By Myanmar Builders Guide, Shweproperty.com
Updated at 27 February 2019
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေအနီး ဆောက်လုပ်မည့် ရေတံခွန်တောင်စီးတီးမြို့ပြအိမ်ယာစီမံကိန်း ဧရိယာပတ်ဝန်းကျင်ရှိ လယ်ယာမြေ ဈေးနှုန်းများသည် ပြီးခဲ့သည့်နှစ်ကထက် မြင့်တက်ကြောင်း ယင်းမြို့နယ်အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။
ယင်းစီမံကိန်းပတ်ဝန်းကျင်ရှိ လယ်ယာမြေတစ်ဧကလျှင် ယခင်က ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့သော်လည်း စီမံကိန်းလုပ်ငန်းများ စတင် အကောင်အထည်ဖော် လုပ်ဆောင်လာပြီးနောက် တစ်ဧကလျှင် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းများ မြင့်တက်လာကြောင်း ဖိုးလမင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းတည်ထောင်သူ ဦးဝဏ္ဏစိုးက ပြောကြားသည်။
“ဈေးကွက် သဘောတရားအတိုင်း ဝယ်လိုအားရှိလာရင် နည်းနည်း လှုပ်တာပေါ့။ အစဉ်အမြဲ အတက်ဘက်ကို သွားနေလိမ့်မယ်လို့ မယူဆဘူး။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သတိထားပြီး လုပ်ဆောင်သင့်တယ်။ ဒီမှာက ငါးပွက်ရာ ငါးစာချတဲ့ပုံစံမျိုးဖြစ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။
ယင်းဧရိယာအတွင်းရှိ နေရာများသည် လယ်ယာမြေများအဖြစ်သာ ရှိနေသောကြောင့် ဥပဒေအရဆိုပါက စိုက်ပျိုးရေးကိုသာ လုပ်ဆောင်ရမည်ဖြစ်ပြီး နေထိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းအတွက် အခြားနည်း သုံးစွဲခွင့်ရရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဦးဝဏ္ဏစိုးက ပြောကြားသည်။
လက်ရှိ ယင်းစီမံကိန်းပတ်ဝန်းကျင်ရှိ လယ်ယာမြေများ၏ အရောင်းအဝယ် ကောင်းမွန်နေပြီး လယ်ယာမြေ တစ်ဧကလျှင် ကျပ်သိန်း ၅၀၀၀ ဝန်းကျင် ခေါ်ဈေးရှိသော်လည်း ကျပ်သိန်း ၄၀၀၀ ကျော်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။
ရေတံခွန်တောင်စီးတီး မြို့ပြအိမ်ရာစီမံကိန်းကို မန္တလေးမြို့ အရှေ့ဘက် ၄ မိုင်ခန့်အကွာ ရေတံခွန်တောင်အနီးရှိ မြေဧက ၅၀၀ ကျော်ပေါ်တွင် မြို့သစ်တစ်ခုအနေဖြင့် တည်ဆောက်နေပြီး စီမံကိန်းလုပ်ငန်းများကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ယင်းစီမံကိန်း တင်ဒါအောင်မြင်ခဲ့သည့် ဖွံ့ဖြိုးသစ်ကုမ္ပဏီထံမှ သိရသည်။
ယင်းစီမံကိန်းဧရိယာဝန်းကျင်ရှိ လယ်မြေများသာ ဈေးတက်လာခဲ့သော်လည်း မန္တလေးမြို့ ဧရိယာအတွင်းရှိ မြေကွက်များသည် ပုံမှန်ဈေးနှုန်းဖြင့်သာ အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties