By The Myanmar Times, Shweproperty.com
Updated at 1 November 2017
လက်ရှိအချိန်တွင် ကျဆင်းလျက်ရှိသော ဆောက်လုပ်ရေးကဏ္ဍ ပြန်လည်ကောင်းမွန် ခေါင်းထောင်လာစေရန် ဗဟိုအစိုးရနှင့် ထိုကဏ္ဍ၏အချက်အချာဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့၏ ကူညီပံ့ပိုးမှုများ လိုအပ်နေ သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
၎င်းတို့ တောင်းဆိုကြသည်မှာ အခွန်နှုန်းထားနှင့် ဘဏ်တိုးနှုန်း ပြင်ဆင်မှုအပါအဝင် မူဝါဒဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများဖြစ်သည်။
လက်ရှိ ပေးဆောင်နေရသော အိမ်ခြံမြေဆိုင်ရာ အခွန်နှုန်းထားမှာ အခြားနိုင်ငံများနှင့်ယှဉ်လျှင် များပြားနေသဖြင့် ထိုကိစ္စကို ပြန်လည်စဉ်းစားစေချင်သည်ဟု အမ်ကေတီ (MKT) ဆောက်လုပ်ရေးလုပ်ငန်း၏ ဥက္ကဠ ဦးမျိုးမြင့်က ပြောသည်။
လက်ရှိကောက်ခံနေသော အခွန်နှုန်းထားမှာ ဝင်ငွေ ရလမ်းပြနိုင်သော ငွေဖြူဖြင့် အိမ်ခြံမြေဝယ်လျှင် တံဆိပ်ခေါင်းခွန် လေးရာခိုင်နှုန်းမှအပ အခွန်ဆောင်ရန် မလိုအပ်ဘဲ ရလမ်းမပြနိုင်သော ငွေဆိုလျှင် အိမ်တန်ဖိုး ကျပ်သိန်း ၃ဝဝ အထိဆိုလျှင် အခွန် ၁၅ ရာခိုင်နှုန်း၊ သိန်း ၃ဝဝ အထက်မှ သိန်း ၁,ဝဝဝ အထိဆိုလျှင် အခွန် ၂ဝ ရာခိုင်နှုန်းနှင့် သိန်း ၁,ဝဝဝ အထက်ဆိုလျှင် အခွန် ၃ဝ ရာခိုင်နှုန်း ဝင်ငွေခွန်ပေးဆောင်ရန် သတ်မှတ်ထားသည်။
သို့သော် ကွန်ဒိုကဲ့သို့သော တန်းမြင့်အိမ်ခန်းများ၊ ဈေးကြီးသော အိမ်ခြံမြေများကို ဝယ်ယူသူအများစုသည် ငွေရလမ်းပြနိုင်မှုနည်းသဖြင့် အခွန်ကို ၃ဝ ရာခိုင်နှုန်းဆောင်ကြရခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းမှ သိရသည်။
အခြားတစ်ဖက်တွင်လည်း ထိုကဲ့သို့ ကောက်ခံမှုမှာဖြစ်သင့်သည်ဟု ဆိုသည်များလည်း ရှိနေသည်။
ဒုတိယအချက်အနေဖြင့် ဘဏ်အတိုးနှုန်းကို လျှော့ချပေးစေလိုပြီး ခိုင်မာသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအတွက် အပေါင်ပစ္စည်းမပေးဘဲ ချေးငွေရယူနိုင်ခွင့်ရှိစေလိုကြောင်း ဦးမျိုးမြင့်က ပြောသည်။
လက်ရှိတွင် ဗဟိုဘဏ်က အပေါင်ပစ္စည်းမဲ့ ငွေချေးခွင့် ပုဂ္ဂလိကဘဏ်များကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားထားသော်လည်း ပြည်တွင်းဘဏ်များသည် နည်းပညာဆိုင်ရာ အခက်အခဲများကြောင့် ထိုကိစ္စကို မဆောင်ရွက်နိုင်သေးပေ။
ထိုသို့ဖြစ်နေသောကြောင့် ယင်းကိစ္စကို ဆောင်ရွက် နိုင်သော နိုင်ငံခြားဘဏ်များထံမှ ပြည်တွင်းလုပ်ငန်းရှင် များက ငွေချေးခွင့်ရသင့်ပြီဟုလည်း ဦးမျိုးမြင့်က ဆိုသည်။
''နိုင်ငံခြားဘဏ်တွေအနေနဲ့ လုပ်ငန်းရှင်တွေကို တိုက်ရိုက်ချေးငွေပေးမယ်ဆိုရင် ကျွန်တော်တို့က ကြိုဆိုတာပေါ့။ အတိုးနှုန်းသက်သာတယ်။ အပေါင်ပစ္စည်းပေးဖို့ မလိုဘူး။ ပြည်တွင်းဘဏ်တွေက နိုင်ငံခြားဘဏ်တွေကို တိုက်ရိုက်ချေးငွေပေးဖို့ ကန့်ကွက်ပြီး သူတို့ဘက်က ငွေကြေးဖောင်းပွမှုများမှာစိုးလို့ အဲဒီလိုမလုပ်ဘူးလို့ ပြောတယ်''ဟု ၎င်းကဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်းအတွက် အစိုးရအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဖြေလျှော့ရန်လိုကြောင်း နှစ် ၄ဝ ကျော် အတွေ့အကြုံရှိသော မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဠ ဦးသာအေးက ပြောသည်။
''မူဝါဒနဲ့ပတ်သက်ပြီး မဖြစ်သင့်တာတွေကို ခွင့်မပြုပါနဲ့၊ ဒါပေမဲ့ ဖြစ်သင့်တာတွေကိုတော့ အချိန်မဆွဲဘဲ ခွင့်ပြုစေချင်ပါတယ်။ မလိုအပ်ဘဲ မူဝါဒနဲ့ပတ်သက်ပြီးဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အချိန်တွေအများကြီး အသုံးပြုရတော့ အဆင်မပြေပါဘူး။ အစိုးရက အပြုသဘောဆောင်ပြီး ဆောင်ရွက်ပေးစေချင်ပါတယ်''ဟု ၎င်းက ပြောသည်။
ဦးမျိုးမြင့်ကလည်း ဆောက်လုပ်ရေးဆိုင်ရာ မြို့တော်စည်ပင်လုပ်ငန်းစဉ်များ မြန်ဆန်စွာ ဆောင်ရွက်ရန် အလွန်လိုအပ်ကြောင်း ဆက်ပြောခဲ့သည်။
''စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုရင် စည်ပင်ကနေ ခွင့်ပြုချက်ယူရတာက အချိန်သိပ်ကြာတာမျိုးတွေရှိတယ်။ ခွင့်ပြုချက်ပေးဖို့ စည်ပင်အနေနဲ့ ဆက်စပ်တဲ့ ဝန်ကြီးဌာနတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး One Stop Services ပေးစေချင်တယ်''ဟု ၎င်းကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့တော်စည်ပင်ဖွံ့ဖြိုးစေရန် တာဝန်ရှိသည့်အားလျော်စွာ မူဝါဒပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲသင့်သည်များကို အမြန်ဆုံး ပြုပြင်ပြောင်းလဲစေလိုကြောင်း ဦးသားအေးက ပြောသည်။
ပြီးခဲ့သော အောက်တိုဘာ နောက်ဆုံးပတ်က တော်ဝင်ဟိုတယ်တွင် ကျင်းပသော တော်ဝင်ဟိုတယ်ဥက္ကဠ ဦးကိုကိုထွေး၏ စီးပွားရေးလုပ်ငန်း နှစ် ၅ဝ ပြည့်အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အဆောက်အအုံအသစ်များ တည်ဆောက်ရာတွင် အခက်အခဲများဖြစ်ပေါ်ပါက အစိုးရအဖွဲ့အနေဖြင့် ကူညီရန် အဆင်သင့်ရှိကြောင်း ပြောခဲ့သည်။
''ရန်ကုန်မြို့မှာ အဆောက်အအုံ အသစ်တွေ ပေါ်ပေါက်လာတဲ့အခါ တည်ဆောက်ရေးလုပ်ငန်းအတွက် အခက်အခဲဖြစ်နေတယ်ဆိုလည်း ကျွန်တော်တို့တိုင်းအစိုးရအဖွဲ့က ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အကူအညီပေးမှုဟာ မူဘောင်အတွင်း ကနေ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း ကျွန်တော်တို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်''ဟု ၎င်းက ဆိုခဲ့သည်။
ဦးသာအေးကမူ ''အစိုးရအနေနဲ့ အပြောနဲ့ပဲမဟုတ်ဘဲ အလုပ်နဲ့ လက်တွေ့ပြရင်တော့ ကောင်းတာပေါ့'' ဟု ပြောသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties