By The Myanmar Times, Shweproperty.com
Updated at 3 February 2018
အေးစက်နေတဲ့ အိမ်ခြံမြေဈေးကွက်ကို ပြန်လည်လှုပ်နှိုးမယ့် ဥပဒေလို့အများကမှတ်ယူခဲ့တဲ့ ကွန်ဒိုဥပဒေနဲ့ နည်းဥပဒေကို အတည်ပြုခဲ့တာ နှစ်လ နီးပါးရှိပါပြီ။ ဒါကြောင့် ကွန်ဒိုရောင်းဝယ်ငှားဈေးကွက်ရဲ့ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး အိမ်ခြံမြေဝက်ဘ်ဆိုက်နဲ့ ပြပွဲတွေကို စီစဉ်တဲ့ Shwe Property ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ Kevin Goos နဲ့ တွေ့ဆုံပြီး မေးမြန်းခဲ့ပါတယ်။
မေး ကွန်ဒိုနည်းဥပဒေထွက်ပြီးနောက်ပိုင်း ဈေးကွက်ဝယ်လိုအားအခြေအနေ က ဘယ်လိုရှိလဲ။
တခြားနိုင်ငံတွေမှာလည်း ကွန်ဒိုဥပဒေထွက်ပြီးနောက်ပိုင်း လက်တွေ့ ကျကျကျင့်သုံးဖို့ ခြောက်လ၊ သို့မဟုတ် တစ်နှစ် အချိန်တစ်ခုယူရတာကိုတွေ့ရတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလောက်အချိန်ယူရမယ်လို့ ထင်တယ်။ အခုထိတော့ လက်တွေ့ကျကျ ကျင့်သုံးနေတာမျိုး မတွေ့ရသေးဘူး။
ကွန်ဒိုဥပဒေက ကွန်ဒိုတွေကိုပဲ အဓိကသက်ရောက်မှုရှိမှာဖြစ်ပြီး တခြားတိုက်ခန်းတွေကိုတော့ သက်ရောက်မှု ရှိမှာမဟုတ်ဘူး။ မီနီကွန်ဒိုတွေနဲ့ တိုက်ခန်းတွေရဲ့ အဓိကဆက်စပ်တာက ဘဏ်ချေးငွေဖြစ်ပြီး သူကအဓိက သက်ရောက်မှုရှိတယ်လို့ မြင်တယ်။ မီနီကွန်ဒိုတွေနဲ့ ရိုးရိုးတိုက်ခန်းတွေကတော့ လွန်ခဲ့တဲ့ ခြောက်လလောက်ကစပြီး အရောင်းသွက်လာတာကို တွေ့ရပါတယ်။
လွန်ခဲ့တဲ့နှစ်တွေက ဘဏ်တွေက အိမ်ရာချေးငွေနဲ့ပတ်သက်ပြီး သေချာပြင်ဆင်ထားတာမရှိတဲ့အတွက် အိမ်ရာဝယ်လိုသူတွေက ဘဏ်တွေကနေ မချေးနိုင်ဘူး။ သူငယ်ချင်းတွေဆီက၊ ဆွေမျိုးသားချင်းတွေဆီက လှည့်သုံးတာမျိုးနဲ့ပဲ အိမ်ဝယ်ကြရတာများတယ်။
ဝယ်ယူသူတွေနဲ့ ရောင်းချသူတွေက အရစ်ကျပေးဝယ်တဲ့စနစ်နဲ့ ပတ်သက်ပြီး မကြိုက်ကြဘူး။ ဘဏ်တွေကသာ အိမ်ရာချေးငွေတွေကို စနစ်တကျနဲ့ချေးပေးနိုင်ရင် နောက်သုံးလေးလအတွင်းမှာ အရစ်ကျစနစ်က တိုးတက် လာမှာကို တွေ့မြင်နေရပါတယ်။
၂ဝ၁၈ ခုနှစ်အတွင်းမှာ အိမ်ခြံမြေလောကကို ဂယက်ရိုက်စေမယ့် အကြောင်းအရာနှစ်ခုကို တွေ့မြင်ရပါတယ်။ ဒါကတော့ ကွန်ဒိုဥပဒေနဲ့ အိမ်ရာချေးငွေပဲ ဖြစ်ပါတယ်။ ကွန်ဒိုဥပဒေကတော့ ဒီနှစ်ရဲ့ ဒုတိယလေးလပတ်လောက်ကစတင်ပြီးတော့ အသက်ဝင်ရိုက်ခတ်လာနိုင်ပြီး အိမ်ရာချေးငွေကတော့ နောက်သုံးလေးလအတွင်း ရိုက်ခတ်လာနိုင်တယ်လို့ ထင်ပါတယ်။
ကွန်ဒိုဥပဒေကတော့ အစိုးရက ဘယ်လောက်ထိ အချက်အလက်တွေ တိတိကျကျထုတ်ပြန်နိုင်မလဲဆိုတဲ့အပေါ် မူတည်ပြီး အချိန်ကတော့ ယူရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။
ဒီကွန်ဒိုဥပဒေအပေါ်အခြေခံပြီးတော့ ဒီနှစ်ရဲ့ ဇွန်၊ ဇူလိုင်လလောက်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီးဝင်လာနိုင်ပါတယ်။
နိုင်ငံခြားသားဝယ်ယူသူတွေ အဓိကစိတ်ဝင်စားတာကတော့ ကွန်ဒိုပရောဂျက်တွေကိုပဲ ဖြစ်ပါတယ်။ ကွန်ဒိုတွေထဲကမှ နိုင်ငံခြားကုမ္ပဏီနဲ့ မြန်မာကုမ္ပဏီ ဖက်စပ်လုပ်ကိုင်တဲ့ ကွန်ဒိုတွေဆိုရင်ပိုပြီး ဝယ်ယူသူ များပါတယ်။
ဥပမာ စင်ကာပူနိုင်ငံသားတစ်ယောက်က ဝယ်မယ်ဆိုရင် စင်ကာပူနဲ့မြန်မာဖက်စပ်လုပ်ကိုင်တဲ့ ကွန်ဒိုတွေကို ပိုပြီးစိတ်ဝင်စားကြတာ များပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံက ကုမ္ပဏီပါဝင်နေတဲ့အတွက် ငွေပေးချေတဲ့အပိုင်းမှာရော၊ ယုံကြည်မှုအပိုင်းမှာပါ အများကြီးအဆင်ပြေကောင်းမွန်စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
သူ့နိုင်ငံမှာ ရုံးချုပ်ရှိတဲ့ ကုမ္ပဏီတစ်ခုက ရောင်းတယ်ဆိုရင် သူ့အတွက်လည်း ယုံကြည်မှုပိုရှိတယ်။ မြန်မာလုပ်ငန်းရှင်တွေဆီကဝယ်ရင် သူတို့အနေနဲ့ငွေချေတာကအစ အခက်အခဲရှိမယ်၊ နောက်တစ်ခုက သူတို့အတွက် စွန့်စားရာလည်းကျတယ်။ ကျွန်တော့်အတွေ့အကြုံအရ တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲရှိပါတယ်။ မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။
မေး အေးနေတဲ့ဈေးကွက်က ပြန်လှုပ်ခတ်လာပြီလား။
လက်ရှိမှာတော့ ကွန်ဒိုဈေးကွက်နဲ့ ရိုးရိုးတိုက်ခန်းဈေးကွက် ယှဉ်လိုက်ရင် ကွန်ဒိုဈေးကွက်က အနည်းငယ် အေးနေတယ်လို့ ဆိုနိုင်ပါတယ်။ ရိုးရိုးတိုက်ခန်းတွေကတော့ အရောင်းသွက်နေတာကို တွေ့ရပါတယ်။ ဒီလိုအရောင်းသွက်တာကလည်း သာမန်ဈေးကွက်ထဲမှာထက် အရောင်းပြပွဲတွေမှာ ပိုပြီးတော့ အရောင်းသွက်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ပိတ်ရက်တုန်းက Shwe Property က ဦးဆောင်ပြီး ကျင်းပတဲ့ အိမ်ရာအရောင်းပြပွဲမှာ နှစ်ရက်အတွင်း ရိုးရိုးတိုက်ခန်းပေါင်း ၅၇ ခန်းလောက် ရောင်းထွက်ခဲ့ပါတယ်။ ဒါဟာ တန်ဖိုးသင့်အိမ်ရာတွေအတွက် ကောင်းတဲ့အလားအလာပဲဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဖိုးသင့် အိမ်ရာတွေကိုကျတော့ နိုင်ငံခြားသားတွေက မဝယ်ကြဘူး။ ဘာကြောင့်လဲဆိုတော့ တိုက်ခန်းနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုကောင်းကောင်းမရှိဘူး၊ တခြားဝန်ဆောင်မှုတွေလည်း မပါတော့ သူတို့အတွက် အဆင်မပြေဘူး။
မေး မြန်မာကုမ္ပဏီတွေရဲ့ ၃၅ ရာခိုင်နှုန်းထိ နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ပြုလိုက်တဲ့ ကုမ္ပဏီများဥပဒေသစ်ကို ပြဠာန်းလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာတယ်လို့ ထင်ပါသလား။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကွန်ဒိုဥပဒေနဲ့ ဆက်စပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှာ လုပ်ငန်းလာလုပ်မယ်ဆိုရင် အခန်းငှားနေတာထက် ကိုယ်ပိုင်အခန်းဝယ်နေတာက သူတို့အတွက် ပိုပြီးအဆင်ပြေစေတယ်။ ဒီလိုပိုင်ဆိုင်ခွင့်တွေရလာတဲ့အတွက် ရင်းနှီးမြှုပ်နှံမယ့်သူတွေက လုပ်ငန်းလာလုပ်ဖို့ ပိုပြီးစိတ်ဝင်စားလာကြတယ်။
ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကတော့ တိုးတက်လာနေပါတယ်။ ဥပဒေနှစ်ခုက ဆက်စပ်နေတာကြောင့် နောက်ပိုင်းလည်း ပိုပြီးတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။
မေး ကွန်ဒိုဈေးကွက်နဲ့ ရိုးရိုးတိုက်ခန်းဈေးကွက် ဘာကြောင့် ကွာခြားရသလဲ။
ကွန်ဒိုဈေးကွက်ထက် တိုက်ခန်းဈေးကွက်တွေ ဘာကြောင့်ကောင်းရလဲဆိုတော့ ရောင်းတဲ့သူတွေက ကိုယ်တိုင်အရစ်ကျနဲ့ ထုတ်ရောင်းတာတွေရှိတယ်။ ဘဏ်တွေကလည်း အိမ်ရာချေးငွေတွေ ထုတ်ပေးတာတွေရှိတယ်။ ဒါကြောင့် ဝယ်ချင်တဲ့သူတွေ၊ ဝယ်နိုင်တဲ့သူတွေ ပိုများလာတယ်။ ဒါကြောင့် ပိုရောင်းကောင်းလာတာကို တွေ့ရပါတယ်။ ကွန်ဒိုဈေးကွက်ကတော့ ဇွန်၊ ဇူလိုင်လလောက်မှာ စပြီးလှုပ်ခတ်လာမယ်လို့ မျှော်လင့်ပါတယ်။
တိုက်ခန်းတွေကျတော့ နေထိုင်ဖို့အတွက် အများဆုံးဝယ်ကြပြီး ကွန်ဒိုတွေကျတော့ ရင်းနှီးမြှုပ်နှံဖို့ (ဥပမာ ရုံးခန်းဖွင့်တာ၊ နိုင်ငံခြားသားတွေကို အိမ်ငှားတာ) ဝယ်ကြတာ များတယ်။
မေး အငှားဈေးကွက်မှာကော ဘာလိုအပ်ချက်တွေရှိနေလဲ၊ ဘယ်လိုအလားအလာတွေ ရှိနေလဲ။
မြန်မာနိုင်ငံမှာတော့ ကွန်ဒိုအငှားဈေးကွက်က အားကောင်းနေတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားသားတွေက ကွန်ဒိုတွေကိုပဲ အငှားများတာကြောင့်ပဲ ဖြစ်ပါတယ်။ ရုံးခန်းဖွင့်တာပဲဖြစ်ဖြစ်၊ နေထိုင်ဖို့ပဲဖြစ်ဖြစ် ကွန်ဒိုတွေကို ငှားရမ်းလာကြတာကြောင့် နောက်ပိုင်းမှာလည်း အငှားဈေးကွက်က ကောင်းလာဖို့ ရှိပါတယ်။
အခုနောက်ပိုင်းမှာ ပိုပြီး ကွန်ဒိုအငှားဈေးကွက်က ပိုပြီးအားကောင်းလာတယ်။ ဘာကြောင့်လဲဆိုရင် အငှားဈေးတွေကို လျှော့ချပြီး ငှားရမ်းလာတာကြောင့်ပဲ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ မိသားစုတစ်စုနေထိုင်ဖို့ ကွန်ဒိုတစ်ခန်းဆိုရင်တော့ ဒေါ်လာ ၁,၅ဝဝ လောက် ဈေးရှိပြီးတော့ တစ်ယောက်တည်းနေတဲ့သူတွေအတွက်တော့ ကွန်ဒိုငှားရမ်းခက ဒေါ်လာ ၈ဝဝ လောက်ရှိပါတယ်။ အများဆုံးကတော့ ဒေါ်လာ ၈ဝဝ ပတ်ဝန်းကျင် ကွန်ဒိုတွေက အငှားပိုသွက်ပါတယ်။ ဒေါ်လာ ၄,ဝဝဝ နဲ့ ၅,ဝဝဝ တန် ကွန်ဒိုတွေရှိပေမဲ့ အဲဒီအခန်းတွေဟာ အမှုဆောင်အရာရှိချုပ်(စီအီးအို)လို ရာထူးအဆင့်ရှိတဲ့သူတွေပဲ နေထိုင်နိုင်ကြတဲ့အတွက် အရမ်းကိုနည်းပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေက လစာကောင်းကြတော့ သူတို့လစာရဲ့ ၃ဝ ရာခိုင်နှုန်းလောက်ကို နေထိုင်စရိတ်အတွက် အသုံးပြုတတ်ကြပါတယ်။
ပြည်တွင်းအငှားဈေးကွက်မှာတော့ ငွေကျပ် နှစ်သိန်းခွဲကနေ လေးသိန်းလောက်ထိ ဈေးရှိတဲ့အခန်းတွေ အငှားသွက်ပြီးတော့ မီနီကွန်ဒိုနဲ့ ရိုးရိုးတိုက်ခန်းတွေပဲ အငှားများကြပါတယ်။ ကွန်ဒိုတွေကိုတော့ မြန်မာတွေ အငှားနည်းပါတယ်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties