By The Kumudra, Shweproperty.com
Updated at 13 January 2015
ခြောက်ပေပတ်လည်သာကျယ်တဲ့အခန်းထဲမှာ ကိုမဲကြီးတို့ ဇနီးမောင်နှံ နှစ်ဦးနေပါတယ်။ အခန်းထဲမှာ မီးတစ်လုံးသာ ထွန်းထားတာကြောင့် အလင်းရောင်က မသဲကွဲပါဘူး။ ကိုမဲကြီးရဲ့ ဇနီးက "ဒီအခန်းထဲမှာနေရတာ မွန်းကြပ်နေပြီ၊ ဘယ်တော့ ငါတို့ဒီအခန်းထဲကနေ လွတ်မြောက်မလဲ"လို့ ကိုမဲကြီးကို ပြောနေပါတယ်။
ကိုမဲကြီးတို့ ဇနီးမောင်နှံဟာ အိမ်စပေါ်တင်ဖို့ ငွေမရှိတာကြောင့် ရှမ်းလမ်းဈေးအနီးက တည်းခိုခန်းမှာ တစ်နေ့တစ်ခါရှင်းပုံစံနဲ့ နေလာတာ နှစ်လကျော်ပြီ ဖြစ်ပါတယ်။
အခုဆိုရင် ရန်ကုန်မြို့ရဲ့ အိမ်ငှားခဈေးတွေ၊ မြေဈေးတွေကြီးမြင့်လာမှုကြောင့် အိမ်ပိုင်မရှိပဲ လက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံအချို့ဟာ တည်းခိုခန်းတွေမှာ နေထိုက်လာကြပါတယ်။
အသားညိုညိုနဲ့ အရပ်ခြောက်ပေနီးပါးလောက်ရှည်တဲ့ တက္ကစီမောင်းတဲ့ ကိုမဲကြီးက "နေဖို့စားဖို့ပဲ အဓိက ရှာနေရတဲ့ခေတ်ပေါ့ဗျာ၊ တည်းခိုခန်းမှာကတော့ စပေါ်ငွေ တစ်လုံးတစ်ခဲမရှိလို့ နေနေရတာ၊ လက်တလောအိပ်ဖို့ နေရာကိုရှာရတာ၊ ကျွန်တော်တစ်ယောက်တည်းဆို အကြောင်းမဟုတ်ပေမယ့် ဇနီးကရှိတော့ မရဘူးလေ"လို့ပြောပါတယ်။
ကိုမဲကြီးက ဘာမှမစဉ်းစားပဲ အိမ်ထောင်ပြုခဲ့မိတာကြောင့် အခုဆိုရင် သူရောသူ့ဇနီးပါ နေစရာအတွက် အခက်ကြုံတွေ့ နေရတယ်လို့ ဆိုပါတယ်။ ကိုမဲကြီးတို့ ဇနီးမောင်နှံ အိမ်ထောင်ပြုခါစမှာ စပေါ်ငွေကျပ်ရှစ်သိန်းနဲ့ အိမ်ငှားနေနိုင်ခဲ့ပေမယ့် အိမ်ထောင်ပြုပြီး လေးနှစ်အကြာမှာတော့ တည်းခိုခန်းတွေမှာ တစ်နေ့တစ်ခါရှင်းပုံစံနဲ့ နေကြရတာပါ။
တည်းခိုခန်းက တစ်ညကျပ် ၄၀၀၀ သာပေးရပေမယ့် ဈေးထပ်တက်လာရင်တော့ ဈေးပေါတဲ့အခန်းနဲ့ ဈေးသက်သာတဲ့ တည်းခိုခန်းကို ပြောင်းကြရပါတယ်။
အခြေခံလူတန်းစားတွေအတွက် အိမ်ရာပိုင်ဆိုင်နိုင်ဖို့က တန်ဖိုးနည်း အငှားချအိမ်ရာ တည်ဆောက်ပြီး အိမ်ငှားခ သက်သာတဲ့အိမ်ရာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
တည်းခိုခန်းမှာ နေထိုင်စဉ် ဒုက္ခအရောက်ဆုံးနဲ့ အခက်ခဲဆုံးက အိမ်သာနဲ့ ရေချိုးခန်းလို့ တည်းခိုခန်းမှာ နေထိုင်တဲ့ ဇနီးမောင်နှံတချို့က ဆိုပါတယ်။
ကြည့်မြင်တိုင်မြို့နယ်ရှိ တည်းခိုခန်းမှာနေတဲ့ အသက် ၃၀ ကျော်အရွယ် အိမ်ထောင်ရှင်အမျိုးသားတစ်ဦးက "နေစရာ အတွက် လက်တလောဖြေရှင်းနိုင်တာက တည်းခိုခန်းပဲ၊ ကျွန်တော့်မှာ ငွေတစ်လုံးတစ်ခဲတည်း မရှိတော့ ဒေးလီးဝင်ငွေနဲ့ ဒါပဲတတ်နိုင်တယ်၊ ဘယ်တော့ ဒီဘဝက လွတ်မြောက်မလဲဆိုတာတော့ မတွေးမိဘူး၊ အခုအခြေအနေက အရေးကြီးဆုံးပဲ"လို့ ပြောပါတယ်။
တည်းခိုခန်းမှာ နေထိုင်တဲ့ ဇနီးမောင်နှံတွေကြားမှာ တစ်နေ့တစ်ခါ တည်းခိုခန်းမ မပေးနိုင်လို့ တည်းခိုခန်းမှာ ၁၀ ရက်၊ ၁၅ ရက်စာ အကြွေးတင်နေတာမျိုး တွေလည်းရှိတယ်လို့ သိရပါတယ်။
ကိုမဲကြီးရဲ့ ဇနီးဖြစ်သူက "ကျွန်မတို့နေတဲ့ တည်းခိုခန်းမှာဆိုရင် ကျွန်မတို့ကမှ တစ်နေ့တစ်ခါ ရှင်းနိုင်သေးတယ်၊ တစ်ချို့ဆို တည်းခိုခန်းခကို တစ်လစာလောက်အကြွေး တင်တဲ့သူတွေရှိတယ်၊ တည်းခိုခန်းပိုင်ရှင်လည်း နားလည်ပေးတော့ အဆင်တော့ပြေပါတယ်"လို့ ပြောပါတယ်။
ကိုမဲကြီးကတော့ "အိမ်ပိုင်မရှိပဲ လက်ထပ်ခဲ့တဲ့ တန်ခိုးတွေက အခုတည်းခိုခန်းမှာ နေနေရပြီလေ၊ တည်းခိုခန်းမှာပဲ နေနေရတော့ ကျွန်တော်တို့လင်မယားလဲ တည့်တာနည်းနည်း စကားများတာ များများဖြစ်နေပြီ၊ ဒါပေမယ့် ကျွန်တော်ကြိုးစားနေပါတယ်၊ တည်းခိုခန်းမှာနေရတဲ့ ဘဝကနေ လွတ်မြောက်အောင်ပါ"လို့ပြောပါတယ်။
တစ်နေ့ရှာသမျှငွေတွေထဲက ပိုက်ဆံကျပ် ၄၀၀၀ကို တည်းခိုခန်းက ပေးဖို့ ကိုမဲကြီး ဖယ်ထားလိုက်ပြီး ကျန်တဲ့ပိုက်ဆံတွေကို သူ့မိန်းမကိုပေးဖို့ သူ့ရဲ့ တက္ကစီကားပေါ်မှာ ခွဲခြမ်းရေးလုပ်နေပါတယ်။ သူ့ရဲ့ပါးစပ်ကလည်း "၁၀သိန်းလောက် စုရမယ်"လို့ ပြောနေပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties