By Myanmar Times, Shweproperty.com
Updated at 8 September 2015
ကျပ်ငွေအစား ဒေါ်လာတွင်ကျယ်စွာ အသုံးပြုနေမှုများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေကြေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်မှုများလုပ်သွားမည့် အစီအစဉ် အသေးစိတ်ကို အများပြည်သူသို့ မကြာမီ ထုတ်ပြန်တော့မည်ဖြစ်ကြောင်း ဗဟိုဘဏ် ၏ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ တာဝန် ရှိသူက ပြောသည်။
အရေးယူမည့်အစီအစဉ်ကို ယခုနှစ်မကုန်ခင် စတင်နိုင်ရန် ရည်မှန်းထားပြီး လုပ်ငန်းရှင်များ အတွက် ပြင်ဆင်ချိန်ကာလကို အကြမ်းဖျင်းအားဖြင့် နှစ်လတာ သတ်မှတ်ပေးရန် လျာထားကြောင်း ၎င်းက ပြောသည်။ "ဒေါ်လာတွင်တွင်ကျယ်ကျယ်အသုံးပြုနေတာဟာ တစ်နိုင်ငံလုံးစီးပွားရေးကို ထိခိုက်တယ်လို့ ညွှန်ကြားထားပြီးဖြစ်တယ်။ အားလုံးလိုက်နာကျင့်သုံးဖို့ လွယ်ကူအောင် ဒီကိစ္စကိုအဆင့်ဆင့်လုပ်ဆောင် သွားမယ်။ ဘယ်နယ်ပယ်ကနေစမယ်ဆိုတာကို အများပြည်သူကို အသိပေးသွားမယ်" ဟု ဗဟိုဘဏ်၏ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဝင်းသော်က ပြောသည်။
ဒေါ်လာငွေကြေးလိုအပ်ချက်မြင့်တက် မှုကို ကာကွယ်နိုင်ရန် တိုင်းဒေသကြီး အစိုးရ၊ ဝန်ကြီးဌာနများအတွင်း ငွေပေးချေ မှုများကိုလည်း ဒေါ်လာအစား ကျပ်ငွေဖြင့်သာ ဆောင်ရွက် သွားရန် အမိန့်ကြော်ငြာစာကိုလည်း ဗဟိုဘဏ်က ပြီးခဲ့သည့်ဇွန်လ အတွင်းက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပုဂ္ဂလိကကဏ္ဍအတွက်လည်း ထပ်မံကြေညာခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဌာနဆိုင်ရာ အားလုံးကပါ အဆိုပါမူဝါဒ ကို ပြင်ဆင်သင့်ပြီး လက်ရှိအချိန်သည် ဆောင်ရွက်ဆဲ ကာလဖြစ် မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောသည်။ "အားလုံးလိုက်နာဆောင်ရွက်နိုင်ဖို့ ကိုယ့်နိုင်ငံ အခြေအနေအရ ပြုပြင် ပြောင်းလဲမှုတွေ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရတာ ရှိပါတယ်။ ကြိုတင်သတိ ပေးရတာ၊ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရတာတွေရှိတဲ့အတွက် ကြန့်ကြာမှု၊ မအောင်မြင်မှု၊ အဆင်မပြေမှုတွေ ကြုံတွေ့ရပါတယ်"ဟု ၎င်းက ပြောသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လအတွင်းက အတည် ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ် ကာ ၂၀၁၅ ခုနှစ်၊ မေလအတွင်း ထပ်မံဖြည့်စွက်ခဲ့သည်။ ဥပဒေပုဒ်မ ၃၈ အရ မည်သူမျှ နိုင်ငံခြား သုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေဖြင့်လုပ်ကိုင်ခွင့်မရှိစေရန်၊ လိုင်စင်မရှိဘဲပစ္စည်းဝန်ဆောင်မှုကို နိုင်ငံခြားဒေါ်လာနှင့်လက်ခံခြင်း၊ ရောင်းဝယ်ခြင်းမည်သူမျှ လုပ်ခွင့်မရကြောင်း ဖော်ပြထားသည်။
တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည့်အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ဥပဒေတွင် ပါရှိပြီးဖြစ်သည်။ ဒေါ်လာနှင့်သီးခြားဈေးနှုန်းဖော်ပြ ခြင်း၊ ဒေါ်လာနှင့် ကျပ် နှစ်မျိုးစလုံးလက်ခံ ခြင်း စသည့် လုပ်ငန်းများမှာ ရန်ကုန်မြို့ တွင်းရှိ နေရာအတော်များများတွင် ရှိနှင့်ပြီးဖြစ်သည်။
နိုင်ငံခြား သားများဝင်ရောက်မှုများသော လေကြောင်းလိုင်း၊ ခရီးသွား ကုမ္ပဏီများ၊ ဟိုတယ်၊ စားသောက်ဆိုင်များနှင့် ကျောက်မျက်ရတနာခန်းမများ စသည်တို့ တွင် အများဆုံးကြုံတွေ့နေရ ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ထို့ပြင် အိမ်ခြံမြေအဆောက်အအုံ၊ တိုက်ခန်း၊ ကွန်ဒို မီနီယံနှင့် မော်တော်ယာဉ်များငှားရမ်းခြင်း စသည်တို့ကိုလည်း ဒေါ်လာနှင့်ခွင့်ပြုထား ခြင်းမရှိကြောင်း ၎င်းက ပြောသည်။ ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ ကုန်သွယ်မှုလိုငွေပြခြင်း၊ ,ဘတ်ဂျက်လိုငွေပြခြင်း စသည့်အခြေအနေအရပ်ရပ် များကြောင့် ပြည်တွင်းကျပ်ငွေဈေးမှာလည်း ကျဆင်းလျက်ရှိသည်။
သွင်းကုန်ကိုအဓိကအားထားနေသော လုပ်ငန်းအချို့ မှာလည်း ကုန်ချောများပြန်လည်ရောင်းချရာတွင် ငွေလဲနှုန်းကိုကာမိစေရန် ဒေါ်လာဖြင့် ပေးချေရန်ကြေညာလာကြခြင်းမှာဒေါ်လာငွေလဲနှုန်းပြန်လည် အားကောင်းလာချိန် ယမန်နှစ်နှောင်းပိုင်းမှစတင်၍ ပိုမိုတွင်ကျယ်လာခြင်းဖြစ်သည်။ "အခုအခြေ အနေမှာ မြန်မာနိုင်ငံ မှာက dollarization စနစ်နဲ့သွားလို့ ကတော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ ငွေကြေးတည်ငြိမ်မှုမရှိဘဲ ငွေတန်ဖိုးတွေ ဆက်တိုက်ကျလာနေပြီး ပို့ကုန်တန်ဖိုး ရေရှည်မှာလည်း တက်မလာဘူးဆိုရင် ကျပ်ငွေအပေါ်ယုံကြည်မှု နည်းသထက်နည်းလာပြီး ဒေါ်လာကို တွင်ကျယ်စွာ အသုံးပြုမှုအားကောင်းလာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာကျပ်ငွေတန်ဖိုး မာလာအောင် လုပ်ဆောင်ဖို့အရေးထက် ကျပ်ငွေတန်ဖိုးဆက်မကျသွားဖို့ကို နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်နေရပါတယ်"ဟု ဦးဝင်းသော်က ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties