဝ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ရောင်းချနိုင်ခွင့်ရှိသည်'ဟု ပြဠာန်းထားသော်ငြား ထိုဥပဒေကို အခြေပြု၍ ပြဠာန်းသောနည်းဥပဒေတွင်မူ 'အဆောက်အအုံ၏ရောင်းချ၍ရသော စုစုပေါင်း ကြမ်းခင်းဧရိယာ၏ ၄ဝ ရာခိုင်နှုန်းထက် မပိုစေရ'ဟု ပြဠာန်းထားသည်ကို တွေ့ရသည်။
ထိုသို့ အနည်းငယ်ပြင်ဆင်ထားခြင်းသည် ပိုပြီးမျှတမှုရှိစေရန်ဖြစ်ကြောင်း ဒေါ်မိုးသီတာက ပြောသည်။ ''အဆောက်အအုံဧရိယာတစ်ခုလုံးမှာ တစ်သောင်း စတုရန်းမီတာရှိတယ်ဆိုရင် လေးထောင် စတုရန်းမီတာကို ထုတ်ရောင်းလို့ ရပါတယ်။ လေးထောင်စတုရန်းမီတာဟာ အိပ်ခန်းပေါင်း ခြောက်ရာလည်း ဖြစ်နိုင်တယ်၊ ခြောက်ဆယ်လည်းဖြစ်နိုင်တယ်။ ပိုပြီးမျှတအောင် ပေးထားတာ ဖြစ်ပါတယ်''ဟု ၎င်းက တုံ့ပြန်သည်။
ထို့ပြင် အိမ်ခန်းဝယ်ခွင့်ရှိသည့် နိုင်ငံခြားသားဟုဆိုရာတွင် နိုင်ငံတွင်းရှိ နိုင်ငံခြားသားများရော ပြည်ပရှိ နိုင်ငံခြားသားများပါ အကျုံးဝင်နိုင်စေရန်အတွက် 'မည်သည့် နိုင်ငံ ခြားသားမဆို'ဟု ပြဠာန်းထားသည်။
နိုင်ငံခြားသားများကို အိမ်ခန်းများငှားရမ်းခြင်း၊ ပေါင်းနှံခြင်းကိုမူ မူလဥပဒေတွင်ကန့်သတ်မထားသကဲ့သို့ နည်းဥပဒေတွင်လည်း ပြင်ဆင်ထားခြင်းမရှိပေ။ ''ငှားရမ်းတာကိုတော့ မကန့်သတ်ပါဘူး''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
စုပေါင်းပိုင်အဆောက်အအုံ သတ်မှတ်ရန် အနည်းဆုံးဧရိယာ ဧကဝက်ရှိရန်နှင့် အနည်းဆုံး ခြောက်ထပ်ရှိသော အဆောက်အအုံများလျှောက်ထားနိုင်ပြီး လက်ရှိတွင် ရွှေတောင် ဒီပလော့မင့်ကုမ္ပဏီက စတင်၍ကမ်းလှမ်းထားကြောင်းလည်း သိရသည်။
ကွန်ဒိုမီနီယံဥပဒေကို ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း သုံးနှစ်ခန့် အချိန်ယူဆောင်ရွက်ခဲ့ပြီးနောက် လွှတ်တော်သက်တမ်း၏ နောက်ဆုံးကာလရောက်မှ အတည်ပြုနိုင်ကာ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်တွင် သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ ယခုနည်းဥပဒေကိုလည်း နှစ်နှစ်နီးပါးကြာမှ ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties