By San Wadi Hnin, Shweproperty.com
Updated at 19 December 2022
K - Drama လောကမှာ အချမ်းသာဆုံး သူဌေးစုံတွဲလို့ ပြောစမှတ်ပြုရတဲ့ ရိန်းနဲ့ ကင်ထယ်ဟီးဟာ အခုဆိုရင် သမီးလေးနှစ်ယောက်နဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါပြီ။ ရိန်းနဲ့ ကင်ထယ်ဟီး တို့ ဇနီးမောင်နှံဟာ အနုပညာဘက်မှာ အရည်အချင်းရှိကြတာချင်း တူသလို စီးပွားရေးဘက်မှာလည်း အကွက်မြင်တတ်သူတွေဖြစ်လေတော့ နှစ်ယောက်ပေါင်းပြီး စီးပွားဥစ္စာတွေဒီရေအလား တိုးပွားလာတာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ဒီနေ့တော့ ShweProperty ပရိသတ်ကြီးကို ရိန်းနဲ့ ကင်ထယ်ဟီးရဲ့ ပိုင်ဆိုင်ထားသမျှ တန်ဖိုးကြီး ဇိမ်ခံအဆောက်အဦးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ Itaewon က နှစ်ထပ်အိမ် ရိန်းနဲ့ ကင်ထယ်ဟီးရဲ့ မင်္ဂလာဦးအိမ်လို့ လူသိများတဲ့ Itaewon သူဌေးရပ်ကွက်က နှစ်ထပ်အိမ်ကြီးက အခမ်းနားဆုံး၊ အကြီးကျယ်ဆုံး mansion ကြီးနဲ့ ဇိမ်ခံအိမ်ကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရိန်းတို့ဇနီးမောင်နှံက ဒီအိမ်ကြီးကို နှစ်ယောက်သားစိတ်တူကိုယ်တူ ပြင်ဆင်မွမ်းမံခဲ့ကြပြီး နှစ်တွေအကြာကြီး နေထိုင်ခဲ့ကြပါတယ်။ ဒီအိမ်ကြီးမှာ ကိုယ်ပိုင် Gym၊ Wine Celler တွေနဲ့ ချွေးထုတ်ခန်းပါ ပါဝင်တယ်လို့ သိရပါတယ်။ ဒီအိမ်ကို သူတို့နှစ်ဦးလက်မထပ်ခင် (၃) လအလိုမှာ အမေရိကန်ဒေါ်လာ (၄.၄) သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီနှစ်ထဲမှာပဲ အမေရိကန်ဒေါ်လာ (၇) သန်းဝန်းကျင်နဲ့ ရောင်းထွက်သွားခဲ့တာဖြစ်လို့ သူဌေးစုံတွဲကတော့ ပိုက်ဆံတွေ အိတ်ထဲထပ်ထည့်သွားနိုင်ပြီလို့ ဆိုရမှာပါ။ Yeoksam - Dong က ငါးထပ်အဆောက်အဦး တကယ်တော့ ဒီအဆောက်အဦးက ကင်ထယ်ဟီးတစ်ဦးတည်းပိုင်တာလို့ ပြောလို့ရပါတယ်။ ကင်ထယ်ဟီးဟာ Gangnam ဘူတာအနီးက ဒီငါးထပ်အဆောက်အဦးကို (၂၀၁၄)ကတည်းက ဝယ်ထားခဲ့ပြီး ကော်ဖီဆိုင်တွေ၊ ဆိုင်ခန်းတွေနဲ့ သင်တန်းတွေကို အခန်းငှားစားထားခဲ့တာဖြစ်ပါတယ်။ ဒီအဆောက်အဦးကို (၂၀၂၁) မှာ ပြန်ရောင်းလိုက်တဲ့အချိန်မှာ ကင်ထယ်ဟီးဟာ အမေရိကန်ဒေါ်လာ (၆.၄) သန်းဝန်းကျင် အမြတ်အစွန်းရရှိသွားခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။ ရိန်းရဲ့ Cheongdam- dong က အဆောက်အဦး Rain Avenue လို အမည်ပေးထားတဲ့ Rain ရဲ့ Cheongdam - dong မှာ တည်ရှိတဲ့ မြေပေါ် (၃) ထပ်၊ မြေအောက် (၃) ထပ်ပါဝင်တဲ့ (၆) ထပ်အဆောက်အဦးကြီးကတော့ ရိန်းရဲ့ ဘဝတစ်သက်တာလုံးမှာ အမှန်ကန်ဆုံးရင်းနှီးမြှုပ်နှံမှုပါပဲ။ ရိန်းမဝယ်ယူခင်တုန်းက အနည်းငယ်ဟောင်းနွမ်းနေတဲ့ ဒီအဆောက်အဦးကို ရိန်းက (၂၀၀၈) ခုနှစ်မှာဝယ်ယူပြီး သစ်လွင်တောက်ပသွားအောင် ငွေကုန်ကြေးကျခံပြီး ပြင်ဆင်ခဲ့ပါတယ်။ အဲဒီလိုပြင်ဆင်အပြီးမှာတော့ ဒီအဆောက်အဦးကြီးရဲ့ တန်ဖိုးဟာ ထိုးတက်သွားပါတော့တယ်။ ဒါပေမယ့် ရိန်းက အဆောက်အဦးကို ပြန်မရောင်းဘဲ သူ့ရဲ့ Rain Company၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်နဲ့ အခြားစီးပွားရေးတွေရဲ့ ရုံးချုပ်အဖြစ် ဖွင့်လှစ်ထားခဲ့ပါတယ်။ ဒါ့အပြင် အခြား စီးပွားရေးလုပ်ငန်းတွေကိုလည်း နေရာငှားပေးထားသေးတာမို့ အခုဆိုရင် အဲဒီအဆောက်အဦးကြီးကနေ အမေရိကန်ဒေါ်လာ (၂၆) သန်းကျော် ရရှိနေပြီလို့ သိရပါတယ်။ California ဇိမ်ခံအိမ် ရိန်းတို့ဇနီးမောင်နှံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပြည်တွင်းမှာတင်ရပ်မသွားပဲ ပြည်ပအထိပါခြေဆန့်နေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ကင်ထယ်ဟီးက Irvine, California က အမေရိကန်ဒေါ်လာ (၂) သန်းကျော်တန်ဇိမ်ခံအိမ်ကြီးကို ဝယ်ယူလိုက်ပါသေးတယ်။ ဒီအိမ်ကြီးကို ဝယ်ယူရတဲ့အကြောင်းကို ကင်ထယ်ဟီးက ပရိသတ်ကိုထုတ်မပြောခဲ့ပေမယ့် မီဒီယာတွေကတော့ ရိန်းတို့စုံတွဲဟာ Hollywood မှာအခြေချပြီး အနုပညာအလုပ်တွေ လုပ်သွားဖို့ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။ ဒီနှစ်ထဲမှာ ရိန်းတို့စုံတွဲဟာ Itaewon က အိမ်ကိုရောင်းချလိုက်တာကြောင့် California က အိမ်ကို မိသားစုလိုက်ပြောင်းနေဖို့ အစီအစဉ်ရှိနေမလားလို့ အပြိုင်အဆိုင် မေးခွန်းထုတ်နေကြပါပြီ။ အခုပြောပြသွားတာကတော့ ရိန်းနဲ့ကင်ထယ်ဟီးတို့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားကြတဲ့ အိမ်တွေနဲ့အဆောက်အဦးတွေအကြောင်းပဲဖြစ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြားအိမ်ကြီးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။ Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties