By Aye Sandar, Shweproperty.com
Updated at 29 January 2021
လယ်ယာမြေကို တရားဝင် လုပ်ပိုင်ခွင့် လျောက်ထားရယူခြင်း မရှိပဲ မြေခွန်ပြေစာနှင့် မြေစာ ရင်းပုံစံ ၁၀၅ များပြပြီး ရောင်းချနေသည်များ တွေ့ရပါသည်။ ထိုကဲ့သို့ လယ်ယာမြေကို ရောင်း ဝယ်၍ မရသလို တရားလည်းမဝင်ပေ။ ဤနေရာတွင်"လယ်ယာမြေ" ဆိုသောစကားရပ်တွင် အကျုံးဝင်သော မြေများမှာ - ၁။ လယ်မြေ ၂။ ယာမြေ ၃။ ကိုင်းကျွန်းမြေ ၄။ တောင်ယာမြေ ၅။ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ ၆။ ဓနိမြေ ၇။ ဥယျာဉ်မြေ ၈။ ဟင်းသီးဟင်းရွက် ပန်းမန်စိုက်ပျိုးသည့်ခြံမြေ ၉။ မြေနုကျွန်းမြေအားလုံး ပါဝင်သည်ဟု ဆိုထားပါသည်။ အိမ်မြေဝယ်လျှင် အထူးသတိပြုရမည့် စာရွက်စာတမ်း အတုများ ၂၀၁၂ လယ်ယာမြေ ဥပဒေပုဒ်မ ၃(ဃ) အရ လယ်ယာမြေသည် နိုင်ငံတော်ပိုင် ဖြစ်ပါသည်။ တနည်းအားဖြင့် အစိုးရပိုင် ဖြစ်ပါသည်။ လယ်ယာမြေလုပ်ပိုင်ခွင့် လျောက်ထားသော တောင်သူကို လယ်ယာမြေ ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ပေးခြင်းသာ ဖြစ်ပါသည်။ ပုံစံ ၇ မရှိသောသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်ပင် တရားဝင် မရသေးသူ ဖြစ်ပါသည်။ တရားဝင် လုပ်ပိုင်ခွင့် မရှိသူက လယ်ယာမြေကို အရောင်းအဝယ် ပြုလုပ်ခွင့် မရှိပါ။ ပြုလုပ်လျှင် ရောင်းချပိုင်ခွင့် မရှိသောသူထံမှ ရောင်းချခွင့် မရှိသောမြေကို ဝယ်ယူဖြင်းဖြစ်သည့်အတွက် ထိုအရောင်းအဝယ်စာချုပ်သည် ပဋိညာဉ် ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်ပါသည်။ ဥပဒေကြောင်းအရ အတည်မဖြစ်ပါ။ ပုံစံ ၁၀၅ ရှိနေတာဘဲဆိုသော်လည်း မြေစာရင်းပုံစံ ၁၀၅ (မြေပုံ)သည် မြေပိုင်ဆိုင်ခွင့် မဟုတ်ပါ။ တည်နေရာကို ညွှန်ပြသည့် အထောက်အထားတစ်ခုသာ ဖြစ်ပါသည်။ ပုံစံ ၁၀၅ သည် ပိုင်ဆိုင်မှု စာချုပ်စာတမ်း (Title deed) မဟုတ်သဖြင့် ဤပုံစံဖြင့် ရောင်းချခြင်း ပြုလုပ်နိုင်မည် မဟုတ်ပါ။ ပုံစံ ၁၀၅ ၏ သက်သေခံတန်ဘိုးကို "ဦးအောင်သိန်းပါ ၂ နှင့် ဒေါ်အမပါ ၂၊ ၁၉၇၁ မြန်မာနိုင်ငံ တရားစီရင်ထုံးများ စာမျက်နှာ ၁၃၇ တွင် အခွန်မြေပုံတွင် နာမည်ပေါက်ရုံမျှဖြင့် နာမည်ပေါက်သူသည် မြေ၏ ပိုင်ရှင်ဖြစ်သည်ဟု ယူဆခြင်းမပြုနိုင်ပေ"လို့ ဖော်ပြထားပါသည်။ အလားတူ စီရင်ထုံးများလည်း ရှိပါသည်။ လယ်ယာမြေကို မည်သည့်ပုံစံဖြင့် ရောင်းချနိုင်ပါသနည်းဆိုလျင် ၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၃(ဃ)အရ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) ကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရသူက ရောင်းချခွင့်ရှိပါသည်။ သို့ရာတွင် ဝယ်သူအနေဖြင့်အဆိုပါမြေသည် အစိုးရမြေ၊ လယ်ယာမြေ ဖြစ်သည့်အတွက် ပိုင်ဆိုင်ခွင့်မရသေးပဲ လုပ်ပိုင်ခွင့်ကိုသာ ဆက်လက်ရရှိခြင်းဖြစ်ပါသည်။လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) တွင်သတ်မှတ်ပေးထားသော သီးနှံများကိုဆက် လက် လုပ်ကိုင်ခွင့်ရှိပါသည်။ လယ်ယာမြေကို လက်ရှိထား စိုက်ပျိုးခွင့် (Possessory Title) ရရှိပါမည်။ ပိုင်ဆိုင်ခွင့် မဟုတ်သေးပါ။ ပုံစံ ၇ ကို အရောင်းအဝယ်ပြုလုပ်ရာတွင်လည်း ရောင်းသူဝယ်သူကြည်ဖြူပြီး နှစ်ဦးသဘောတူ အရပ်ကတိစာချုပ် ချုပ်ဆိုယုံဖြင့် မလုံလောက်ပါ။ လယ်ယာမြေ ဥပဒေပါ နည်းလမ်းများအတိုင်း ဆောင်ရွက်မှ တရားဝင်ပြီး အမည်ပြောင်းလဲခွင့် ရရှိပါသည်။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၄(က) နှင့် (ခ) အရ လယ်ယာမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် ရပ် ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်တွင် သတ်မှတ်သည့် မြေတန်ဘိုးအတိုင်း တံဆိပ်ခေါင်းကပ်၍ အခွန်ဆောင် စာချုပ်ချုပ်ဆိုရပါသည်။ စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍ ရက်ပေါင်း (၁၂၀) အတွင်း မြိုနယ် မြေစာရင်းဦးစီးဌာနမှာ မှတ်ပုံတင်ပြီးမှသာဥပဒေနှင့်အညီ တရားဝင် လွှဲပြောင်းခွင့် ရရှိမည်ဖြစ်ပါသည်။ ပုံစံ ၇ တရားဝင် ဝယ်ယူလွဲပြောင်းခွင့်ရရှိထားသည့် ထိုလယ်ယာမြေကို ပိုင်ဆိုင်ခွင့် (Legal Title) မရပါ။ လက်ရှိထား စိုက်ပျိုးလုပ်ကိုင်ခွင့် (Possessory Title) သာရရှိပါသည်။ အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ မြို့သစ်စီမံကိန်းဟုဆိုကာ အကွက်ရိုက်ရောင်းချနေသော လယ်ယာမြေကို ဝယ်မည်ဆိုလျှင် ထိုမြေပေါ်တွင် ပုံစံ ၇ ပါ သတ်မှတ်ထားသည့် နည်းလမ်းပါ သီးနှံကို စိုက်ပျိုးခွင့်ရှိပါသည်။နည်းလမ်းပြောင်း စိုက်ပျိုးခွင့်မရှိပါ။ သီးနှံပြောင်းလဲ စိုက်ပျိုးလိုပါက လယ်ယာမြေဥပဒေ နည်းဥပဒေအရ ခွင့်ပြုချက် တင်ပြပြီး ခွင့်ပြုမှသာ စိုက်ပျိုးရမည်ဖြစ်ပါသည်။ လယ်မြေပေါ်တွင် အိမ်ဆောက်ခြင်း၊ ဆိုင်ဆောက်ခြင်း၊ ဓါတ်ဆီဆိုင်ဖွင့်ခြင်း၊ စားသောက်ဆိုင်ဖွင့်ခြင်း စသည့် အခြားနည်းလမ်းများ အသုံးပြုခွင့်မရှိပါဘူး။ အခြားနည်း အသုံးပြုပါက လယ် ယာမြေ ဥပဒေပုဒ်မ ၁၂(ဆ) ပါ စည်းကမ်းကို ဖေါက်ဖျက်ရာ ကျရောက်သဖြင့် ပုဒ်မ ၁၉ ပါ စီမံခန့်ခွဲရေးပြစ်ဒက်များ၊ ပုဒ်မ ၃၅ ပါ တရားရုံး ပြစ်ဒဏ်များ ချမှတ်ခံရမည် ဖြစ်ပါသည်။ (အများပြည်သူ သိရှိသင့်သော မြေကိစ္စဖြစ်၍ ဆန်းသစ်နေမင်းရေးသားထားသော ပို့စ်အား ဆရာ မျိုးမင်းထွန်းမှ ဖြည့်စွက်ပြင်ဆင် ရေးသားထားသည်မှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။) ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မြေအမျိုးအစား ခွဲခြားနည်း ပါမစ်(PERMIT) ဖြင့်ချထားပေးသော မြေကွက်ကို ဝယ်ရာတွင် သတိပြုသင့်သောကိစ္စရပ်များ အကွက်ရိုက်ရောင်းတဲ့ မြေကို ဝယ်လိုသူများ အထူး သတိပြုစရာ မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties