By Myanmar Times, Shweproperty.com
Updated at 9 July 2015
ရွှေတိဂုံစေတီတော်ကို ထိခိုက်နိုင်သည်ဟူသော စိုးရိမ်မှုများဖြင့် စေတီတော်အနီးရှိ ဒဂုံစီးတီး အပါအဝင် စီမံကိန်းများကို အပြီးသတ် ရပ်ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့က ဇူလိုင်လ ၇ ရက်နေ့ညက ကြေညာခဲ့သည်။
ထိုကဲ့သို့ ရပ်ဆိုင်းလိုက်သည့်အတွက် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီများ၏ ထိခိုက် နစ်နာမှုများကို အစိုးရက တာဝန်ယူဖြေရှင်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အိမ်ရာစီမံကိန်းများကို ပြည်သူ အများစုက ကန့်ကွက်နေသည့်အတွက် စီမံကိန်းကို လုံးဝရပ်ဆိုင်းပြီး ဖျက်သိမ်းရန် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်ကို တိုက်ရိုက်ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မြန်မာတိုင်း(မ်)ကို ဇူလိုင်လ ၆ ရက်နေ့က ပြောကြားထားသည်။
စီမံကိန်းကို ဖျက်သိမ်းရန် သမ္မတက တိုက်ရိုက် ညွှန်ကြားထားပြီးဖြစ်သည့်အတွက် အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်မည့် ကုမ္ပဏီများကို စီမံကိန်း ဖျက်သိမ်းရန် အကြောင်းကြားမှု၊ ညွှန်ကြားချက် ထုတ်ပြန်မှုတို့ကိုမူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကသာ ဆောင်ရွက်ရမည်ဖြစ်သည်ဟု ၎င်းကပြောသည်။
"ရပ်ဆိုင်းတဲ့အပေါ်မှာ ကော်မရှင်ကနေ သူ့ပရောဂျက်သမားတွေကို ပြန်ပြောလိမ့်မယ်။ ဖျက်တာတော့ ဖျက်ရလိမ့်မယ်။ ဖျက်ပြီးတော့ ဟိုလူတွေကို အခြားနေရာမှာ ပြန်အစားထိုးပေး မှာလား၊ ဘာလုပ်မှာလဲ၊ တစ်ခုခုပေါ့။ စာချုပ်စာတမ်းအရဆိုတော့ လျော်ကြေးပေးရမှာလား။ ဒါတွေကတော့ ကော်မရှင်အပိုင်း ဖြစ်သွားပြီ။ သူတို့ကတော့ ဈေးစစ်ပြီးတော့ နိမ့်နိမ့်ကလေး လုပ်ပါရစေ၊ ဒါတွေမသိဘူး။ မလုပ်နဲ့လို့ဘဲ ရှင်းရှင်းလင်းလင်း ပြောလိုက်တဲ့အတွက် လုပ်လို့ မရဘူး"ဟု ဦးဇော်ဌေးက ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှုကော်မရှင်၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကလည်း စီမံကိန်း ဖျက်သိမ်းရန် သမ္မတက ညွှန်ကြားထားမှုမှာ မှန်ကန်ပြီး လက်ရှိ အချိန်တွင် ကုမ္ပဏီများနှင့် ကော်မရှင်တို့ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေသည်ဟု ဆိုသည်။
"ကုမ္ပဏီတွေနဲ့ ကော်မရှင်အကြား ဆွေးနွေးမှုအဖြေတွေက နောက်နှစ်ရက်နေရင် သေသေချာချာ သိရပါမယ်။ အခုတော့ ပြောလို့ မရသေးဘူး" ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဇူလိုင်လ ၇ ရက်နေ့ မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ထောက်ချုပ်ရုံးပိုင် မြေနေရာတွင် အကောင်အထည်ဖော်မည့် ဒဂုံစီးတီး(၁)နှင့် (၂) အဆင့်မြင့်အိမ်ရာစီမံကိန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သည့် Marga Landmark ကုမ္ပဏီနှင့် ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် သုခရတနာကုမ္ပဏီ တို့က ရင်းနှီးမြှုပ်နှံတည်ဆောက်မည်ဖြစ်သည်။
အဆင့်မြင့် ကြယ်ငါးပွင့်ဟိုတယ်၊ Grade A အဆင့်ရုံးခန်းများ၊ ဈေးဝယ်စင်တာများနှင့် လူနေတိုက်ခန်းများ ပါဝင်မည့် ဘက်စုံသုံး လူနေရပ်ဝန်း (Mixed Use Development) တည်ဆောက်ရန် ခွင့်ပြုချက် ရရှိခဲ့ပြီးနောက် ကုမ္ပဏီများက ပြီးခဲ့သည့် နှစ်တွင် စတင်မိတ်ဆက်ခါ အခန်းများကို စတင်ရောင်းချခဲ့သည့်အတွက် စီမံကိန်းကို ဖျက်သိမ်းလိုက်ပါက အခန်းဝယ်ယူထားသူများပါ ဒုက္ခကြုံတွေ့လာနိုင်သည်။
အမေရိကန်ဒေါ်လာသန်း ၃၀၀ ရင်းနှီး မြှုပ်နှံမည့် ဒဂုံစီးတီးစီမံကိန်းများကို ဖျက်သိမ်းလိုက်ပါက ကုမ္ပဏီများအနေဖြင့် အရှုံးများစွာ ကြုံတွေလာနိုင်သော်လည်း အစိုးရက ဖျက်သိမ်းစေလိုပါက ဖျက်သိမ်းရမည် ဖြစ်ကြောင်း ဒဂုံစီးတီး (၂)ကို အကောင်အထည်ဖော်မည့် သုခရတနာကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောသည်။
"ကျွန်တော်တို့က အခုဒီဇိုင်းအဖွဲ့ကို ပိုက်ဆံလည်း ပေးပြီးသွားပြီ။ အဲဒီကစ ရှုံးနေပြီ။ ဘာပဲဖြစ်ဖြစ်ပါ၊ နိုင်ငံတော်က ဖျက်ဆိုရင် ဖျက်ရမှာပဲလေ"ဟု ၎င်းကပြောသည်။
ဒဂုံစီးတီး(၁)စီမံကိန်းကို အကောင်အထည်ဖော်မည့် Marga Landmark ကလည်း ဇူလိုင် ၇ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် ပြည်သူများ၊ အဖွဲ့အစည်းများ၊ မိမိတို့၏ အခန်းငှားယူထားသူများ၊ မိမိတို့၏ ဝန်ထမ်းများ၊ စီမံကိန်းတွင် ပါဝင်ပတ်သက်နေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အားလုံးအတွက် အသင့်လျော်ဆုံးနှင့် ဖြစ်နိုင်မှု အများဆုံးသော ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ချမှတ်ပေးနိုင်မည်ဟု ယုံကြည်ပြီး မကြာမီတွင်လည်း ၎င်းဆုံးဖြတ်ချက်ကို ရရှိမည်ဟု မျှော်မှန်းထားကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဒဂုံစီးတီး(၁)စီမံကိန်းအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက နည်းပညာပိုင်းဆိုင်ရာ အကြံပြုချက်များအပြင် ဗိသုကာ ပညာရှင်များ၊ မြို့ပြစီမံခန့်ခွဲမှု ပညာရှင်များ၏ အကြံပြုမှုများနှင့်အညီ စီစဉ်ထားသည့်အတွက် အများပြည်သူ စိုးရိမ်နေသည့် အချက်များအားလုံးကို ရှင်းလင်းသွားစေမည့် အဖြေအားလုံးကို ပြင်ဆင်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စီမံကိန်းများကို ကန့်ကွက်မှုများအနက် ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့က လှုပ်ရှားမှုများကို ဆောင်ရွက်လာသဖြင့် ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (နယ်/လုံ)ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းတို့သည် အဆိုပါအဖွဲ့မှ ဦးဆောင်ဆရာတော်များနှင့် ဇွန်လအတွင်းက တွေ့ဆုံခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒဂုံစီးတီးစီမံကိန်း အပါအဝင် အခြားစီမံကိန်းများကို ဖျက်သိမ်းကြောင်းကြေညာချက်ကို အစိုးရ အဖွဲ့က ၁၅ ရက်အတွင်း ထုတ်ပြန်ပေးမည်ဟု သဘောတူညီခဲ့ကြသည်။
သို့သော် အစိုးရအဖွဲ့က ကြေညာချက် ထုတ်ပြန်ပေးရန် ပျက်ကွက်နေသောကြောင့် မူလချမှတ်ထားသည့် လုပ်ငန်းစဉ်များဖြစ်သော ကန့်ကွက်ကြောင်း ကြေညာချက်များကို ဆက်လက်ထုတ်ပြန်ခြင်း၊ လက်ကမ်းစာစောင်နှင့် စတစ်ကာများ ဆက်လက်ဖြန့်ဝေခြင်း၊ လူထုဆန္ဒကောက်ခံခြင်းများကို ဆက်လက်လုပ်ဆောင်ခြင်းနှင့် နိုင်ငံတော်သမ္မတ၊ လွှတ်တော်အသီးသီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သက်ဆိုင်ရာ ဌာနအသီးသီးတို့ထံ လူထုဆန္ဒ လက်မှတ်များကို ပေးပို့ခြင်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အဖွဲ့က ဇူလိုင်လ ၆ ရက်နေ့တွင် ကြေညာခဲ့သည်။
စီမံကိန်းအား ဆန္ဒထုတ်ဖော်ကန့်ကွက်ပွဲများကို ရဟန်းရှင်လူ ပြည်သူများပါဝင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး စီမံကိန်းများအားလုံး လုံး၀ ဖျက်သိမ်းကြောင်း အမိန့်ကြေညာချက် ထုတ်ပြန်သည်အထိ ဆောင်ရွက်သွားမည်ဟု အဖွဲ့မှ ဦးအောင်မြိုင်က ပြောကြားခဲ့ဖူးသည်။
Ref : Myanmar Tiems
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties