အချို့သော စာချုပ်များတွင် ရက်စွဲဖော်ပြရမည်ကို သတိမေ့လျော့၍  မဖော်ပြဘဲရှိသည်များ ၊အချို့သော စာချုပ် များတွင်မူ ခုနှစ်၊ လ ဖော်ပြထားသော်လည်း ရက်နေရာတွင် (     ) လက်သည်းကွင်းသာ ဖော်ပြထားပြီး ရက် ဖြည့်သွင်းရမည်ကို သတိမေ့လျော့၍ မဖြည့်သွင်းဘဲ ရှိသည်များကို တွေ့ရတတ်ပါသည်။ စာချုပ်တွင် စာချုပ် ချုပ်သည့် ရက်စွဲမပါခြင်းသည် ကာလသတ်မှတ်ချက်ဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။

နမူနာတစ်ရပ်ကို တင်ပြပါမည်။ မြေပိုင်ရှင် နှင့် ကန်ထရိုက်တာတို့ သဘောတူ စာချုပ် ချုပ်ဆိုသော စာချုပ် တစ်ခုတွင်ဖြစ်ပါသည်။ မြေပိုင်ရှင်၏ နေရာတွင် ကန်ထရိုက်တာက တိုက်ဆောက်လုပ်မည်ဖြစ်ရာ အပေးအယူ သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုပါသည်။ စာချုပ်တွင် ပါရှိသည်မှာ-

“ဤစာချုပ်ပြုလုပ်သည့် အချိန်မှ အစပြု၍ (၈) လနှင့်အပြီး တိုက်ကို ဆောက်လုပ်မည်ဖြစ်ကြောင်း ကန်ထရိုက် တာက တာဝန်ယူပါသည်” ဟူ၍ ပါရှိသည်။
သို့သော် ယင်းစာချုပ်တွင် ရက်စွဲမပါရှိဘဲ ရှိပါသည်။

စာချုပ်သည့်အချိန်မှ အစလုပ်၍ ၈ လနှင့် အပြီး ဆောက်လုပ်မည် ဆိုသော်လည်း စာချုပ်ချုပ်သည့်ရက်စွဲ မပါရှိသည့်အတွက် အပြီး ဆောက်လုပ်မည့် ၈ လ ဆိုသည့် ကာလကို သတ်မှတ်ရ ခက်ပါလိမ့်မည်။ တာဝန် ယူူူသူ အတွက်မှု အကြိုက်ဖြစ်နေမည် ဖြစ်ပါသည်။

အလားတူ အရစ်ကျစနစ်ဖြင့် ငွေပေးချေရမည် စာချုပ်များတွင်လည်း ထိုစာချုပ် ချုပ်ဆိုသည့် နေ့ရက်မှ  ၁၅ ရက် မြောက်သည့်နေ့တွင် ငွေကျပ် ၅ သိန်းကိုသော်လည်းကောင်း၊ ၃၀ ရက် မြောက်သည့်နေ့တွင် နောက်ထပ် ငွေကျပ် ၅ သိန်းကိုသော်လည်းကောင်း ဝယ်သူက ရောင်းသူကို့ အပြီးပေးချေရမည် ဖြစ်သည် ဟူ၍ ချုပ်ဆို ထားခဲ့ကြပါသည်။ သို့သော် စာချုပ်တွင် ချုပ်သည့် ရက်စွဲမပါရှိဘဲ ရှိပါသည်။ ငွေပေးရမည့်သူအတွက် ဟန်ကျ လှပြီး ငွေရမည့်သူအတွက် ဟန်မကျဖြစ်သွားနိုင်ပါသည်။



ထို့ပြင် ကာလစည်းကမ်းသတ်ဥပဒေ တစ်ရပ်ရှိသည်လည်း သတိပြုစေလိုပါသည်။ ယင်းဥပဒေ၏ သဘောမှာ သက်သာမှုတောင်းဆိုခြင်းနှင့် ပက်သတ်၍ အချိန်ကာလ သတ်မှတ်ပေးသည့်ဥပဒေဟု ဆိုရပါမည်။

ချုပ်ဆိုထားသည့် ပဋိညာဉ် အတိုင်း ဆောင်ရွက်စေရန် တရားစွဲမည်ဆိုပါက ဆောင်ရွက်ရန်ချိန်းဆိုသည့် နေ့ရက်ကစ၍ (သို့) ချိန်းဆိုခြင်း မရှိလျှင် မဆောင်မရွက်ငြင်းပယ်ခြင်းကို တရားလို သိသည့်အခါမှစ၍ သုံးနှစ် အတွင်း တရားစွဲဆိုရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပထမဇယားစာပိုဒ် ၁၁၃ တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရပါ သည်။

တစ်ဖန် ပဋိညာဉ်  ဖျက်သိမ်းလိုမှု တရားစွဲမည်ဆိုပါက  ပဋိညာဉ် ဖျက်သိမ်းပိုင်သည့်အကြောင်းချင်းရာများကို တရားလို ပထမသိရသည့်အခါ ကစ၍ သုံးနှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ကြောင်း ယင်းဥပဒေပထမ ဇယား စာပိုဒ် ၁၁၄ တွင် ပြဋ္ဌာန်းထားသည်ကို တေ့ွရပါသည်။ ထိုကာလကျော်လွန်က တရားစွဲခွင့် မရှိတော့သည့် သဘောဖြစ်ပါသည်။ 

လူတစ်ယောက်က တခြားသူတစ်ယောက်သို့ ငွေများပေးထားပါသည်။ စာချုပ်ပြုလုပ်ချုပ်ဆို၍ ပေးထားခြင်း ဖြစ်ပါသည်။ ယင်းပေးထားသော ငွေအတွက် တရားစွဲဆိုမည်ဆိုပါက သုံးနှစ်အတွင်း တရားစွဲတောင်းရမည် ဖြစ်ပါသည်။ (ပထမဇယား စာပိုဒ် ၆၁ ) ထိုသို့ တောင်းဆိုရမည်မှာ ငွေပေးခဲ့သည့်အခါကစ၍ စတင်ရေတွက် ရမည် ဖြစ်ပါသည်။ သို့သော် စာချုပ်တွင် ချုပ်ဆိုသည့်ရက်စွဲ မပါရှိခဲ့လျှင် မည်သည့်နေ့က ငွေပေး၍ စာချုပ် ချုပ်ချုပ်ခဲ့သည်ဟူသော အချက်ကို ထင်ရှားအောင် အရင် ပြုလုပ်ရပါဦးမည်။ ယင်းအချက် ပေါ်လွင်ပြီးပါမှ စတင်ရေတွက်ရမည့် ကာလကို သတ်မှတ်ယူရမည်ဖြစ်ပါသည်။ သို့မဟုတ်ပါက စတင်ရေတွက်၍ မရ အောင်စာချုပ်၏ မပြည့်စုံမှုက ခံ၍ နေပါမည်။

ကာလစည်းကမ်းသတ် ဥပဒေတွင် အလားတူ ပြဋ္ဌာန်းထားမှုများ အများအပြား ပါရှိပါသည်။ သို့ဖြစ်ရာ ကာလ စည်းကမ်းသတ်ကာလကို တွက် ချက်နိုင်ရန်မှာ စာချုပ်တိုင်းတွင် စာချုပ်တိုင်းတွင် ချုပ်သော ရက်စွဲအပြင် အခြားဆောင်ရွက်မှုနှင့် စပ်လျဉ်းသော ရက်စွဲများပါရှိရန် လိုအပ်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

(စာညွှန်း- ဦးကျော်ဇေယျ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၂၇  ) ။

ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ

အပျောက်စနစ်နှင့် ၀ယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ၀ယ်မည်ဆိုလျှင်

ဘာလို့မြေရှင်လက်မှတ်ဆိုတာ အရေးပါလာတာလဲ

စည်ပင်မြေပေါ်တွင် တည်ဆောက်ထားသည့် စည်ပင်တိုက်ခန်းအကြောင်း

စာချုပ်ချုပ်မည်ဆိုလျှင် ရောင်းသူဆောင်ရွက်ချက် မဖော်ပြမိသည့်ကိစ္စ

Credit By: DVB Lawlab
Posted By : Ra Wai (ShweProperty.com)