By Myanmar Builders Guide, Shweproperty.com
Updated at 5 August 2018
မန္တလေးတိုင်းအတွင်းရှိ အစိုးရဌာနများ၌ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက်တန်ဖိုးမျှတ တိုက်ခန်းများ ရောင်းချပေးမည်ဖြစ်ရာ သြဂုတ် ၁ ရက်မှ စ၍လျှောက်လွှာများ လက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။
ယခင် အစိုးရလက်ထက်က မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်တွင်တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကိုစတင်အကောင်အထည်ဖော်ခဲ့ပြီး ယခုနှစ်အတွင်း စတင်ရောင်းချပေးမည်ဖြစ်သည်။ အဆိုပါအိမ်ရာကို မြို့တော် စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အာစီ လေးခန်းတွဲ၊ ခြောက်ထပ်အဆောက်အအုံ ၂၈ လုံး၊ အိမ်ခန်းတစ်ခန်းလျှင် ၆၆၁ စတုရန်းပေအကျယ်ရှိ အခန်းပေါင်း ၆၇၂ ခန်းကိုဝန်ထမ်းများနှင့် အငြိမ်းစားများကိုရောင်းချပေးသွားမည်ဖြစ်သည်။
အဆိုပါတိုက်ခန်းများ ဝယ်ယူရန် လျှောက်လွှာများကို ဇူလိုင် ၂၄ရက်မှ စ၍ ၂၆ လမ်းရှိ မြို့တော် စည်ပင်သာယာရေးကော်မတီရုံးတွင် ရောင်းချပေးနေပြီး လျှောက်လွှာများကို သြဂုတ် ၁ ရက်မှ ၁၄ ရက်အထိ လက်ခံမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။
''ရောင်းချမယ့် အခန်းတွေမှာအိပ်ခန်း၊ မီးဖိုချောင်၊ ဧည့်ခန်း၊ ရေချိုးခန်း၊ အိမ်သာ စသဖြင့်ပါမယ်။ ဒါပေမဲ့ တိုက်ခန်းတွေရဲ့ တန်ဖိုးကိုတော့ မသတ်မှတ်ရသေးဘူး'' ဟု မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူးဦးဇော်ဝင်းက ပြောသည်။
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်းက မြရည်နန္ဒာရပ်ကွက်ရှိ မြေ ၇ ဒသမ ၆၇ ဧကပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြရည်နန္ဒာ တန်ဖိုးမျှတ စီမံကိန်းရှိ ရှစ်ခန်းတွဲ ငါးထက်တိုက် အဆောက်အအုံ ၁၄ လုံး၊ အခန်းပေါင်း ၅၆ဝ ကို အငြိမ်းစားဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်းများကို ဘဏ်မှတစ်ဆင့် အရစ်ကျ ပေးသွင်းခြင်းစနစ်ဖြင့် ရောင်းချပေးခဲ့သည်။
ယင်းတန်ဖိုးမျှတ တိုက်ခန်းများကို မြေညီထပ် ဖြစ်ပါက ကျပ် ၂၂၃ သိန်း၊ ပထမထပ် ကျပ် ၂ဝ၈ သိန်း၊ ဒုတိယထပ် ကျပ် ၁၉၃ သိန်းနှင့် စတုတ္ထထပ်ကျပ် ၁၆၃ သိန်း အသီးသီး တန်ဖိုးသတ်မှတ်ပေးခဲ့သည်။ သို့သော် အဆိုပါတိုက်ခန်းများကို ဝယ်ယူခွင့်ရရှိသူ ဝန်ထမ်းအချို့သည် တိုက်ခန်းများ ပြန်လည်ရောင်းချခြင်းများ ရှိခဲ့သည်။
"တန်ဖိုးနည်းဆိုတာက အမည်ခံသလိုသာဖြစ်နေတာ။ တကယ်တမ်းက သူဌေးတွေပဲ နေနိုင်သလိုဖြစ်နေတယ်။ ပြန်ရောင်းထားတာ၊ ငှားထားတာတွေက အကုန်လုံးနီးပါးပဲ။ ငါးနှစ်အတွင်း ရောင်းချခွင့်မရှိဘူးလို့ သတ်မှတ်ထားပေမဲ့ သူ့နည်းသူ့ဟန်နဲ့ ရောင်းနေကြတယ်။ အစိုးရ ဝန်ထမ်းတွေအတွက်ဆိုပြီး စီစဉ်ပေမဲ့ တကယ်တမ်း ဘယ်လိုဖြစ်နေလဲဆိုတာ အစိုးရကပြန်ကြည့်သင့်တယ်''ဟု အဆိုပါ အိမ်ရာတွင် နေထိုင်သူတစ်ဦးကပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties