By 7daydaily, Shweproperty.com
Updated at 30 June 2015
ကွန်ဒိုတိုက်ခန်းများ အရောင်းအဝယ်ရပ်တန့်နေသောကြောင့် လုပ်ငန်းလည်ပတ်မှု မရှိဘဲ ဆောက်လုပ်ရေးအချို့ ရပ်ဆိုင်းထားရကြောင်း သတင်းရရှိသည်။ ဆောက်လုပ်ပြီးစီးနေသည့် ကွန်ဒိုများ မရောင်းချရသေးသောကြောင့် အသစ်များ ထပ်မံဆောက်လုပ်ရန် ငွေအရင်းအနှီးမရှိခြင်းနှင့် ဈေးကွက်အေးနေသည့်အတွက် ထပ်မံဆောက်လုပ်ရန် ဈေးကွက် စောင့်ကြည့်နေရသည့် အခြေအနေတို့ကြောင့် ရပ်နားထားခြင်းဖြစ်သည်။ ‘‘ကွန်ဒိုတွေချည်း ဆောက်တာများတဲ့လူတွေထိတာပေါ့။အရောင်းအဝယ်က ရပ်သလောက် ဖြစ်နေတယ်လေ’’ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အကြံပေး ဦးလှမောင်ကပြောသည်။
ဒေါ်လာဈေးများ မြင့်တက်လာခဲ့မှုသည်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို ဂယက်ရိုက်ခတ်မှုရှိနေကြောင်း၊ အုတ်၊ သဲ၊ ကျောက် စသည့် ပစ္စည်းများမှလွဲ ပြီး ကျန်သည့်ဆောက်လုပ်ရေး ကုန်ကြမ်းအများစုကို ပြည်ပမှသာတင်သွင်းရသည့်အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားလာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။
‘‘ဆောက်လုပ်ပြီးသား ရှေ့ကလူတွေက အရောင်းအဝယ်မကောင်းတော့ နောက်ကလူတွေပါ လိုက်မဆောက်ရဲဘူးဖြစ်ပြီး ရပ် ထားတဲ့ ပုံစံဖြစ်နေတာပါ။ အရောင်းအဝယ်က တော်တော်လေးပါးသွားတယ်။ အရောင်းအဝယ်ပြန်လိုက်လာဖို့က အစိုးရက တိုက်ခန်းဝယ်ချင်တဲ့သူတွေကို ကာလရှည်ချေးငွေတွေချေးပေးမလား။ အရစ်ကျရောင်းပေးမလားပေါ့။ ဒါမှအရောင်းအဝယ်ပြန်လိုက်မှာ’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်းကပြောသည်။
ဆောက်လုပ်ရေးကဏ္ဍဖွံ့ ဖြိုးလာမှုကြောင့် ငါးပွက်ရာငါးစာချသည့်အနေဖြင့် ဝင်လာသည့် ဆောက်လုပ်ရေး ကုမ္ပဏီများ၊ အရင်းအနှီးနည်းသည့် ကုမ္ပဏီအသေးများသာ လုပ်ငန်း ရပ်နားထားသည့် အနေအထားဖြစ်ကြောင်း၊ အရင်းအနှီးတောင့်တင်းပြီးလုပ်သက်ကြာနေသည့် ကုမ္ပဏီကြီးများမှာ ပုံမှန်လည်ပတ်နေကြောင်း Three Fri-ends ဆောက်လုပ်ရေးမှ ဦးကိုကိုလေးက ပြောသည်။ ကွန်ဒို အရောင်းအဝယ်များမှာ ၂၀၁၄ နှစ်ကုန်ပိုင်းနှင့် ၂၀၁၅ နှစ်စပိုင်းမှ စတင်အေးစက်လာခြင်းဖြစ်ကြောင်း ဦးကိုကိုလေးက ဆိုသည်။
ရန်ကုန်မြို့တွင်း ကွန်ဒိုတိုက်ခန်းဈေးနှုန်းများမှာ နေရာနှင့် အဆင့်မြှင့်ထားမှုအပေါ် မူတည်ပြီး ၂၀၁၄ နှစ်စပိုင်းတွင် တစ်ပေပတ်လည်လျှင် ၈၀,၀၀၀ ကျပ်၊ ၉၀,၀၀၀ ကျပ် စသည်ဖြင့် ငွေသောင်းဂဏန်းအထိ အနိမ့်ဆုံးရှိခဲ့သော်လည်း ၂၀၁၄ နှစ်လယ်ပိုင်းမှ စတင်ပြီး ဈေးများမြင့်တက်လာခဲ့ရာ လက်ရှိတွင် အနိမ့်ဆုံး တစ်ပေပတ်လည်လျှင် ၁၂၀,၀၀၀ ကျပ်မှ အမြင့်ဆုံး ၄၀၀,၀၀၀၊ ၅၀၀,၀၀၀ အထိ ဈေးရှိကြောင်း ဦးကိုကိုလေးက ပြောကြားသည်။
‘‘တိုက်ခန်း တစ်ခုအတွက် တစ်ပေပတ်လည်အပေါ်မှာ ကုန်ကျစရိတ်က အရင်ကထက်စာရင် အရမ်းများလာပြီ။ တစ်ပေပတ်လည်ကို တစ်သိန်းကျော်လောက် ကုန်ကျစရိတ်ရှိနေတော့ ဈေးကချမရဘူး။ အမြတ်ရအောင် တင်ရောင်းနေရတယ်။ အရောင်းအဝယ်လည်း ရပ်နေတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြိုကွဲသွားနိုင်တယ်’’ ဟု တော်ဝင်ဆောက် လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးကိုကိုထွေးက ပြောသည်။
ရန်ကုန်မြို့တွင် ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူနိုင်သည့် အိမ်ထောင်စုမှာ လေးသောင်းခန့်သာရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။
Ref : 7daydaily Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties