By The Myanmar Times, Shweproperty.com
Updated at 9 July 2015
ဒဂုံမြို့သစ် လေးမြို့နယ်တွင် တစ်ခုအပါအဝင် ဖြစ်သော ဒဂုံဆိပ်ကမ်းမြို့သစ်တွင် တန်ဖိုး နည်းအိမ်ရာများကိုသာ အဆောက်များလာသည့်အတွက် ရန်ကုန်မြို့၏ တန်ဖိုးနည်း အိမ်ရာ မြို့တော်ဟုပင် တင်စားခေါ်ဝေါ်လာနိုင်ပြီဖြစ်သည်။
ရန်ကုန်မြို့နယ် တော်တော်များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာန က တန်ဖိုးမျှတနှင့် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေး လျက်ရှိပြီး တန်ဖိုးနည်း အိမ်ရာအများစုကိုမူ ဒဂုံဆိပ်ကမ်းမြို့သစ်တွင် စုစည်းတည်ဆောက် ထားသည်ကို တွေ့ရ ခြင်းကြောင့် ဒဂုံဆိပ်ကမ်းမြို့သစ်ကို ယခု အချိန်တွင် တန်ဖိုးနည်းအိမ်ရာ မြို့တော်ဟုပင် သတ်မှတ်လာနိုင်ကြောင်း အိမ်ရာလုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။ "တခြားမြို့သစ်တွေမှာ လုံးချင်းအိမ်ရာ တွေ အဝယ်များတုန်းကတည်းက ဒဂုံ ဆိပ်ကမ်းမြို့သစ်မှာ အိမ်ရာတွေကိုပဲ အဝယ် များခဲ့တယ်။ ဒဂုံဆိပ်ကမ်းမှာ လုံးချင်းအိမ်ရာ တွေရှိပေမယ့် နည်းတယ်။ သုံးထပ်မြင့်အိမ်ရာ တွေ၊ ငါးထပ်မြင့်အိမ်ရာတွေပဲ များတယ်။ မြို့သစ်ဖြစ်တော့ အိမ်တန်ဖိုးလည်း သိပ်မများ တော့ အခြေချနေထိုင်မယ့်သူတွေက နေဖို့ ဝယ်ကြတယ်"ဟု သစ္စာအိမ်ခြံမြေ အကျိုးဆောင် ဒေါ်သူဇာမေက ပြောသည်။ မြို့ထဲဧရိယာနှင့် နီးကပ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သိပ်မစည် ကားခဲ့သော ဒဂုံဆိပ်ကမ်းမြို့နယ် သည် ယခုချိန်တွင် ကားလမ်းများလည်း ဖောက်လုပ်နိုင်ခဲ့ပြီး အခြားမြို့နယ်များသို့ ပြေးဆွဲနေသော အများသုံးယာဉ်များလည်း အများအပြားရှိလာပြီး မြို့လယ်သို့ တစ်နာရီ ခန့်ဖြင့် အရောက်သွားနိုင်သည့်အတွက် သွားလာရေးအဆင်ပြေသော မြို့သစ်တစ်ခုဖြစ်လာခဲ့သည်။
"ဒဂုံဆိပ်ကမ်းကနေ ၄၅ မိနစ်လောက် လိုင်းကားစီးရင်ကို မြို့ထဲကိုလာလို့ရတယ်။ ကားပိတ် ရင်တော့ တစ်နာရီလောက်ကြာ တယ်။ သူ့ထက်အရင်မြို့တည်တဲ့ ရန်ကင်းတို့၊ တောင်ဥက္ကလာ တို့၊ သင်္ယန်ကျွန်းတို့ထက်တောင် မြို့ထဲဧရိယာနဲ့ပိုနီးတော့ သွားလာ ရေးလည်း အဆင်ပြေလာပြီး မြို့ထဲမှာအလုပ် လုပ်ရတဲ့ဝန်ထမ်းတွေ အနေများကြတယ်။ တိုက်ခန်းတွေ အဆောက်များလာပြီး စည်လာ တော့ နေထိုင်ချင်သူတွေ ပိုစိတ်ဝင်စားလာကြတယ်"ဟု ၎င်းကပြောသည်။
အိမ်ခြံမြေအကြံပေး ဦးအောင်မင်းက လည်း "အရင်က ဒဂုံလေးမြို့နယ်မှာ မြောက်ဒဂုံက ပိုစည်ပေမယ့် အခုချိန်မှာ အိမ်ရာသစ် အများစုကို ဒဂုံဆိပ်ကမ်းမြို့သစ်မှာ တည်ဆောက် လာခဲ့လို့ ဒဂုံမြို့သစ်လေးခုမှာ ဒဂုံဆိပ်ကမ်းက ပိုစည်လာနိုင်တယ်လို့ ပြောလို့ ရပါတယ်။ အခုဆောက်ပြီးသလောက် အိမ်ရာသစ်တွေနဲ့တောင် ဒီလောက် မြို့က စည်ပင်လာပြီး နေထိုင်မယ့်သူတွေများလာခဲ့တော့ နောက်ထပ်လည်း အိမ်ရာသစ်တွေထပ်ဆောက်မယ် ဆိုရင် ဒဂုံဆိပ်ကမ်းက ထင် မှတ်မထားလောက်အောင်ကို စည်ကားတဲ့ မြို့သစ်တစ်ခု ဖြစ်လာမှာပါ"ဟု ပြောသည်။ နိုင်ငံအများစုတွင် တန်ဖိုးနည်းအိမ်ရာ များကို စုစည်းတည်ဆောက် ထားသော တန်ဖိုး နည်းအိမ်ရာမြို့တော်များရှိပြီး ဒဂုံဆိပ်ကမ်းမြို့သစ်သည်လည်း မြန်မာနိုင်ငံ၏ တန်ဖိုး နည်းအိမ်ရာ မြို့တော်တစ်ခုဖြစ်လာနိုင်မည် ဟု ဆာဗာနားနိုင်ငံတကာအိမ်ခြံမြေအကျိုးဆောင် ဒုတိယဥက္ကဋ္ဌ Ms.Gidgetekena က ပြောသည်။
"နိုင်ငံတိုင်းမှာ တန်ဖိုးနည်းအိမ်ရာ မြို့တော်တွေ ရှိခဲ့တယ်။ စင်္ကာပူမှာ ဘူခစ်မယ် ရာဆာဗာနားတို့၊ မလေးရှားမှာဆိုလည်း ဘန်ဒါကပ်စူရာတို့လို ရန်ကုန်မှာလည်း ဒဂုံဆိပ်ကမ်းက တန်ဖိုးနည်း အိမ်ရာမြို့တော် ဖြစ်လာမှာပါ။ ဒီနှစ်မှာဆောက်မယ့် တန်ဖိုး နည်းအိမ်ရာတွေအပြင် နောင်နှစ်တွေမှာ လည်း တန်ဖိုးနည်းအိမ်ရာဆို ဒဂုံဆိပ်ကမ်း မြို့ကိုပဲ ဦးစားပေးဆောက် မယ်ထင်ပါတယ်"ဟု ၎င်းကပြောသည်။
လက်ရှိတွင်လည်း စင်ကာပူနိုင်ငံအခြေစိုက် ဆာဗာနားနိုင်ငံတကာအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့်ပူးပေါင်းကာ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ မြေဧက ၂၂၀ ပေါ်တွင် တန်ဖိုးနည်းတိုက်ခန်းများ တည်ဆောက်ခြင်းအပြင် မဟာ စီမံကိန်းများ၊ ဗိသုကာပညာဆိုင်ရာ အကြံ ပေးခြင်းများ၊ မြို့ပြတည်ဆောက်ခြင်းများနှင့် လျှပ်စစ်မီးရရှိအောင် ပြုလုပ်ခြင်း များကို ဆောင်ရွက်နေကြောင်း ဆာဗာနား တာဝန်ရှိသူတစ်ဦးက ပြောသည်။
"မြန်မာအစိုးရနဲ့ ပူးပေါင်းပြီးတော့ ဒဂုံ ဆိပ်ကမ်းမြို့သစ်အတွက် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်တာတွေ၊ ဗိသုကာပညာဒီဇိုင်းတွေနဲ့ လျှပ်စစ်မီးရအောင် ဆောင်ရွက်တာ တွေမှာ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံမှာ ဆိုရင် စတုရန်းပေအကျယ် ဘယ်လောက်မှာ လူအများသုံးနေရာပန်းခြံသို့မဟုတ် ကစားကွင်းတစ်ခု မဖြစ်မနေ ထည့်သွင်းတည်ဆောက်မယ့် မြို့ပြဒီဇိုင်းကိုပါ တစ်ခါတည်း စီမံရပေမယ့် အခုမြန်မာနိုင်ငံမှာ အစိုးရဘက်က အဲဒီလိုမြို့ပြဒီဇိုင်း ရေးဆွဲဖို့ မငှားလို့ အများသုံးနေရာတွေ အတွက် ထည့်ဆောက် မထားပါဘူး။ အိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းတစ်ခုတည်းကိုပဲ ဆာဗာနားကဆောင် ရွက်ပေးထားပါတယ်"ဟု ၎င်းကပြောသည်။
ထို့ပြင် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တန်ဖိုး နည်းအိမ်ရာအခန်းများစွာ ဆောက်လုပ်ပြီးစီးလျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်းတွင်လည်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၀,၀၀၀ ကျော်ကို ဆောက်လုပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်သည်။ ယခုကဲ့သို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ များပြားလာသည့်နောက်ပိုင်းတွင် ပိုမိုစည်ကားလာသည့်အပြင် ပြောင်းရွှေ့ နေထိုင်သူများလည်း ပို၍များပြားလာကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လေးနှစ်ကြာခန့် နေထိုင်လျက်ရှိသည့် ဒေသခံတစ်ဦးဖြစ်သူဒေါ်မြမြဝင်းက ပြောသည်။
"ဒဂုံဆိပ်ကမ်းမြို့ကို ကျွန်မတို့ရွှေ့မလာခင် ကတည်းက သူကမြို့လေးတစ်ခုလိုသီးသန့်ရှိပြီး စည်ပါတယ်။ အခုနောက်ပိုင်းတော့ ပိုပြီးတော့ကို စည်လာတယ်။ ဒီဘက်ကို ပြောင်းပြီး နေတဲ့သူလည်း များလာတယ်။ ဝန်ထမ်း၊ အငြိမ်းစား လူတန်းစားမျိုးစုံ နေကြ တယ်။ အရင်က မြေကွက်လပ်ကျယ်တွေရှိပေမယ့် အခုတော်တော်များများ မရှိတော့ဘူး။ တန်ဖိုးနည်းအိမ်ရာ ဆောက်တာတွေ ဖြစ်ကုန် ပြီ" ဟု ၎င်းကပြောသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ယုဇနဥယျဉ်မြို့ တော်၊ စစ်တောင်းအိမ်ရာ စသည့်အိမ်ရာ များဖြင့် မြို့ပြလေးတစ်ခုအဖြစ်ရှိခဲ့ပြီး နောက်ပိုင်းတွင် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတ အိမ်ရာများဖြင့် မြို့ပြကြီးတစ်ခုသဖွယ် ဖြစ်လာ နိုင်မည်ဖြစ်သည်။ သို့သော် ဒဂုံဆိပ်ကမ်းမြို့နယ်၏ အိမ်ခြံ မြေဈေးကွက်သည် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများထက် အခြေချနေထိုင်သူများနှင့် လုပ်ငန်း လုပ်ကိုင်လိုသူများအတွက်သာ မျက်စိကျရာ နေရာတစ်ခုဖြစ်သည့်အတွက် အိမ်ခြံ မြေဈေးနှုန်းများမှာ အခြားမြို့နယ်များကဲ့သို့ သိသိသာသာ မြင့်တက်ခြင်းမရှိဘဲ ဈေးကွက်မှာလည်း တစ်ဟုန်ထိုး ဝယ်လိုအားကောင်းသည့် နေရာမဟုတ်ကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင် ကိုဟိန်းဇံက ပြောသည်။ "ဒဂုံဆိပ်ကမ်းဘက်မှာ ဈေးကစားတာတို့၊ ဝယ်ပြီးရင်းနှီးမြှုပ်နှံတာတို့ အရမ်းမရှိဘူး။ ဒီအတိုင်း အခြေချပြီး နေမယ့်သူတွေ ဒါမှမဟုတ် ဒဂုံဆိပ်ကမ်းစက်မှုဇုန်မှာ လုပ်ငန်း လုပ်မယ့် သူတွေလောက်ပဲ ဝယ်ကြ၊ ငှားကြ တာ များပါတယ်။ အဲဒါကြောင့် ဈေးနှုန်းကလည်း တခြားမြို့နယ်တွေလို တစ်နှစ်ထက်တစ်နှစ် အရမ်းတက်သွားတာမျိုးတွေ သိပ်မရှိဘူး" ဟု ၎င်းကပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ခြံမြေဈေးနှုန်း များသည် လူနေရပ်ကွက်ရှိ ဈေးနှုန်းများမှာ ရတနာလမ်းမ၊ ဧရာဝဏ်လမ်းမပေါ်များတွင် စတုရန်းပေ ၂,၄၀၀ ရှိ မြေကွက်များမှာ ကျပ် သိန်း ၁,၀၀၀ ခန့်ရှိပြီး လမ်းသွယ် များတွင် ကျပ် သိန်း ၁၅၀ မှ ၂၀၀ အထက်တွင်ရှိသည်။ မြေငှားဈေးနှုန်း များမှာ စက်မှုဇုန်အတွင်းတွင် တစ်လ ကျပ် ၁၅ သိန်းမှ သိန်း ၄၀ အထိ အစားစားရှိသည်။
Ref : The Myanmar Times Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties