By Myanmar Times, Shweproperty.com
Updated at 25 July 2018
နိုင်ငံခြားငွေလဲလှယ်မှုနှုန်း ကြီးမြင့်လာတာကြောင့် နိုင်ငံရဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍမှာ ထိခိုက်မှုတွေရှိနေသလို အိမ်ခြံမြေဈေးကွက်ကိုလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် အခြေအနေဟာ ကွန်ဒိုမီနီယံဥပဒေလို အများမျှော်လင့်ခဲ့ကြတဲ့ ဥပဒေတွေ ထွက်ပြီးနောက်ပိုင်းမှာလည်း ယခင်အတိုင်း ဆက်လက်အေးစက်နေဆဲဖြစ်ပေမဲ့ ပြည်ပက တင်သွင်း ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး အခြေခံပစ္စည်းတွေဟာ ဒေါ်လာဈေးတက်လာတာနဲ့အမျှ ဈေးမြင့်လာတာကြောင့် ကန်ထရိုက်တာတွေ ပိုပြီးအခက်အခဲနဲ့ ရင်ဆိုင်လာကြရပါတယ်။
လက်ရှိအိမ်ခြံမြေဈေးကွက်ထဲမှာ အခန်းတစ်ခန်း ရောင်းချတိုင်း ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်ထိ အရှုံးပေါ်နေပြီး နေထိုင်ဖို့ ဝယ်ယူသူတွေ အတွက်ကတော့ ဝယ်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ ွကခခန် ဏမသစနမအပ ဃသည်ကူအေညအ ကုမၸဏီ၏ အိမ်ခြံမြေအရောင်းမန်နေဂျာ ဦးကျော်စည်သူက ဆိုပါတယ်။
သာမန်အားဖြင့်ကြည့်ရင် ဒေါ်လာဈေးတက်တာက အိမ်ခြံမြေကဏ္ဍပေါ် ကြီးကြီးမားမားသက်ရောက်မှု မရှိနိုင်ဘူးလို့ ထင်နိုင်ပေမဲ့ တကယ်တော့ ဆောက်လုပ်ရေးအခြေခံပစ္စည်းတွေ ဈေးမြင့်လာတာကြောင့် ဆောက်လုပ်ရေးကန်ထရိုက်တွေ ခေါင်းကိုက်နေကြရတယ်လို့ ဈေးကွက်အတွင်းက သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အကောင်းဘက်က လှည့်တွေးမယ်ဆိုရင်တော့ နိုင်ငံခြားသား ဝယ်ယူသူတွေအနေနဲ့ ရင်းနှီးရမယ့်ပမာဏ လျော့ကျသွားတဲ့အတွက် အိမ်ခြံမြေဈေးကို ထိန်းချုပ်ပြီးသားဖြစ်သွားတယ်လို့ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုက သုံးသပ်ကြပါတယ်။
အခြေခံဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ
ပြည်တွင်းမှာ အသုံးပြုနေတဲ့ ပစ္စည်းအတော်များများဟာ ပြည်ပက တင်သွင်းတာတွေဖြစ်ပြီး ဒီထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး အခြေခံပစ္စည်းတွေလည်း ပါဝင်နေပါတယ်။ ဥပမာအားဖြင့် သံချောင်းတွေနဲ့ အခြားဆက်စပ်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားတွေ စတာတွေအများစုဟာ နိုင်ငံခြားက တင်သွင်းကြရတာ ဖြစ်ပါတယ်။
ပြည်ပက တင်သွင်းတဲ့အခါမှာ နိုင်ငံခြားငွေ၊ အများအားဖြင့် ဒေါ်လာဖြင့်သာ ပေးချေရတာကြောင့် ဒေါ်လာဈေးတက်တာနဲ့အမျှ ပစ္စည်းတွေရဲ့ဈေးနှုန်းက အလိုအလျောက်မြင့်တက်သွားတာ ဖြစ်ပါတယ်။
ပြည်ပကတင်သွင်းတဲ့ ပစ္စည်းတွေ ဈေးတက်လာ တဲ့အပြင် ပြည်တွင်းထုတ်ကုန်တွေဟာလည်း ဒေါ်လာဈေးတွေ မြင့်လာတာနဲ့အမျှ သယ်ယူပို့ဆောင်ခတွေ မြင့်လာတဲ့အတွက် ပြည်တွင်းထုတ်ပစ္စည်းတွေလည်း အထိုက်အလျောက် ဈေးမြင့်တက်လာနိုင်တယ်လို့မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမ·း ဦးကျော်ကျော်စိုးက ပြောပါတယ်။
"ဆောက်လုပ်ရေးမှာ မပါမဖြစ်တဲ့ သံတိုင်တွေအပြင် အမိုးပြား၊ြွကေပြားနဲ့ အခြားအိမ်အလှဆင်ပစ္စည်းတွေလည်း ဈေးတက်လာနိုင်တဲ့အတွက် ဆောက်လုပ်ရေးကုန်ကျစရိတ်ကတော့ တက်လာမှာပဲ"လို့ ဦးကျော်ကျော်စိုးက ဆိုပါတယ်။
တစ်ဖက်မှာ အိမ်ခြံမြေဈေးတွေက အေးစက်နေတာဖြစ်ပြီး တစ်ဖက်ကလည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး အဓိက အခြေခံပစ္စည်းတွေက ဈေးတက်လာတဲ့အခါ တိုက်ခန်း အရောင်းအဝယ်တွေ ပိုပြီးခက်ခဲလာတယ်လို့ အိမ်ခြံမြေရောင်းဝယ်ရေး ဝက်ဘ်ဆိုက် ငပြညောမေ-့သကျန.ခသာ ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေမင်းသူက ပြောပါတယ်။
"မြန်မာငွေရဲ့တန်ဖိုးက လက်ရှိအနေအထားအရ ၄၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီး တိုက်ခန်းဈေးတွေက ဈေးမတက်လာတဲ့အပြင် လွန်ခဲ့တဲ့ လေးနှစ်လောက်က အမြင့်ဆုံးဈေးတွေထက် ၂၀ ရာခိုင်နှုန်းလောက် ကျသွားတယ်"လို့ ဦးနေမင်းသူက ဆိုပါတယ်။
ဒီလိုတိုက်ခန်းဈေးတွေက တက်မလာဘဲ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနဲ့ လုပ်ငန်းကုန်ကျစရိတ်တွေကို ပိုမိုများပြားလာတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရတယ်လို့ ဦးနေမင်းသူ ကဆိုပါသည်။
ဘဏ်များမှ နှစ်ရှည်ချေးငွေများ
ဘဏ်တွေက ထုတ်ချေးပေးထားတဲ့ ချေးငွေအများစုဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အိမ်ခြံမြေလုပ်ငန်း တွေမှာ အများစု ရင်းနှီးမြှုပ်နှံထားကြတာဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေဟာ ဈေးကွက်အခြေအနေကြောင့် အများစုက အရှုံးတွေနဲ့ ရင်ဆိုင်လာကြရတဲ့အခါ ချေးငွေ ပြန်မဆပ်နိုင်တာတွေ ဖြစ်လာနိုင်တဲ့အတွက် ဘဏ်လုပ်ငန်းတွေကိုလည်း သက်ရောက်နိုင်တယ်လို့ ဦးကျော်စည် သူက သုံးသပ်ပြောဆိုပါတယ်။
"အစိုးရကသာ ငွေကြေးဈေးကွက်ကို မထိန်းနိုင်ဘူးဆိုရင် နောက် ၁၀ လနဲ့ တစ်နှစ်အတွင်းမှာ သိသိသာသာ လုပ်ငန်းတွေ ထိခိုက်လာလိမ့်မယ်"လို့ ဦးကျော်စည်သူက ဆိုပါတယ်။
ဘဏ်တွေသာ ထိခိုက်လာပြီဆိုရင် ဘဏ်တွေကို မှီခိုအားထားနေရတဲ့ တခြားစီးပွားရေးလုပ်ငန်းတွေကိုလည်း ဆင့်ကဲဆင့်ကဲ ရိုက်ခတ်လာနိုင်တယ်လို့လည်း ဦးနေမင်းသူက ဆိုပါတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က ဘတ်ငွေတန်ဖိုးကျဆင်းသွားပြီးနိုင်ငံခြားငွေ တန်ဖိုးမြင့်တက်လာတဲ့အတွက် ဘဏ်ချေးငွေတွေ မဆပ်နိုင်ဘဲ လုပ်ငန်းတွေ ပိတ်သိမ်းခဲ့ရတဲ့ သာဓကလည်း ရှိခဲ့ဖူးတယ်လို့ ဦးနေမင်းသူက ဆိုပါတယ်။
ကြိုပွိုင့်အတွက် သက်ရောက်မှု
တိုက်ခန်းတွေကို ငွေတစ်ဝက်တစ်ပျက်ချေပြီး ကြိုရောင်းကြတဲ့ ကြိုပွိုင့်လို့ခေါ်တဲ့စနစ်နဲ့ ရောင်းချတဲ့သူတွေအနေနဲ့ တိုက်ခန်းဈေးကို ကြိုတင်ညှိနှိုင်းရောင်းချပြီး ဖြစ်တာကြောင့် ဆောက်လုပ်ရေးကုန်ကျစရိတ်တွေက ဈေးညှိနှိုင်း သတ်မှတ်ချက်ချိန်ကထက် တက်လာသည့်တိုင် သတ်မှတ်ဈေးထက် ပိုရောင်းချလို့ မရတော့တဲ့အတွက် အရှုံးနဲ့ ရင်ဆိုင်ရဖို့က သေချာသလောက် ဖြစ်နေပါတယ်။
ဒါ့ပြင် ကြိုပွိုင့်ရောင်းရငွေနဲ့ အဆောက်အအုံ ဆောက်လုပ်တဲ့သူတွေအတွက်လည်း အခက်အခဲများစွာ ကြုံတွေ့နိုင်တယ်လို့ အာရှဆောက်လုပ်ရေးလုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ ဦးရန်အောင်ကဆိုပါတယ်။
ဒါပေမဲ့ ဘဏ်နဲ့ချိတ်ဆက်ပြီး ရောင်းချတဲ့သူတွေအတွက်ကတော့ အနည်းငယ် ချောင်လည်နိုင်တဲ့ အခြေအနေရှိတယ်လို့ ဦးကျော်ကျော်စိုးက ဆိုပါတယ်။
"သူက ဘဏ်ကနေ ငွေအကုန်ရပြီးသား။ ဝယ်တဲ့သူကလည်း ဘဏ်ကို အရစ်ကျနဲ့ ဆပ်သွားရုံပဲဆိုတော့သူတို့ကတော့ နည်းနည်းချောင်လည်လိမ့်မယ်"လို့ ဦးကျော်ကျော်စိုးက ဆိုပါတယ်။
ကြိုပွိုင့်ရောင်းချသူတွေနဲ့ အလားတူပဲ နောက်ထပ် အကြပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့သူတွေကတော့ တင်ဒါ ယူထားတဲ့ ကန်ထရိုက်တွေပဲ ဖြစ်ပါတယ်။ ဒေါ်လာဈေးမတက်ခင်၊ မြန်မာငွေ မဖောင်းပွခင်က တင်ဒါရထားတဲ့ ငွေပမာဏအတိုင်းပဲ ဆောက်လုပ်မယ်ဆိုရင် အဆောက်အအုံ အရည်အသွေးကို ထိခိုက်နိုင်တယ်လို့လည်း ဦးကျော်ကျော်စိုးက ပြောပါတယ်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနဲ့ ပြည်တွင်းလုပ်ငန်းရှင်များ
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေအတွက် မြန်မာငွေနဲ့ ပြန်တွက်ချက်ထားတဲ့ ပိုင်ဆိုင်မှုအတူတူကို အရင်ကထက် ရင်းနှီးမြှုပ်နှံမှုရတဲ့ငွေပမာဏ လျော့နည်းသွားတဲ့အတွက် ပိုမိုအဆင်ပြေသွားတယ်လို့ ဦးနေမင်းသူက ဆိုပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း မြန်မာကျပ်ငွေတန်ဖိုးလျော့နည်းသွားတဲ့အတွက် အမြတ်ရရှိမယ့် ပမာဏတွေလည်း လျော့နည်းသွားနိုင်တယ်လို့ ဦးကျော်ကျော်စိုးက ပြောပါတယ်။
"ပြည်ပရင်းနှီးသူတွေက ဈေးနှုန်းအပြောင်းအလဲ များတာကို ပိုကြောက်ကြတယ်။ အခုကလည်း အပြောင်းအလဲများတဲ့ အနေအထားဖြစ်နေတယ်။ နောက်လာပြီး ရင်းနှီးမယ့်သူတွေ တော်တော်စဉ်းစား ကြလိမ့်မယ်"လို့ ဦးကျော်ကျော်စိုးက ဆိုပါတယ်။
အခုလိုအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ အိမ်ခြံမြေကဏ္ဍမှာ အနည်းငယ် နှောင့်နှေးသွားနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်အကျိုးမျှော်မှန်းပြီး လာရောက်ရင်းနှီးမြှုပ်နှံသူတွေကတော့ တခြားစီးပွားရေးလုပ်ငန်းတွေမှာ ပုံမှန်ဝင်ရောက်လာနေလိမ့်မယ်လို့ ဦးကျော်စည်သူက ဆိုပါတယ်။
အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက်ခိုင်မာတဲ့ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေမရှိသေးတာကြောင့်လည်း နှောင့်နှေးနေတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties