By Myanmar Times, Shweproperty.com
Updated at 15 October 2015
ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည် ယခု နှစ်စပိုင်းမှစတင်ကာ အရောင်းအဝယ်အေး လာခဲ့ရာမှာ လက်ရှိတွင် ရာနှုန်းပြည့်နီးပါး အရောင်းအဝယ်မရှိဖြစ်ကာ ဈေးနှုန်းများလည်း အနည်းငယ် ကျဆင်းနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"အခု ရန်ကုန်တစ်မြို့လုံးနီးပါး နေရာ တော်တော်များများက အိမ်ခြံမြေဈေးကွက် တွေမှာ အရောင်းအဝယ်လုပ်မယ့်သူ မရှိ သလောက်ကို ဖြစ်နေတယ်။ အရောင်းအဝယ် အကြီးရော၊ အသေးရော အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။ အရင်က အရောင်းအဝယ်အေး တယ်ဆိုပေမယ့် ရင်းနှီးမြှုပ်နှံမယ့်သူ ရှိသေး တယ်။ အခုက ၁၀၀ ရာခိုင်နှုန်းလောက်ကို အရောင်းအဝယ် အေးသွားတယ်" ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင် ဦးခင်မောင်အေးက ပြောသည်။ ယခုကဲ့သို့ အိမ်ခြံမြေ ဈေးကွက်အေးသွား ရခြင်းသည် ရွေးကောက်ပွဲ နီးကပ်လာခြင်း ကြောင့် ရင်းနှီးမြှုပ်နှံမည့်သူများက ရင်းနှီး မြှုပ်နှံမှုများ ရပ်တန့်ထားသောကြောင့် အေးစက် သွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
"ရွေးကောက်ပွဲကြောင့်လည်း ပိုပြီးငြိမ်သက် သွားတယ်လို့ ပြောလို့ရပါတယ်။ စီမံကိန်း ရှိတဲ့နေရာတောင် ရွေးကောက်ပွဲကြောင့် မြေဝယ်ပြီး ရင်းနှီးမြှုပ်နှံမယ့် သူတွေက စောင့်ကြည့်နေကြတယ်။ နောက်ပြီး ရွေးကောက်ပွဲ ကြောင့်လည်း အပြောင်းအလဲတွေ ဖြစ်နိုင် တော့ အဲဒီအပြောင်းအလဲတွေကို စောင့်နေ တာကြောင့်လည်း ဈေးကွက်က ငြိမ်သက်သွား တာပါ" ဟု ၎င်းကပြောသည်။ သို့သော် ရွေးကောက်ပွဲစောင့်ကြည့်မှုများ ကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီး မြှုပ်နှံမှု နည်းလာသကဲ့သို့ အိမ်ခြံမြေအခွန်နှုန်း မြင့်မားမှုကြောင့်လည်း ရင်းနှီးမြှုပ်နံှသူများ နှင့် အိမ်ခြံမြေ ဈေးကစားသူများပင် လုပ်ငန်း လုပ်ကိုင်မှုနည်းလာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းလှညိုက ပြောသည်။
"ဈေးကွက်အေးတာ ရွေးကောက်ပွဲ စောင့် ကြည့်တာကြောင့်လည်း ပါပါတယ်။ နောက်ပြီး အခွန်တွေကို မြှင့်လိုက်တာကြောင့်လည်း ရင်းနှီးမြှုပ်နှံရမယ့်သူတွေက ဆောင်ရမယ့် အခွန်နဲ့ ရမယ့်အကျိုးအမြတ်က မကိုက်တော့ အိမ်ခြံမြေဝယ်ပြီး ရင်းနှီးမြှုပ်နှံဖို့ကို မလုပ်နိုင် ဖြစ်လာကြတယ်။ နောက်ပြီး အခုက မိုးရာသီ လည်းဖြစ်တာကြောင့် အိမ်ခြံမြေကလည်း လုပ်တဲ့သူ နည်းတယ်။ အကုန်လုံးစုပြီး ဈေးကွက်ကြီးတစ်ခုလုံး ငြိမ်သက်သွားတာပါ" ဟု ၎င်းက ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲပြီးသွားပါက နောက်တက်လာမည့် အစိုးရသစ်တွင် ပိုမိုကောင်းမွန် သည့် စီးပွားရေးဆိုင်ရာ ဥပဒေများ ပြုပြင် ပြောင်းလဲပါက အိမ်ခြံမြေ ဈေးကွက်သည် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များနှင့် အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။ "ရွေးကောက်ပွဲအပြီးကိုတော့ အပြောင်းအလဲတွေ ဖြစ်လာမလားဆိုပြီး မျှော်လင့်နေပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးက ဆက်စပ်နေတော့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာ ရင် နိုင်ငံရဲ့စီးပွားရေး ကောင်းလာမယ်။ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာ နိုင်မယ်။ အဲဒီအချိန်ကျရင် အိမ်ခြံမြေဈေးကွက် ကလည်း အလိုလို ပြန်ကောင်းလာမှာပါ" ဟု ဦးခင်မောင်အေးက ပြောသည်။
နိုင်ငံစီးပွားရေးသည် ပြည်တွင်းစီးပွားရေး တစ်ခုတည်းဖြင့် မရပ်တည်နိုင်သည့်အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် လိုအပ်ပြီး ယင်းအတွက် ခိုင်မာသည့် ဥပဒေ များရှိရန်လိုအပ်ကြောင်း ၎င်းကပြောသည်။ "နောက်လာမယ့်အစိုးရက ခိုင်မာတဲ့ဥပဒေ တွေကို ပြုပြင်ပြောင်းလဲပေးနိုင်ရင်တော့ ဒီဥပဒေတွေကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုတွေ ဝင်လာမှာပဲ။ သူတို့တွေ ဝင်လာရင် အဲဒါတွေနဲ့ ဆက်စပ်နေတဲ့ အိမ်ခြံမြေလုပ်ငန်း ကလည်း အလိုလိုပြန်တက်လာမှာပဲ။ အဲဒါကြောင့် အခုရွေးကောက်ပွဲက အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်တက်လာဖို့ အများကြီး ဆက်စပ်နေပါတယ်" ဟု ၎င်းက ပြောသည်။ သို့သော် အစိုးရသစ်လက်ထပ်တွင် အပြောင်း အလဲများ ဖြစ်ပေါ်မလာပါက အိမ်ခြံမြေ ဈေးကွက် ရပ်တန့်သွားသည်အထိဖြစ်လာနိုင် သော်လည်း အိမ်ခြံမြေဈေးကွက်သည် လက်ရှိ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများထဲတွင် ခိုင်မာ သည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ရင်းနှီး မြှုပ်နှံမှုများ ပြန်လည်အသက်ဝင်လာနိုင်ကြောင်း ဦးသိန်းလှညိုက ပြောသည်။ "အိမ်ခြံမြေဈေးကွက်က တစ်သက်လုံးတော့ အေးသွားမယ့် ဈေးကွက်တစ်ခုမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ခြံမြေက အရမ်းခိုင်မာတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။ တခြား စီးပွားရေးတွေနဲ့ယှဉ်ရင် အိမ်ခြံမြေ ဆိုတာ မြေဝယ်ထားရင် ရှုံးဖို့ဆိုတာ အရမ်း နည်းတယ်။ မြေဈေးက ဘယ်တော့မှမကျဘူး။ ဒါပေမဲ့ အရင်က အိမ်ခြံမြေဈေးကွက် ခေတ်ကောင်းပြီး ဈေးတွေ အဆမတန်တက်တာက ပြည်တွင်းမှာ တခြားစီးပွားရေးတွေ သိပ်မရှိတော့ ဒီမှာပြုံတိုးပြီး ရင်းနှီးမြှုပ်နှံကြလို့ အဲဒီလို ဖြစ်သွားတာ" ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ အိမ်ခြံမြေဈေးများ အဆ မတန် မြင့်တက်ခဲ့ပြီး အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုး မြင့်တက်သွားခြင်းသည် အခြား ရင်းနှီးမြှုပ်နှံနိုင်သည့် စီးပွားရေးလုပ်ကွက် နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း အသေးစားနှင့် အလတ်စား လုပ်ငန်းများ ပိုမိုကောင်းမွန်ရန် လိုအပ် ကြောင်း ၎င်းကပြောသည်။
"ဒီနိုင်ငံမှာက စီးပွားရေးလုပ်ငန်းက အရမ်းနည်းတယ်။ ရွေ၊ကား၊ ဒေါ်လာ၊ ဆောက် လုပ်ရေး၊ စက်မှု ဒီလောက်ပဲရှိတယ်။ ဒါပေမဲ့ အခု အဲဒီစီးပွားရေးတွေကလည်း သိပ် မအောင် မြင်ကြတော့ အကုန်လုံးက အိမ်ခြံမြေဘက် ရောက်လာကြတာ" ဟု ၎င်းကပြောသည်။ လက်ရှိတွင် ငွေလိုအပ်သည့်သူများသာ ၎င်းတို့၏ အိမ်၊မြေများကို ပြန်လည်ရောင်းချ ကြပြီး အများစုမှာ အရောင်းအဝယ်မလုပ် ဘဲ စောင့်ကြည့်နေကြကာ အရောင်းအဝယ် နည်းပါးအေးစက်လျက်ရှိသည်။
Ref : Myanmr Times
Photo Credit : Myanmar Times
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties