အိမ်ရဲ့ ဧည့်ခန်းလေးမှာ ဒီပစ္စည်းလေးတွေ ဆောင်ထားလိုက်ခြင်းဟာ သင့်အိမ်ကို ကံကောင်းမှုလေးတွေ ယူဆောင်ပေးနိုင်တယ်ဆိုတာ သင်သိပြီးပြီလား။ အိမ်တစ်အိမ်အတွက် ကံကောင်းခြင်း၊ ချမ်းသာခြင်းနဲ့ ကျန်းမာခြင်းတို့ကို ဆောင်ကြဉ်းပေးမယ့် နည်းပညာတွေက သိပ္ပံနည်းကျလေ့လာမှုများစွာ မရှိပေမဲ့လည်း ဖုန်းရွှေနည်းအရဆိုရင် ဒီအဆောင်ပစ္စည်းလေးတွေက ကံကောင်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဘာတွေလဲဆိုတာ သိရအောင် ဒီဆောင်းပါးလေးကို အဆုံးထိ ကြည့်လိုက်ပါနော်။ 

အသီးပန်းချီကားများ

ဖုန်းရွှေမှာတော့ အသီးအနှံတွေမှာ အဓိပ္ပာယ် အမျိုးမျိုး ရှိပါတယ်။ ဥပမာ - ပန်းသီးဆိုရင် ငြိမ်းချမ်းရေးကို ကိုယ်စားပြုပြီး၊ စပျစ်သီးဆိုရင် ကြွယ်ဝမှု သို့မဟုတ် အောင်မြင်မှုကို ကိုယ်စားပြုပါတယ်တဲ့။ ဘာပဲဖြစ်ဖြစ် အသီးပုံလေးတွေက မြင်လိုက်တာနဲ့ လူကို လန်းဆန်းစေပြီး တက်ကြွတဲ့ စိတ်ခံစားချက်ကို ပေးနိုင်တာတော့ အမှန်ပါပဲ။ ဒါကြောင့် ကိုယ်ကြိုက်တဲ့ အသီးပုံလေးတွေကို ပန်းချီလေးတွေပဲဖြစ်ဖြစ်၊ ပိုစတာလေးတွေ ထုတ်ပြီးပဲဖြစ်ဖြစ် ဧည့်ခန်းလေးမှာ အလှဆင်ပြီး ကပ်ထားဖို့ အကြံပေးပါတယ်။ 

ဆင်ရုပ်တု၊ ဆင်ပိုစတာများ

ဆင်တွေဟာ ကံကောင်းခြင်းကို ကိုယ်စားပြုပါတယ်။ အထူးသဖြင့် ဆင်တွေက ခွန်အားနဲ့ ဉာဏ်ပညာကို ကိုယ်စားပြုကြပြီး နှာမောင်းကို အပေါ်ထောင်ထားတဲ့ အနေအထားဆိုရင် ကံကောင်းခြင်း သင်္ကေတဖြစ်တယ်လို့ ဆိုကြပါတယ်။ အိမ်ရဲ့ အိမ်ရှေ့ခန်း၊ တံခါးအနီးမှာ ဆင်ရုပ်တစ်ရုပ်ကို ထားရှိလိုက်ခြင်းဟာ အပြုသဘောဆောင်တဲ့ စွမ်းအင်နဲ့ ကံကြမ္မာအတွက် သင့်အိမ်ထဲကို စီးဆင်းစေပါတယ်တဲ့။ 

ရွှေငါး

ရွှေငါးရဲ့ အရောင်ဟာ ကြွယ်ဝမှုနဲ့ စည်ပင်သာယာဝပြောမှု ကိုယ်စားပြုပါတယ်။ ရွှေငါးနှစ်ကောင်ပါတဲ့ ပိုစတာကို အိမ်ဧည့်ခန်းမှာ ကပ်ထားတာပဲဖြစ်ဖြစ်၊ ရွှေငါးကန်လေး အလှထားတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ 



အမွှေးနံ့သာ

အိမ်ထဲဝင်လိုက်တာနဲ့ အမွှေးနံ့သင်းသင်းက သင့်ကို စိတ်ကြည်လန်းဆန်းနေစေမှာ အမှန်ပါပဲ။ ဒါကြောင့် အမွှေးနံ့သာဟာ ကံကောင်းခြင်းတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ အနံ့ဆိုးတွေနဲ့ စိုထိုင်းထိုင်း အငွေ့အသက်တွေက အိမ်မှာ ပျော်ရွှင်စရာတွေကို ဆိတ်သုန်းသွားစေလို့ မွှေးရနံ့လေးမထည့်နိုင်ရင်တောင် သန့်ရှင်းနေအောင် ထားပေးသင့်ပါတယ်။

လှိမ့်ဝင်တည်ထွက်

ဒီအရုပ်လေးကတော့ တော်တော်များများသိကြပါတယ်။ ဒါကိုဆောင်ထားရင် ဈေးရောင်းကောင်းပြီး ငွေတွေ လှိမ့်ဝင်တယ်လို့ ဆိုကြပါတယ်။ ကိုယ့်နေ့နံရဲ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်မှာ ကိုယ့်ဆိုင်ခန်းမှာပဲဖြစ်ဖြစ်၊ အလုပ်ခန်း၊ ရုံးခန်းနေရာတွေမှာ ဒီလှိမ့်ဝင်ရုပ်လေးကို ဆောင်ထားပေးနိုင်ပါတယ်။ အရုပ်လေးကို အမွှေးနံ့သာ ဖြန်းပေးတာမျိုး မျက်နှာသစ်ပေးတာမျိူးလည်း လုပ်ပေးနိုင်ပါတယ်။ 

ဒါဆိုရင်တော့ ကိုယ့်အိမ်ခန်းလေးမှာ ကံကောင်းခြင်းတွေပြည့်နက်နေအောင် အပေါ်က ဖုန်းရွှေ အဆောင်ပစ္စည်းလေးတွေနဲ့ ပြုပြင်လိုက်ရအောင်နော်။

Written By : Lily ( ShweProperty.com )