By Eleven Media Group, Shweproperty.com
Updated at 19 October 2015
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ အစီရင်ခံစာနဲ့ အရှေ့အာရှဒေသ စီးပွား ရေးဆိုင်ရာ အစီရင်ခံစာတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီအစီရင်ခံစာတွေ ထဲမှာက အစဉ်အလာအတိုင်း မြန်မာနိုင်ငံရဲ့ နှစ်စဉ် စီးပွားရေးတိုးတက်မှု ပမာဏတွေနဲ့အတူ ၂၀၁၅-၂၀၁၆ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုပမာဏ၊ ငွေကြေး ဖောင်းပွမှု၊ အနာဂတ်စီးပွားရေး အလားအလာ၊ ရင်းနှီးမြှုပ်နှံမှု စသဖြင့် ဖော်ပြခဲ့ပါတယ်။
အလားတူပဲ အရှေ့အာရှဒေသ စီးပွားရေး သုံးသပ်ချက်မှာ အမေရိကန် ဗဟိုဘဏ်ရဲ့အတိုးနှုန်း တိုးမြင့်လာနိုင်မှုက အာရှဒေသ စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်တွင်းက မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဦးစိုးသိန်းက အမေရိကန်ရဲ့ အတိုးနှုန်းနဲ့ ပတ်သက်လို့ “အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းမြှင့် တင်နိုင်သလားဆိုတော့ တိုးမြှင့်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့Interst Rate က ၂၀၀၈ လောက်ကတည်းက စပြီး ချထားတာပါ။ တိုးရမယ့်အချိန်က တချို့က ကျော်တောင်နေပြီလို့ ပြောကြတာပေါ့။ ဒါပေမယ်လို့ အတိုးနှုန်းကို တိုးတယ် မတိုးဘူးဆိုတာ ဘယ်အပေါ်မှာ မူတည်လဲဆိုတော့ သူ့ရဲ့ Economy က ဘယ်လောက် အားကောင်းလဲ ဆိုတာနဲ့ ဆိုင်လိမ့် မယ်။ ကျွန်တော်တို့ သိသလောက် ဆိုရင်တော့ သူ့ရဲ့ စီးပွားရေးက အခုထိ ကောင်းနေတယ်။ နောက်တစ်ခု Inflation တွေ ဘာတွေက သူမတွေ့သေးဘူး။ အမှန်တော့ သူ့ရဲ့Targeted Inflationက နှစ်ရာခိုင်နှုန်းရှိတယ်။ ဒါပေမဲ့ သူက နှစ်ရာခိုင်နှုန်းကို မရောက်သေးဘူး။ သူ့ရဲ့ Inflationက တစ်ရာခိုင်နှုန်းတောင် မရှိဘူး။ အများကြီး နိမ့်နေတဲ့ အတွက်ကြောင့် သူက အတိုးနှုန်းကို မတိုးဘဲ အချိန် ဆွဲထားတယ်။ ဒါပေမယ်လို့ အတိုးနှုန်းကို မတိုးဘဲ ထားရင်ပေါ့လေ။ သူရဲ့ Economy ကလည်း ကောင်းနေတယ်ဆိုပေမယ့် ချထားတာ သိပ်ကြာလာရင် Over Heart ဖြစ်မှာလည်း စိုးရတယ်။ အခြား Side Effect တွေလည်း ဝင်လာမှာ စိုးရတယ်။ ဒါကြောင့်မို့လို့ ရှေ့ကို ကြိုပြီးကာတဲ့ သဘောနဲ့ အတိုးမြှင့်ဖို့ လုပ်ဆောင်နေတာမျိုးပါ”လို့ ပြောပြခဲ့တာပါ။
သူတို့နိုင်ငံရဲ့ သဘောသဘာဝအရ စီးပွားရေးကို တိုင်းတာတဲ့အခါမှာ အဓိက Measure သုံးခုလောက်နဲ့ တိုင်းတာတယ်လို့ သိရပါတယ်။ တစ်ခုက စီးပွားရေး တိုးတက်မှုနှုန်း (Economic Growth) ပါ။Growth ဘယ်လောက်ရှိလဲ၊ အားကောင်းနေသလား ဆိုတာနဲ့ အလုပ်လက်မဲ့ အနေအထားပေါ် အခြေခံပြီး တိုင်းတာတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်ရဲ့ အလုပ်လုပ်လက်မဲ့ အနေအထားကို ကြည့်လိုက်ရင်လည်း Lowest Levvel မှာပဲ ရှိပါသေးတယ်။ ငွေကြေးဖောင်းပွမှုကိုလည်း ထိန်းထားနိုင်တာမျိုးပါ။ ဒီအခြေအနေကြောင့် လက်ရှိအတိုင်း ဆက်သွားလို့ ရသေးတယ်လို့ အမေရိကန်နိုင်ငံက တွက်ခဲ့ပုံပေါ်ပါတယ်။ အမှန်တော့ ဒါထက်စောပြီးတောင် သူတို့ တင်ရတော့မှာလို့ စီးပွားရေးပညာရှင်တွေက ထောက်ပြကြပါတယ်။ တကယ်တော့ အတိုးနှုန်းကို တင်လိုက်ရင် ငွေကြေး ဖောင်းပွမှု ရှိလာမှာပါ။ လက်ရှိအခြေအနေမှာ ငွေကြေး ဖောင်းပွမှု နည်းနေတဲ့အတွက် မတင်ဘဲ ထားခဲ့ဟန် တူပါတယ်။ ဒါကြောင့် သူတင်ရမယ့် ကာလမှာ မတင်ခဲ့ပါဘူး။ အမှန်ဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာလမှာ သူတင်ရတော့မှာပါ။ ဒါပေမဲ့ မတင်ခဲ့ပါဘူး။ဖြစ်ချင်တော့ တရုတ်မှာလည်း စတော့ ရှယ်ယာဈေးတွေ ထိုးဆင်းတာမျိုးတွေ ထဖြစ်ခဲ့တယ်။ သူ့အနေအထားကလည်း ကောင်းနေသေးတာတွေရယ်ကြောင့် ထင်ပါရဲ့။ ထားလို့ ရသေးတယ်ဆိုတာ တွက်ဆခဲ့ကြပုံပါ။ ဒါကြောင့် နောက်ပိုင်းမှာ တင်မလားဆိုရင် တင်မယ်လို့ ပြောလို့ရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ နောက်လာမယ့် ဒီဇင်ဘာလောက်မှာ တင်မယ်လို့ ခန့်မှန်းထားပါတယ်။
“ဒီဇင်ဘာလ Board Meeting ကျလို့ရှိရင် တင်လိမ့်မယ်။ တင်တော့ တင်မှာပဲ။ ဒီဇင်ဘာ မတင်လည်း နောက်သုံးလလောက်မှာ တင်မယ်။ ဒါပေမဲ့ တင်တဲ့အခါ ဘာရှိလဲဆိုတော့ အရင်တုန်းကဆိုရင် သုည ဒသမ ၂၅ လောက် ကစားတယ်။ တင်ရင်လည်း အဲဒီလောက်၊ ချရင်လည်း အဲဒီလောက်ပဲ။ အများဆုံးက သုည ဒသမ ၅ ပေါ့။ အခုကတော့ သူ့ရဲ့တစ်ဝက်လောက်ပဲ ဖြစ်သွားနိုင်တယ်။ ဒါကြောင့် တင်တာက ပွိုင့်တူးပွိုင့် ဖြစ်ချင်လည်း ဖြစ်မယ်။ ပွိုင့်တွဲ ပွိုင့်ဖိုက် ဖြစ်ချင်လည်း ဖြစ်မယ်။ ဒါကြောင့် တင်မလားလို့ မေးရင်တင်မယ်”ဟု ဦးစိုးသိန်းက သုံးသပ်သည်။
အမေရိကန်အနေနဲ့ သူ့ရဲ့အတိုးနှုန်းကို တင်လိုက်မယ်ဆိုရင် ဈေးကွက်ထဲမှာ ဒီပြင်Interest Rate တွေပါ လိုက်ပြောင်းသွားမှာပါ။ အမေရိကန်ဒေါ်လာရဲ့ အတိုးနှုန်းကို တင်လိုက်တာက Basic Point ဖြစ်နေပေမယ့် အတိုးနှုန်းကို တင်လိုက်တာနဲ့ Market Rate တွေမှာ Interest Rate တွေ ပိုတက်လာနိုင်ပါတယ်။ သူက ပွိုင့်တူးဖိုက်တင်တာမျိုး ဖြစ်ဖို့များပေမယ့် တစ်ဖက်မှာတော့ ပွိုင့်တူးဖိုက် ကချင်မှလည်း ကမှာပါ။ Interest Rate ကောင်းလာခဲ့ရင် အမေရိကန်နိုင်ငံအနေနဲ့ အပြင်မှာရှိနေတဲ့ ပိုက်ဆံတွေ သူ့အထဲကို ပြန်ဝင်လာနိုင်ပါတယ်။အတိုးနှုန်းက သိပ်နည်းနေတဲ့အခါမှာတော့ သူ့နိုင်ငံအထဲမှာရှိတဲ့ ပိုက်ဆံတွေက နိုင်ငံအတွင်းမှာ မရင်းနှီးဘဲ အပြင်မှာ ထွက်ရင်းနှီး ကြတာမျိုးတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။ အခုလို အတိုးနှုန်း မြှင့်လိုက်ရင်တော့ သူ့မှာရှိတဲ့ ငွေကလည်း သူ့အထဲ ပြန်ဝင်လာမှာပါ။ အီးယူနိုင်ငံတွေက ပိုက်ဆံတွေလည်း သူ့ဆီ ပြန်ဝင်လာနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အီကော်နော်မီတိုင်း သူ့ငွေ ကြေးတန်ဖိုးတွေ ချနေကြတဲ့ အတွက်ပါ။
အခု အချိန်မှာကလည်းက ၂၀၁၅-၂၀၁၆ ရဲ့ ငွေကြေးဖောင်းပွမှုကို ၁၁ ဒသမ ၃ ရာခိုင်နှုန်းလို့ ခန့်မှန်းထားတဲ့အတွက် အမေရိကန် ငွေကြေး ပိုခိုင်မာရင် မြန်မာငွေကြေးများ ထပ်ဖောင်းပွဦးမလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ လက်ရှိ ငွေကြေး ဖောင်းပွမှုနဲ့တင် Two Digit ဖြစ်နေပါပြီ။လက်ရှိ ဒေါ်လာဈေးကလည်း တစ်ဒေါ်လာကို ကျပ် ၁၃၀၀ ဝန်းကျင်လောက် ဖြစ်နေပါတယ်။ ရွှေဈေးကလည်း ကျပ် ၈၀၀၀၀၀ ကျော်သွားပါပြီ။
မြန်မာနိုင်ငံရဲ့ အီကော်နော်မီက သိပ်အလှုပ်အခတ်မခံတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ လိုနေပါတယ်။ ပို့ကုန်တွေလည်း တိုးမြှင့် တင်ပို့နိုင်ဖို့ လိုပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံအတော်များများက သူတို့ရဲ့ ငွေကြေးတွေကို တန်ဖိုးချထားကြပါတယ်။ ဒါပေမဲ့ ဒါက အဓိက ပို့ကုန်တင်ပို့နေတဲ့ နိုင်ငံတွေပါ။ ဂျပန်၊ တရုတ်စသဖြင့် သူတို့ငွေကြေးတန်ဖိုးကို အတက် မခံကြပါဘူး။ ဂျပန်ယန်းက ၈၀ လောက်ကနေ အခုအချိန်မှာ ၁၂၀ လောက် ဖြစ်လာပါပြီ။ တရုတ်ယွမ်ကလည်း ၆ ဒသမ ၁၉၈ လောက် ရှိနေပါတယ်။ တရုတ်ကလည်း သူ့ယွမ်ဈေးကို အမြဲချထားလေ့ ရှိပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ကုန်သွယ်ရင် သူ့ဘက်က အမြဲတမ်း ကုန်သွယ်ရေး ပိုငွေ ပြနေတာပါ။ ဒါကြောင့် အမေရိကန်က တရုတ်ယွမ်ငွေ တန်ဖိုးကို မြှင့်ဖို့ ပြောပေမယ့် တရုတ်ဘက်ကတော့ တိုးမြှင့် ပေးလေ့ သိပ်မရှိပါဘူး။ တိုးခဲ့ရင်တောင် မပြောပလောက်တဲ့ ပမာဏမျိုးလောက်ပဲ တိုးပေးတာပါ။
မြန်မာငွေကြေးဟာ ချစရာ မလိုလောက်အောင် ကျနေပါတယ်။ ပို့ကုန် မတင်ပို့နိုင်တာကြောင့် အဲဒီ အခြေအနေပေါ်ကနေ အကျိုးအမြတ် သိပ်မယူနိုင်ပါဘူး။ ပို့ကုန် မတင်ပို့နိုင်ဘဲ သွင်းကုန်တွေသာ များနေတဲ့အခါမှာတော့ ငွေကြေးတန်ဖိုး ကျဆင်းမှုက ဆန့်ကျင် အကျိုးသက်ရောက်မှု (Counte rproductive) ဖြစ်သွားစေတာလည်း အမှန်ပါပဲ။ ဒါကြောင့် ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့ မြန်မာနိုင်ငံနဲ့ သဟဇာတ သိပ်ကိုက်လှတာ မဟုတ်ပါဘူး။ ဒါကြောင့် အစိုးရတစ်ရပ်အနေနဲ့Trade Policy ကို မှန်မှန်ကန်ကန် ချမှတ်ဖို့လည်း လိုလာပါပြီ။ အမေရိကန်ဒေါ်လာက ဆက်လက် မာလာနိုင်ခြေ ရှိတာကြောင့် ဘယ်လို မူဝါဒ မျိုးတွေနဲ့ သွားမှာလဲ။ ငွေကြေး ဖောင်းပွမှုကို ဘယ်လို လျော့ပါး သက်သာအောင် ထိန်းချုပ်မလဲ ဆိုတာ စောင့်ကြည့်ရမယ့် အနေအထား တစ်ရပ် ဖြစ်နေတယ်ဆိုတာ ဖော်ပြရင်း အခုတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။
Ref : Eleven Media Group
Photo Credit : Global New Light To Myanmar
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties