By Sint Sint, Shweproperty.com
Updated at 19 March 2020
ရန်ကုန် မြို့ကို မြို့တွင်းမြို့နယ်တွေရော၊ ဆင်ခြေဖုံးမြို့နယ်တွေပါ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ဘက်ပေါင်းစုံက အကောင် အထည်ဖော်နေချိန်ဖြစ်ပါတယ်။ စီမံကိန်းတွေ ချမှတ်ပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ဆောင်ရွက်နေတာမို့ တည်ဆောက် ရေးလုပ်ငန်းတွေ အရှိန်အဟုန်ရရှိနေပါတယ်။ ဒီလို တည်ဆောက်တဲ့အခါ စံချိန်စံညွှန်းမီတဲ့ မြို့နယ်တွေ၊ ခရိုင်တွေ ထွက်ပေါ်အောင်လည်း ကြိုးစားနေပြီး အခုအချိန်မှာတော့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ကို စမတ်ခရိုင်အဖြစ် အကောင် အထည်ဖော်ဖို့ အစီအစဉ်တွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
ယှဉ်ပြိုင်မှုအဆိုပြုလွှာတင်ဖို့ ဖိတ်ခေါ်
ဒဂုံမြို့သစ် (ဆိပ်ကမ်း) ရဲ့ မြေဧက ၁၁၀၀ ကျော်ပေါ်မှာ Smart District အဖြစ် ဆောင်ရွက်ဖို့ တိုင်းရင်းသားကုမ္ပဏီတစ်ခုကို စီမံကိန်း ယှဉ်ပြိုင်မှုအဆိုပြုလွှာတင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထား ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မတ် ၁၀ ရက်နေ့မှာ စတင်ဖိတ်ခေါ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်မှာ ပြန်လည် တင်ပြရမှာဖြစ်ပါတယ်။
စမတ်ခရိုင်အဖြစ် အကောင်အထည်ဖော် မယ့် ဒီစီမံကိန်းအတွက် အဲဒီကုမ္ပဏီက စီမံကိန်းဒီဇိုင်းနဲ့ ကုန်ကျစရိတ်တွေကို ဦးစွာ အဆိုပြုတင်သွင်းရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကျန်ကုမ္ပဏီတွေက အဲဒီကုမ္ပဏီက တင်ပြထားတဲ့ ဒီဇိုင်းပုံစံအပေါ် ကုန်ကျစရိတ်ကို တွက်ချက်ယှဉ်ပြိုင်ပြီး စီမံကိန်းအကောင်အထည်ဖော်တည်ဆောက် ဖို့ ဈေးနှုန်းအဆိုပြုရခြင်းဖြစ်ပါတယ်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) ရဲ့ စမတ်ခရိုင် စီမံကိန်းကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကုမ္ပဏီတွေဟာ မူလက အဆိုပြုထားတဲ့ ကုမ္ပဏီကို ယှဉ်ပြိုင်နိုင်ရတဲ့အခါ စီမံကိန်းဒီဇိုင်း ကုန်ကျစရိတ်နဲ့ စီမံကိန်းလေ့လာဆန်းစစ်မှုကုန်ကျစရိတ်တွေကို ပြန်ပေးရမှာဖြစ်ပါတယ်။ အခုဆိုရင် အဲဒီစီမံကိန်းအတွက် ဒီဇိုင်းပုံစံနဲ့ ကုန်ကျစရိတ်တွေကို ပထမဆုံးရေးဆွဲ တွက်ချက် တင်ပြဖို့ဆောင်ရွက်နေပြီဖြစ်ပါ တယ်။
စက်မှုဇုန် တစ်ခုလည်းရှိ
ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဟာ ရန်ကုန်မြို့ရဲ့ အရှေ့အလယ်ပိုင်းမှာ တည်ရှိပြီး ၁၉၉၀ ပြည့်နှစ်မှာ အကောင်အထည်ဖော်ခဲ့ကာ ၂၀၀၀ ပြည့်နှစ်မှာတော့ အစိုးရမူလတန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၁၀ ကျောင်း၊ အထက်တန်းကျောင်း တစ်ကျောင်း တည်ရှိခဲ့ပါတယ်။ စက်မှုဇုန်တစ်ခုလည်းရှိကာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အတွင်းမှာ ပါဝင်နေပါတယ်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် တည်ရှိသလို သန်လျင်မြို့နယ် နဲ့လည်း ဒဂုံတံတားနဲ့ ဆက်သွယ်ထားပါတယ်။ အဲဒီဒဂုံတံတားကို ၂၀၀၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ရှိ ပဲခူးမြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ဒုတိယတံတားလည်း ဖြစ်ပါတယ်။
ဖော်ဆောင်ဖို့ စီစဉ်
ဒဂုံမြို့သစ် ဆိပ်ကမ်းနယ်မြေရဲ့ မြောက်ဘက်မှာ လှည်းကူးမြို့နယ်၊ အနောက် မြောက်ဘက်မှာ ဒဂုံမြို့သစ်တောင်ပိုင်း၊ အနောက်တောင်ဘက်မှာ သာကေတမြို့နယ်နဲ့ အရှေ့နှင့် အရှေ့တောင်ဘက်တွင် သန်လျင် မြို့နယ်တို့ တည်ရှိနေတာမို့ နယ်မြေဆက်စပ် မှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုနဲ့ ရန်ကုန်မြို့တွင်းရော ဝန်းကျင်ဒေသတွေကိုပါ တစ်ဆက်တည်း ဖြစ်တည်နေမှုတွေကြောင့် စမတ်ခရိုင်စီမံကိန်းကို ဖော်ဆောင်ဖို့ စီစဉ်နေ တာဖြစ်ပါတယ်။
ဒဂုံမြို့သစ်ဆိပ်ကမ်းနယ်မြေကို စမတ် ခရိုင်အဖြစ်ဖော်ဆောင်တဲ့အခါ ဧရာဝဏ် - ရတနာအိမ်ရာစီမံကိန်းတွေနဲ့ ဆက်စပ်နေတဲ့ မြေဧရိယာတွေ ပါဝင်မယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီမှာ တည်ဆောက်ဆဲ အဆောက်အဦ ၃၅ လုံး ပါဝင်ပြီး ဧရာဝဏ် လမ်း၊ ရွှေလီလမ်းနဲ့ ရတနာလမ်းတွေမှာရှိတဲ့ မြေဧရိယာတွေ ပါဝင်မှာဖြစ်ပါတယ်။
ဧရာဝဏ် - ရတနာအိမ်ရာစီမံကိန်းဟာ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှာ အစိုးရရဲ့ လမ်းညွှန်မှုနဲ့ မြေဧရိယာ ဧက ၂၂၀ ပေါ်မှာ ၁၈ ထပ် အဆောက်အဦ ၄၉ လုံးကို တည်ဆောက်ဖို့ စီမံကိန်းရေးဆွဲ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီစီမံကိန်းအထဲမှာ ပါဝင်တဲ့ ရတနာနှင်းဆီအိမ်ရာကိုတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဧရာဝဏ် - ရတနာ အိမ်ရာစီမံကိန်း ဧရိယာဧက ၂၂၀ ပေါ်က တည်ဆောက်ပြီး တည်ဆောက်ဆဲ အဆောက် အဦတွေ အပါအဝင်၊ ရတနာနှင်းဆီအိမ်ရာ တွေလည်း စမတ်ခရိုင်စီမံကိန်းထဲမှာ ပါဝင်နေ ပါတယ်။ ဒီအဆောက်အဦတွေကိုတော့ မူလ အတိုင်း ဆက်လက်ထားရှိပြီး ဖြည့်ဆည်း ရမယ့် ဝန်ဆောင်မှုတွေကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဧရာဝဏ် - ရတနာအိမ်ရာစီမံကိန်း အပါ အဝင် အဲဒီမြေဧရိယာတွေ့နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီလမ်း၊ ရွှေလီလမ်း၊ ရတနာလမ်းတွေ အနီးရှိ မြေဧရိယာ ဧက ၁၁၀၀ ခန့်မှာ လမ်း၊ ရေ၊ မိလ္လာ၊ အိုင်တီ၊ CCTV ၊ လုံခြုံရေး စနစ်စတဲ့ အခြေခံအဆောက်အဦတွေ တည်ဆောက်ခြင်းတွေကို အကောင်အထည် ဖော်ပြီး စမတ်ခရိုင်အဖြစ် ဆောင်ရွက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒီလို စမတ်ခရိုင်အကောင်အထည်ဖော် နိုင်ဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက စီစဉ်နေတာဖြစ်ပြီး တည်ဆောက်ဖော်ဆောင်ခွင့်ရတဲ့ ကုမ္ပဏီက ဖော်ဆောင်မှာဖြစ်ပါတယ်။ စမတ် ခရိုင်အဖြစ်ပေါ်ထွက်လာရင်တော့ ဒဂုံမြို့သစ် ဆိပ်ကမ်းနယ်မြေမှာတော့ စနစ်တကျဖြစ်ပေါ် လာမယ့် လမ်းစနစ်တွေ၊ လျှပ်စစ်သွယ်တန်းမှုနဲ့ သုံးစွဲမှုတွေ၊ တစ်လမ်းချင်းအလိုက် CCTV လုံခြုံရေးစနစ်တွေ၊ စာသင်ကျောင်းနဲ့ အားကစား ကွင်းတွေ၊ ကျန်းမာရေးအတွက် ဆေးကုသမှုနဲ့ အပန်းဖြေပန်းခြံတွေ၊ အများပြည်သူအသုံးပြု ဧရိယာတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
တစ်ဦးချင်းလိုက်နာနေထိုင်မှု
လူနေမှုပုံစံကို မြှင့်တင်ပေးနိုင်တဲ့ စမတ် ခရိုင် စီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်မှာ ဖြစ်၍ လူမှုရေးဆိုင်ရာ အဆောက်အဦတွေကိုလည်း စနစ်တကျ ဖြည့်ဆည်းပေးမယ့် အစီ အစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုကာ သန့်ရှင်းရေးစနစ်တွေလည်း ပါဝင်မယ့် စမတ် ခရိုင်စီမံကိန်းဟာ ရန်ကုန်မြို့မှာတော့ ဖော်ဆောင်သင့်တဲ့ စီမံကိန်းတစ်ရပ်ဖြစ်ရာ အောင်မြင်မှုရရှိဖို့ကတော့ နေထိုင်တဲ့ ပြည်သူတွေရဲ့ တစ်ဦးချင်းလိုက်နာနေထိုင်မှုအပေါ် မှာလည်း မူတည်နေပါတယ်။
စည်းကမ်းတကျနဲ့ စနစ်ကျပြီး ခေတ်မီ လူမှုဘဝနေထိုင်မှုနဲ့ ဝန်းကျင်ဖြစ်ပေါ်မှုကို ရရှိစေမယ့် စမတ်ခရိုင်စီမံကိန်းကတော့ မကြာမီကာလမှာ ပေါ်ထွက်လာဖို့ ရှိနေတာတော့ အမှန်ပါပဲ။
Ref & Photo Credit : Myanmaalinn
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties