By The Kumudra, Shweproperty.com
Updated at 24 February 2016
ဒလတံတားစီမံကိန်းစတင်တာကြောင့် ဒလရှိအိမ်ခြံမြေဈေးကွက် အပြောင်းအလဲရှိလာကာ ဈေးစုံစမ်းပြီး ဈေးကွက်ထဲဆင်းလာတဲ့ သူတွေများလာတာကြောင့် မြေဈေးအတက်ဘက်ကို ပြန်ဦးတည်နေတယ်လို့ သိရပါတယ်။ အကျိုးဆောင်တချို့ကတော့ အခုချိန်က ဈေးကွက်ထဲဝင့်ပြီးလေ့လာကြတဲ့သူတွေပဲရှိသေးတယ်။ အရောင်းအဝယ်က အေးနေတယ်လို့ပြောပါတယ်။ တချို့ကတော့ ဒလမြေဈေးက ရက်ပိုင်းအတွင်းဈေးပြန်တက်လာကာ တချို့အကွက်တွေမှာ စရန်ကြိုတင်ပေးပြီးမှ သေချာစေပြီး နောက်နေ့ဆိုမရတာမျိုးအထိ ဝယ်သူတွေပြန်ဆင်းနေတယ်လို့လည်း သိရပါတယ်။
ပွဲဆူစေတာမျိုးလား တံတားစီမံကိန်းစတင်ပြီး ရေးဆွဲကတည်းက ဒလရဲ့မြေဈေးတွေက အဆမတန်ဈေးမြင့်ခဲ့တာပါ။ ရန်ကုန်မြို့အတွင်းဝယ်သူတွေအပြင် နယ်ဘက်က အဝယ်တွေပါဆင်းပြီး ရင်းနှီးမြှုပ်နှံကြတဲ့အထိ ဖြစ်ခဲ့တယ်။ ဒုတိယရန်ကုန်လို့ တင်စားတဲ့အထိ ဒလဘက်ကို မြေအရောင်း အဝယ်တွေဖြစ်ကြတယ်။ ဒါပေမယ့် တံတားစီမံကိန်းက မစတာကြောင့် ကာလအတန်ကြာ ဒလအိမ်ခြံမြေဈေးကွက် အေးစက်ခဲ့ပြီး မြေပိုက်မိသူတွေ အများကြီးရှိခဲ့တယ်။
သည်ရက်ပိုင်းမှာ တံတားစီမံကိန်းစတင်ပြီး တံတားနဲ့ မလွတ်ကင်းတဲ့နေရာတွေက အိမ်တွေကိုလျော်ကြေးပေးပြီးနောက်မှာ ဒလဈေးကွက် လှုပ်စပြုလာပေမဲ့ ကျွမ်းကျင်သူတချို့ကတော့ သေချာလေ့လာပြီးမှ ဈေးကွက်ခဲဝင်တာမျိုးပြုလုပ်သင့်တယ်လို့ ဆိုကြပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘ဈေးကွက်ကို ပြန်ဆူအောင်လုပ်တာမျိုးလည်းဖြစ်နိုင်တယ် ၊ ဒလဘက်မှာ မြေပိုက်မိထားသူတွေရှိတယ်။ တံတားစီမံကိန်းစတာကို အကြောင်းပြပြီး မြေကွက်တွေပြန်ထုတ်ချင်တာမျိုးဖြစ်နိုင်တာကြောင့်ပါ ၊ ဒလက တကယ်ဆို ဘာမှထူးခြားပြီး ဖွံ့ဖြိုးမှုမရှိသေးတဲ့နေရာဖြစ်တာကြောင့် သတိထားပြီး ဝယ်ယူကြတာကောင်းမယ် ၊ ထပ်ပြီး ပိုက်မမိစေဖို့ပါ’လို့ ပြောပါတယ်။
မြေဈေးငြိမ်နေတာကြောင့် စီမံကိန်းတွေကို အကြောင်းပြပြီး ဈေးကွက်ပြန်လှုပ်ရှားတာမျိုးတွေလည်း ဖြစ်နိုင်တယ်လို့ သိရတယ်။မြေဝယ် မကျဆိုတဲ့စကားကို လက်ကိုင်ပြုပြီး ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိနေတယ်လို့သိရပါတယ်။
ဈေးကွက်ရဲ့ လှည့်ကွက်တွေအရ ရင်းနှီးမြှုပ်နှံထားသူအများစုက ရောင်းချင်တဲ့အချိန်မှာ ဈေးတက်တယ် ၊ ဈေးကွက်ပြန်ဖြစ်နေပြီဆိုပြီး ဈေးကွက်ကို လှုပ်ကြတယ်။ ဝယ်လက်သမားကြီးတွေက ဈေးကျနေချိန်မှာ အလားအလာရှိတဲ့နေရာတွေမှာ ဝယ်ချင်ရင်ကျိတ်ဝယ်တတ်ကြပြီး အဝယ်များလာတဲ့အချိန်မှာ ပွဲဆူအောင်လုပ်ပြီး ပြန်ထုပ်ရောင်းကြတာတွေရှိတာကြောင့်ပါ။
လက်ရှိဈေးကွက်အခြေအနေ
သည်ရက်ပိုင်း ဒလမြေဈေးတွေက ပိုမာလာတယ်။ ဝယ်သူစိတ်ဝင်စားနေတဲ့နေရာတွေက ကျန်စစ်သားရပ်ကွက် ၊ ဘုရင့်နောင် ၊ တပင်ရွှေထီး စတဲ့ရပ်ကွက်တွေလို့ သိရတယ်။ အရင်က ဈေးမေးပြီး ပြန်တဲ့သူတွေများပေမဲ့ သည်ရက်ပိုင်းမှာတော့ ဝယ်သူတွေရှိလာတယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။
ကျောက်တံတားမြို့နယ်ရှိ အကျိုးဆောင်ဦးအောင်ကျော်က ‘နေရာကောင်းတဲ့ အလားအလာရှိတဲ့နေရာတွေမှာတော့ စရန်တန်းချ ၊ နောက်နေ့ဆို မရတာမျိုးတွေတော့ရှိတယ် ၊ တချို့က ခေါ်ဈေးအတိုင်းပေးပြီးဝယ်ကြတယ် ၊ လယ်မြေတွေထက်ခြံမြေတွေ ပါမစ်တွေကို အကြိုက်များပြီး အရောင်းပိုထွက်တယ်’လို့ ပြောပါတယ်။ ဈေးကွက်ထဲဆင်းတဲ့သူအများစုက မြေရင်းနှီးမြှုပ်နှံထားသူတွေ ၊ ဝယ်ရောင်းသမားတွေနဲ့ စီးပွားရေးသမားတွေ များတယ်လို့ ဈေးကွက်အတွင်းမှ သိရတယ်။
ဒလမြေဈေးကွက်က အရင်ကတည်းက ဆူလိုက်ပွက်လိုက်ဖြစ်ပြီး ငြိမ်ကျသွားတတ်တာကြောင့် ဝယ်ရောင်းသမားကြီးတွေ ငွေမြှုပ်နှံထားနိုင် သူတွေထက် တစ်ပိုင်တစ်နိုင်နဲ့ ဈေးဝင်ကစားကြတဲ့ဝယ်ရောင်းသမားတွေ ပိုသတိထားသင့်တယ်လို့ ပြောပါတယ်။
သတိပြုသင့်တာ
ရန်ကုန်မြို့သစ်စီမံကိန်း (ကြည့်မြင်တိုင်တစ်ဖက်ကမ်း) ကလည်း လွှတ်တော်ထဲမှာ ပြန်လည်လုပ်ဆောင်မယ့်သတင်းနဲ့ ရက်ပိုင်းလောက် ဈေးကွက်လှုပ်ခတ်ခဲ့ပါတယ်။ စီမံကိန်းစတင်ရေးဆွဲတဲ့အချိန်တုန်းက ဒလလိုပဲ ဝယ်ရောင်းသမားတွေရဲ့ပွဲတော်တစ်ခုလိုဖြစ်ခဲ့ပြီး အခုချိန်အထိမြေပိုက်မိနေသူတွေ ရှိနေပါသေးတယ်။
ဒဂုံလေးမြို့နယ်ကလည်း စီမံကိန်းပရောဂျက်တွေ အများစုရှိတဲ့ မြို့နယ်တွေဆိုပေမဲ့ ငွေမမြှုပ်ထားနိုင်တဲ့သူတွေ ထုပ်ရောင်းနေကြပြီး ဝယ်လက်ပျောက်နေတယ်။ ဈေးမြင့်နဲ့မိထားသူတွေ အရူံးခံထုတ်မရောင်းသေးဘဲ ပိုက်ထားရတဲ့နေရာတွေပါ။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘စီးပွားရေးလုပ်လို့ကောင်းမယ့်နေရာတွေ ၊ လမ်းမတန်းတွေမှာတော့ ထုတ်ရောင်းသူနည်းတယ် ၊ အတွင်းနေရာတွေမှာတော့ ဈေးကွက်နည်းနည်းပြန်လှုပ်တာနဲ့ ပိုက်မိနေတာတွေ အကုန်ထိုးရောင်းချင်သူတွေ ၊ ငွေပြန်ဖော်ပြီး တခြားနေရာတွေကို ပြန်ရင်းနှီးချင်သူတွေကတော့ ဈေးကွက်အပြောင်းအလဲကိုပြပြီး ထုတ်ရောင်းနေကြမှာပဲ’ လို့ ပြောပါတယ်။
ရန်ကုန်ရဲ့ ဈေးကွက်ပုံစံက ဝယ်သူတွေက ဈေးကျနေချိန် ၊ အဝယ်အေးနေချိန်တွေမှာ အရောင်းအဝယ်လုပ်ကြတာနည်းပြီး ဈေးကွက်ဆူလာမှ တစ်ယောက်နဲ့တစ်ယောက် အပြိုင်ဝေးပေး ဝယ်ကြတာများတာကြောင့် အိမ်ခြံမြေဈေးက မမြင့်သင့်ဘဲမြင့်လာပြီး ဈေးကျချိန်တွေမှာ ထုတ်မရောင်းနိုင်ကြဘဲ ဈေးအမြင့်တွေနဲ့ ပိုက်မိနေကြသူတွေများကြတယ်လို့ အကျိုးဆောက်တချို့ရဲ့ ပြောပြချက်အရသိရပါတယ်။
Ref : The Kumudra
Photo Credit : sweettravel
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties