By Myanmar Times, Shweproperty.com
Updated at 4 June 2015
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ကျဆင်းခြင်း ကြောင့် လယ်ယာမြေများကို နေရာထိုင်ခင်း အိမ်အဖြစ် ခွဲခြမ်းရောင်းချမှုများ၊အခြားစီးပွားရေးလုပ်ငန်းများအတွက် မြေအဖြစ် ရောင်းချခြင်းများ ပိုမိုပြုလုပ်လာခြင်းကြောင့် လယ်ယာမြေများ ပျောက်ကွယ်သွား မည်ကို စိုးရိမ်လျက်ရှိကြောင်းပညာရှင်များ က ပြောသည်။
"စိုက်ပျိုးရေး လယ်မြေတွေကိုလည်း ကာကွယ်ဖို့ လိုအပ်နေပါပြီ။ ရန်ကုန်မှာ စိုက်ပျိုးဖို့ လယ်မြေတွေ ရှားနေပါပြီ။စိုက်ပျိုး မြေကနေ တခြားမြေအဖြစ်ကို အလွယ်တကူပြောင်းလဲနိုင်တာကို တွေ့ရပါတယ်။ အဲဒီလို မပြောင်းလဲနိုင်အောင် ဥပဒေတွေ လိုအပ်ပါတယ်။ အလွယ်တကူ ပြောင်းလဲနိုင်မယ် ဆိုရင်နောက်ပိုင်းလယ်မြေတွေ ပျောက်ကွယ် သွားမှာ ဖြစ်ပါ တယ်"ဟု ဦးသံမိုးကပြောသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ (Farmland Law) တွင် လယ်ယာမြေများကို အခြားမြေအဖြစ် မပြောင်းလဲနိုင်စေရန် တင်းကျပ်သောဥပေဒေများ မပါရှိသောကြောင့် လယ်ယာမြေများ နှစ်စဉ်လျော့ နည်းလျက်ရှိကြောင်း ပညာရှင်များက ပြောသည်။
"၂၀၁၂ Farmland Law ကလည်း လယ်ယာတွေကို တခြားမြေအဖြစ် အလွယ် တကူ ပြောင်းလဲနိုင်အောင် လုပ်ထားပါတယ်။ ဒါကို သက်ဆိုင်ရာက ပြန်စစ်ဆေးဖို့ လိုအပ် နေပါပြီ။ ဒီလို အလွယ်တကူပြောင်းလဲနိုင်လို့ အားလုံးကပြောင်းလဲလိုက်ကြရင် လယ်ယာ မြေတွေ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်"ဟု ဦးသံမိုးက ပြောသည်။
လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော်က စတင်ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်ပြီး တောင်သူလယ်သမားများ၏ အခွင့်အရေးများ၊ လိုက်နာ စောင့်ထိန်းရမည့် တာဝန်များ၊ စည်းမျဉ်း စည်းကမ်းများနှင့် တားမြစ်ချက်များကို ပြဋ္ဌာန်းဖော်ပြထားသည်။ ကမ္ဘာ့ဘဏ်၏ သုတေသနပြုချက်အရ ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးမြေ ဧရိယာ စုစုပေါင်းမှာ တစ်နိုင်ငံလုံး၏ ၁၉ ဒသမ ၃ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း ဖော်ပြထားသည်။
ဆန်ကုန်သည် ဦးကျော်အေးကလည်း "ရန်ကုန်မှာ စိုက်ပျိုးမြေတွေ သိသိသာသာလျော့နည်းလာတယ်။ လွန်ခဲ့တဲ့ လေးနှစ် လောက်နဲ့ယှဉ်ရင် ပြည်တွင်းမှာ ထုတ်လုပ်တာရော၊ နိုင်ငံခြားကို တင်ပို့တာရော ထွက်နှုန်း တော်တော်ကို ကျဆင်းလာတယ်။ လယ်မြေတွေရှားပါးလာလို့ ထွက်နှုန်းတွေကျပြီး ကုန်ဈေးနှုန်းတွေလည်း တက်လာရတယ်"ဟု ပြောသည်။
ယခုကဲ့သို့ လယ်ယာမြေဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေပါက အခြေခံကုန်ဈေး နှုန်းများ ကြီးမြင့်သွားနိုင်ပြီး အနာဂတ်အတွက် ကောင်းမွန်နိုင်သည့် အလားအလာမရှိသဖြင့် လယ်ယာမြေကာကွယ်ရေးဥပဒေ ကို အလျင်အမြန် ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ပညာရှင်များက ပြောသည်။
"လယ်ယာမြေတွေက တစ်နှစ်ထက် တစ်နှစ် သိသိသာသာ လျော့နည်းလာတယ်။ အစိုးရက လယ်သိမ်းတာရော၊ စိုက်ပျိုးရေးက စီးပွားရေးမကောင်းတော့လို့ တောင်သူလယ် သမားတွေ ကိုယ်တိုင်မစိုက်ပျိုးတော့ဘဲ တခြား မြေအဖြစ် ရောင်းချတာတွေ များလာတယ်။ ၂၀၁၂ လယ်ယာမြေဥပဒေက လယ်သိမ်းတာကိုလည်း ထိထိရောက်ရောက် ကာကွယ်မပေးနိုင်ဘူး။ အဲဒီထက် လယ်ယာမြေတွေကို ထိထိ ရောက်ရောက် ကာကွယ်မယ့် ဥပဒေရော၊ လယ်ယာမြေကနေ အခြားမြေအဖြစ် အလွယ်တကူပြောင်းလဲ လို့မရမယ့် ဥပဒေရောလိုအပ်တယ်"ဟု ဦးကျော်အေးက ပြောသည်။
ရန်ကုန်မြို့၏ မြို့လယ်ကောင်ဒေသများ မဟုတ်သော သာကေတ၊ ဒလ၊ ကြည့်မြင်တိုင်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ သန်လျင် အစ ရှိသည့် မြို့နယ်အများစုတွင် စိုက်ပျိုး မြေများ ပေါများစွာရှိခြင်းကြောင့် စိုက်ပျိုးရေး ကို အခြေခံသောမြန်မာနိုင်ငံတွင် ထွန်ယက်စိုက်ပျိုးမှုအတွက် အားထားနိုင်သော အနေ အထားတွင် ရှိသည်။
သို့သော်လည်း ဆောက်လုပ်ရေးပညာရှင် များက အထပ်မြင့် အဆောက်အအုံများနှင့် တန်ဖိုးနည်းအိမ်ရာများကို မြို့လယ်ကောင်မ ဟုတ်သောနေရာများတွင် ရန်ကုန်မြို့ ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်မြေများပေါ် တွင် တည်ဆောက်သင့်ကြောင်းပြောသည်။ "မြို့လယ်ကောင်နေရာတွေမှာ အထပ်မြင့် ဆောက်မယ်ဆိုရင် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေ မှေးမှိန်သွားမှာ စိုးရိမ် ရတယ်။ အထပ်မြင့် အဆောက်အအုံတွေကိုမြေဧက ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ မြို့လယ် ကောင်လည်းမကျတဲ့ မြို့နယ်တွေမှာ ဆောက် သင့်တယ်။ ရန်ကုန်မြို့မှာမြေဧရိယာ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ မြို့နယ်တွေ အများကြီးရှိပါသေးတယ်။ အထပ်မြင့် အဆောက်အအုံတွေနဲ့ တန်ဖိုးနည်း အိမ်ရာတွေကို မြေအကျယ်များများရှိပြီး မြေဈေးလည်း မကြီးမြင့်သေးတဲ့ မြေယာ တွေမှာ တည်ဆောက်သင့်ပါတယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အအုံ ဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်လှိုင် မော်ဦးက ပြောသည်။ ရန်ကင်းမြို့နယ်မှစပြီး အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန် သင့်တော်သည့်မြေယာများရှိပြီး ရန်ကုန် မြို့ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် မြေကွက်ကျယ်များရှိသော နေရာများတွင်စိုက်ပျိုး မြေများ ထားရှိခြင်းထက် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ရန် ပိုမို သင့်တော်ကြောင်း အချို့ပညာရှင်များက အကြံပြုကြသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties