By Eleve Media Group, Shweproperty.com
Updated at 20 July 2015
ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် မြောက်ဥက္ကလာပတို့ကို ဆက်သွယ်သည့် ငမိုးရိပ်ချောင်းကူးတံတားသစ် (ဗိုလ်မှူးဗထူး) ဆောက်လုပ်ရန်အတွက် မလွတ်ကင်းသည့် ဒဂုံမြောက် ၄၂ ရပ်ကွက် ငမိုးရိပ်ချောင်းနံဘေးရှိ မေတ္တာချောင်းကူးရွာမှ မပြောင်းရွှေ့သေးဘဲ ကျန်ရှိနေသည့် အိမ်ခြေ ၃၀ ခန့်အား ဇူလိုင်လအတွင်း အပြီးပြောင်းရွှေ့ပေးရန် နေထိုင်သူများ ကို ဇူလိုင် ၁၇ ရက်၌ အစည်းအဝေးခေါ်ယူ အသိပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ မလွတ်ကင်းသည့် အိမ်ခြေ ၉၀ ကျော်အား မေ ၁၄ ရက်တွင် အစည်းအဝေး ခေါ်ယူပြောင်းရွှေ့ရန် အသိပေးခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၆၀ ကျော် ပြောင်းရွှေ့သွားခဲ့ပြီး အိမ်ခြေ ၃၀ ခန့် ကျန်နေခြင်းဖြစ်သည်။
“မနေ့က တံတားတည်ဆောက်ရေး တာဝန်ရှိသူတွေ၊ မြို့နယ်စည်ပင်ကလူတွေက အစည်းအဝေး ခေါ်ပါတယ်။ အဲဒီမှာ ဦးတို့ကို ဒီလထဲမှာ အပြီးပြောင်းပေးဖို့ပြောပါတယ်။ ဦးတို့က အခြားနေရာမှာ မြေနေရာပေးဖို့ တောင်းဆိုထားတယ်။ ဒဂုံအရှေ့တို့၊ ဒဂုံတောင်တို့မှာပေါ့။ သူတို့ကပြောတယ်။ မြေနေရာပေးဖို့ အဆင်မပြေဘူးတဲ့။ ဦးတို့တော့ အခြားမှာ မြေနေရာပြန်မပေးရင် လုံးဝမပြောင်းပေးပါဘူး။ သူတို့ပေးတဲ့ ပြောင်းရွှေ့ကြေး ငါးသိန်းက အရမ်းနည်းပါတယ်။ ဒီပိုက်ဆံနဲ့ အခြားနေရာမှာ ဘယ်လိုသွားနေမလဲ”ဟု ပြောင်းရွှေ့ပေးရမည့် မေတ္တာချောင်းကူးရွာမှ ဦးမောင်သိုက်က ဇူလိုင် ၁၈ ရက်တွင် ပြောကြားသည်။
“အစ်မတို့ ဒီမှာနေလာတာ တစ်သက်ရှိပါပြီ။ သန်းခေါင်စာရင်းနဲ့ နေတာပါ။ ဒါပေမဲ့ အခု တံတားစီမံကိန်းကြောင့် ပြောင်းရွှေ့ရမယ်ဆိုတော့ အစ်မတို့က သန်းခေါင်စာရင်းနဲ့ နေတာလို့ပြောတော့ ဒီလိုပြရုံနဲ့ မရဘူးလို့ ပြောတယ်။ အစ်မတို့က ဒီတံတားနဲ့မလွတ်ရင် လွတ်နိုင်တဲ့နေရာကို နည်းနည်းနောက်ဆုတ်ပေးမယ်။ ၁၀ ပေပဲနေရ နေပါမယ်လို့ ပြောတယ်။ သူတို့ကမလွတ်ဘူးလို့ပြောတယ်။ ဒါဆို ကျွန်မတို့ကို တခြားနေရာမှာ အစားပြန်ပေးဖို့ပြောတော့လည်း အဆင်မပြေဘူး။ ပြောင်းရွှေ့စရိတ်ကို ကျပ် ငါးသိန်းထက် ပိုပေးဖို့ကျတော့ ညှိတော့လည်း အဆင်မပြေဘူး။ အခုအချိန်ပြောင်းရရင် မိုးတွေလည်းရွာနေတယ်။ ကျောင်းသားတွေလည်း ကျောင်းတက်ချိန်ဆိုတော့ ပြောင်းရွှေ့ဖို့အဆင်မပြေပါဘူး” ဟု ပြောင်းရွှေ့ပေးရမည့် အိမ်ပိုင်ရှင် ဒေါ်မူမူဆွေက ပြောကြားသည်။
ဒဂုံမြောက်ပိုင်းနှင့် မြောက်ဥက္ကလာပသို့ ဆက်သွယ်သည့် လက်ရှိနှစ်လမ်းသွား တံတားတစ်စင်းသာရှိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု များဖြစ်ပွားနေ၍ ယင်းတံတား၏ နံဘေးတွင် နောက်ထပ်တစ်စင်းဖြစ်သော ငမိုးရိပ်ချောင်းကူးတံတားသစ် (ဗိုလ်မှူးဗထူး) ဆောက်လုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့တွေထဲမှာ အများဆုံးလိုချင်တာက မြေနေရာပဲ။ မြေနေရာအစားပြန်ပေးပါ။ အစားပေးပါဆိုတဲ့နေရာမှာ မြို့နယ်အဆင့် ခရိုင်ဆိုတာမပြောနဲ့ မြို့တော်ဝန်အဆင့်တောင် မြေပေးလို့မရပါဘူး။ ဒီမြေကိုပေးလို့ရ တယ်မရဘူးဆိုတာတော့ အထက်ကိုဆက်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးမယ်။ အထက်ကကျလာတဲ့အတိုင်း ပေးပါဆိုရင်လည်း ကျွန်တော်တို့မြေနေရာရှာရဦးမှာ။ ဒဂုံမြောက်ပိုင်းထဲမှာလည်း ရချင်မှရမယ်။ ဒဂုံအရှေ့လည်း ဖြစ်ချင်ဖြစ်မယ်။ ပေဘယ်လောက်ပေးနိုင်မလဲဆိုတာလည်း ပြောလို့မရသေးဘူး။ တစ်ခုပဲရှိတယ်။ ပိုင်ဆိုင်မှုအထောက်အထားဆိုတာက ဘယ်နေရာပဲဖြစ်ဖြစ် လိုတယ်ဗျ။ ကျွန်တော်တို့နှစ် ၆၀ ဂရန်ရှိရင်တောင် နိုင်ငံတော်စီမံကိန်း တစ်ဦးတစ်ယောက်ရဲ့အခွင့်အရေးမဟုတ်ဘူး။ အိမ်ရာဆောက်မှာလည်း မဟုတ်ဘူး။ ဒဂုံမြို့သစ်မြောက်ပိုင်းတစ်ခုလုံးရဲ့တံတားဖြစ်တဲ့အတွက် ဒီတံတားတစ်စင်း ဆောက်မယ်ဆိုရင် ပြည်သူတွေအတွက် ကောင်းလာမယ်။ ဒီဘက်ကလည်း နစ်နာတာတော့ ရှိမှာပဲ။ အဲဒီတော့ နစ်နာတာကလည်း ပြည်သူအတွက်ပဲ နစ်နာတယ်လို့ ကျွန်တော်တို့က သဘောထားတယ်။ ပေးနိုင်ရင် ပြောင်းရွှေ့ကြေးစရိတ်ပဲ တိုးရင်တိုးနိုင်တယ်ဗျ”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (ရပ်မိရပ်ဖ) ဦးမြင့်ဇော်က ပြောကြားသည်။
“အမှန်ဆို ဦးတို့နေရာက လွတ်ပါတယ်။ ဒါကို ပြောင်းခိုင်းတာပါ။ ဦးတို့ မလွတ်လို့ ပြောင်းခိုင်းကြေးဆိုရင် မြောက်ဥက္ကလာပဘက်အခြမ်းက စက်ရုံတွေက ဦးတို့နေရာ ထက်တောင် တံတားစီကိန်းနဲ့ ပိုနီးကပ်နေတာ။အဲဒါတွေကိုကျတော့ လွတ်တယ်လို့ ပြောတယ်”ဟု မေတ္တာချောင်းကူးရွာမှ ဦးမောင်သိုက်က ဆက်လက်ပြောကြားသည်။
“တံတားစီမံကိန်းကစနေပြီ။ မြောက်ဥက္ကလာပဘက်မှာဆိုရင်Pile တွေတောင် တူးနေပြီ။ ဒီဘက်မှာတော့ ပစ္စည်းချလို့မရဘူး။ တံတားရဲ့ယက်မတစ်ချောင်း တစ်ချောင်းကို ၁၁၅ ပေလောက်ရှိတယ်။ ကရိန်းအတွက်လည်းရှိတယ်။ ဘယ်လိုမှ မလွတ်နိုင်ဘူး”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဇော်က ဆိုသည်။ ယင်းတံတားကို ယခု ၂၀၁၅-၂၀၆ ဘဏ္ဍာနှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဟု သိရသည်။
Ref : Eleve Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties