By Eleven Media Group, Shweproperty.com
Updated at 8 February 2016
Dagon City စီမံကိန်း ရပ်ဆိုင်းခဲ့သည့်အတွက် ကမ္ဘာအေးဘုရားလမ်းရှိ အစားပြန်ပေးသည့် မြေ ၁၇ ဧကကျော်ပေါ်တွင် လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC ) ခွင့်ပြုချက်ကို Marga Landmark Development Company Limited က ရရှိခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး (၄/၂၀၁၆) မှ Marga Landmark Development Company Limited အား ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ မြေ ၁၇ ဒသမ ၇၀ ဧက ပေါ်တွင် အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်ရန်အတွက် ခွင့်ပြုမိန့် ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၄/၂၀၁၆ အစည်းအဝေးမှ ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများစာရင်း ထုတ်ပြန်ချက်တွင် Marga Landmark Development Company Limited မှ လုပ်ငန်းလုပ်ကိုင်မည့် တည်နေရာအား ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်းထောင့်ရှိ မြေ ၁၇ ဒသမ ၇၀ ဧကဟုသာ ဖော်ပြထားသည်။ အဆိုပါ မြေနေရာမှာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနပိုင် မြေနေရာဖြစ်သည်။
Dagon City စီမံကိန်းမှာ ရွှေတိဂုံစေတီတော် အနီးရှိ ယခင်နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နှင့် အမှတ်(၁)မော်တော်ယာဉ် တပ်ရင်းနေရာဟောင်းတွင်ဖြစ်ပြီး ယင်းစီမံကိန်းမှာ စနစ်တကျ မထိန်းကွပ်နိုင်ပါက ရွှေတိဂုံစေတီတော် ရေရှည်တည်တံ့မှုအတွက် စိုးရိမ်ရသဖြင့် ရဟန်းရှင်လူပြည်သူ များ၊ အဖွဲ့အစည်းများက ကန့်ကွက်သဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် အစိုးရက အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ ရပ်ဆိုင်းခဲ့သည်။
ယင်းအမိန့်ကြော်ငြာတွင် စီမံကိန်းများ အကောင်အထည်ဖော်မှုကြောင့် ရွှေတိဂုံစေတီတော်ကြီးအား ထိခိုက်မှုရှိမည်ကို ရဟန်းရှင်လူ ပြည်သူများ စိုးရိမ်ပူပန်နေခြင်း၊ ပညာရှင်များက ပညာရပ်ပိုင်းဆိုင်ရာ သုံးသပ်ချက်များကို သမ္မတထံ ပေးပို့အကြံပြု ခြင်း၊ စိုးရိမ်ပူပန်သူအချို့က စီမံကိန်းရပ်ဆိုင်းပေးရန် သမ္မတကို မေတ္တာရပ်ခံခဲ့မှုများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် မသင့်ဟု သုံးသပ်တင်ပြမှုများ အပါအဝင် ရင်းနှီးမြှုပ်နှံသူများနှင့် ညှိနှိုင်းရာတွင် လိုလားစွာ လက်ခံခြင်းတို့ကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်နှင့် စီမံကိန်းအားလုံးကို အပြီးသတ်ရပ်ဆိုင်းလိုက်သည်ဟု ဖော်ပြပါရှိပြီး ကြေညာချက်၏အဆုံးသတ်တွင် 'ဤသို့ စီမံကိန်းအား အပြီးသတ် ရပ်ဆိုင်းလိုက်ခြင်းကြောင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိကြသည့် ရင်းနှီးမြှုပ်နှံသူများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်' ဟု ဖော်ပြထားသည်။
အဆိုပါ Dagon City စီမံကိန်းလုပ်ကိုင်ခွင့်ရသူများမှာ ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလိမိတက် အပါအဝင် Adventure Myanmar Tours and Incentives Co.,Ltd၊ သုခရတနာ ကုမ္ပဏီလိမိတက်နှင့် Marga Landmark Development Co.,Ltd.,တို့ ဖြစ်သည်။
Ref : Eleven Media Group
Photo Credit : Eleven Media Group
Posted By : Myat MInn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties