By The Voice Weekly, Shweproperty.com
Updated at 17 October 2013
ရန်ကုန်မြို့တွင်း မြို့ပြင် အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက်များကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ အရောင်းအဝယ် အေးစက်လျက် ရှိသော အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ပွင့်လင်းရာသီ ရောက်လာသော်လည်း အရောင်းအဝယ် အေးနေကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။
“အရောင်းအဝယ် မဖြစ်သေးဘူး။ အချို့နေရာတွေကတော့ နည်းနည်း အရောင်းအဝယ် ဖြစ်တယ်” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးနေမျိုးအောင်က ပြောဆိုသည်။
မရမ်းကုန်း၊ အင်းစိန်နှင့် မင်္ဂလာဒုံ မြို့နယ်တို့တွင်မူ စက်တင်ဘာလ နောက်ဆုံးပတ်ကထက် အရောင်းအဝယ် အနည်းငယ် တက်လာကြောင်း အဆိုပါ မြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။
အဆိုပါ နေရာများမှာ စီမံကိန်း နေရာများနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုများကြောင့် ဖြစ်ပြီး မရမ်းကုန်းမြို့နယ်တွင် အဝယ်ရှိသော်လည်း အရောင်းမရှိ ဖြစ်နေကြောင်း ဦးနေမျိုးအောင်က ပြောကြားသည်။
“ဝါကျွတ်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် အရင်လကထက်စာရင် အရောင်းပိုင်းမှာရော အငှားပိုင်းမှာရော အမေးလေးတွေတော့ ရှိလာတယ်။ မရမ်းကုန်းဘက်ကတော့ အရင်ကထက် စိတ်ဝင်စားမှု ပိုများလာတယ်။ အရောင်းအဝယ်လည်း ကောင်းလာတယ်။ ဝယ်တဲ့သူတွေက နှစ်ရှည်အနေနဲ့ စဉ်းစားပြီး ဝယ်ကြတော့ အဲဒီနေရာကို ဝယ်လာကြတာ” ဟု Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ပြောဆိုသည်။
မရမ်းကုန်းမြို့နယ် ပြည်လမ်းဘေးတွင် ပေ ၂၀၊ ပေ ၆၀ ပတ်လည် တစ်ကွက်လျှင် ကျပ်သိန်း ၁၂၀၀ ခန့်၊ အင်းစိန်မြို့နယ် အင်းစိန်လမ်းမဘေးတွင် ပေ ၂၀၊ ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၁၀၀၀ ဝန်းကျင်နှင့် မင်္ဂလာဒုံမြို့နယ် အမှတ် (၃) လမ်းမကြီးဘေးတွင် ပေ ၄၀၊ ပေ ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၁၀၀၀ ဝန်းကျင် ဈေးပေါက်လျက် ရှိကြောင်း ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။
Ref : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties