သင်ဟာ တရုတ်ရိုးရာ ဖုန်းရွှေနည်းလမ်းတွေကို ယုံကြည်စွာ လုပ်ဆောင်တတ်သူတစ်ယောက်လား။ ဒါဆို သင့်ရဲ့စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင်မြင်ဖို့ ပံ့ပိုးပေးမယ့် ဖုန်းရွှေနည်းလမ်းတွေအကြောင်း သိထားဖို့လိုပါတယ်နော်။ 

Work From Home လုပ်သူတွေအတွက် ဖုန်းရွှေနည်းအရ စီးပွားတက်စေမယ့်နည်းကတော့ အရောင်တွေနဲ့ဆက်စပ်လုပ်ကိုင်ရမှာပဲဖြစ်ပါတယ်။
ကိုယ်လုပ်ငန်းလုပ်ရာပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့စွမ်းအင်တွေ ပိုစီးဆင်းစေဖို့ ဘယ်လိုအရောင်တွေကိုထားသင့်လဲဆိုရင်တော့…

အဖြူရောင်

အဖြူရောင်ဆိုတဲ့ သတ္တုဒြပ်စင်ဟာ တီထွင်ဖန်တီးနိုင်စွမ်း ကောင်းမွန်စေပါတယ်။ အိုင်ဒီယာကောင်းတွေထွက်လာစေပြီး လုပ်ငန်းတာဝန်တွေမြန်ဆန်စွာ ပြီးမြောက်စေနိုင်စွမ်းရှိပါတယ်။ Work From Home လုပ်တဲ့အချိန် အခက်အခဲတစ်ခုခုကြုံတွေ့ရတဲ့အခါ အလုပ်လုပ်တဲ့နေရာ ပတ်ဝန်းကျင်ကို အဖြူရောင် ဒါမှမဟုတ် အဖြူရောင်ဘက်သမ်းတဲ့ အရောင်တစ်မျိုးမျိုးနဲ့ အလှဆင်ပေးပါ။

မီးခိုးရောင်

မီးခိုးရောင်ဖျော့ဖျော့ဟာလည်း အဖြူရောင်နဲ့ ဆင်တူယိုးမှားဖြစ်တဲ့အတွက် ဦးနှောက်စွမ်းရည် တိုးတက်ကောင်းမွန်ဖို့ အထောက်အကူပြုပါတယ်။ အညိုရောင်နဲ့ရောစပ်ထားတဲ့ မီးခိုးရောင်မျိုးဆိုရင် စိတ်တည်ငြိမ်စေပြီး စွမ်းအင်တွေ ပိုပြီးစုစည်းမိစေပါတယ်။ မီးခိုးရောင်ဟာ ကူညီတတ်တဲ့သူတွေနဲ့ ဆက်နွယ်မှုရှိတဲ့အတွက် အလုပ်နေရာမှာ မီးခိုးရောင်ထားရှိပေးတာက လုပ်ငန်းခွင်မှာ ကူညီပံ့ပိုးပေးတဲ့သူတွေ ပိုပြီးပေါများလာစေပါတယ်။

အညိုရောင်

အညိုရောင်ဟာ မြေဒြပ်စင်တစ်မျိုးဖြစ်ပြီး ဘယ်လိုအညိုရောင်မျိုးပဲဖြစ်ဖြစ် အလုပ်ပတ်ဝန်းကျင်တစ်ဝိုက်မှာထားရှိပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေလျော့ကျစေတယ်။ စိုးရိမ်ပူပန်မှုတွေနည်းပါးစေပြီး အလုပ်လုပ်တဲ့အခါ လွယ်ကူချောမွေ့စေပါတယ်။ အညိုရောင်သစ်သားစားပွဲထားရှိပေးတာကလည်း အလုပ်လုပ်တဲ့အခါ ပိုပြီး အဆင်ပြေပြေ ပြီးမြောက်စေပါတယ်။

အမည်းရောင်

အမည်းရောင်က ရေဒြပ်စင်ဖြစ်ပြီး ဥာဏ်ပညာ၊ ဘဝရည်မှန်းချက်ရှာဖွေတဲ့အခါမျိုးမှာ ပိုပြီးအထောက်အကူပြုပါတယ်။ ဘဝရည်ရွယ်ချက်တွေ ပျောက်ဆုံးနေတဲ့အချိန်မျိုး၊ ဘာလုပ်ရမှန်းမသိလမ်းပျောက်နေတဲ့အချိန်မျိုးမှာ အမည်းရောင်ကို လုပ်ငန်းနေရာတစ်ဝိုက်မှာ ထားပေးသင့်ပါတယ်။



အဝါရောင်

အညိုရောင်လိုပဲ အဝါရောင်ဟာလည်း မြေဒြပ်စင်တစ်မျိုးဖြစ်ပြီး နေရောင်ခြည်စွမ်းအင်ကိုစုပ်ယူကာ ပျော်ရွှင်မှုယူဆောင်လာပေးပါတယ်။ အလုပ်လုပ်တဲ့အခါ စိတ်ပျော်ရွှင်စွာနဲ့ လုပ်ကိုင်နိုင်ဖို့၊ လန်းဆန်းတက်ကြွစွာနဲ့လုပ်နိုင်ဖို့ အိမ်ရဲ့ရုံးခန်းတစ်ဝိုက်မှာ အဝါရောင်ကိုထည့်သွင်းထားသင့်ပါတယ်။

အစိမ်းရောင်

အစိမ်းရောင်ဟာ သစ်သားဒြပ်စင်ဖြစ်ပြီး စိတ်ဓာတ်ကျနေတဲ့အချိန်မျိုး၊ အားအင်ဆုတ်ယုတ်နေတယ်လို့ခံစားရတဲ့အချိန်မျိုးမှာ အလုပ်စားပွဲတစ်ဝိုက် အစိမ်းရောင်ထားပေးပါ။ အစိမ်းရောင်ထားပေးခြင်းဟာ သစ်သားဒြပ်စင်စွမ်းအင်ကို တိုးလာစေပြီး စိတ်တည်ငြိမ်အောင်၊ စိတ်အားတက်လာအောင် အထောက်အကူပြုပါတယ်။

အနီရောင် 

အနီရောင်ဟာ ဖုန်းရွှေရိုးရာအရ စွမ်းအားအကြီးဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံးအရောင်ဖြစ်ပါတယ်။ မီးဒြပ်စင်ဖြစ်တဲ့အတွက် ကံမကောင်းဘူးလို့ ခံစားရတဲ့အခါ၊ အခွင့်အလမ်းတွေပိတ်ဆို့နေတယ်လို့ ခံစားရတဲ့အခါမျိုးမှာ အလုပ်နေရာတစ်ဝိုက် အနီရောင်ရှိတဲ့ပစ္စည်းတစ်မျိုးမျိုးထားပေးပါ။ နံရံကို အနီရောင်ခြယ်ထားမယ်ဆိုရင်လည်း စိတ်ခွန်အားတက်စေပြီး မကောင်းတဲ့စွမ်းအင်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

ဖုန်းရွှေနည်းအရ ဒီအရောင်လေးတွေကို ဆီလျော်အောင်သုံးပေးမယ်ဆိုရင် Work From Home လုပ်သူတွေအတွက် ကံကောင်းစေပြီး စီးပွားလာဘ်လာဘတွေပွင့်စေတယ်။ အခွင့်အရေးကောင်းတွေများစွာရလာစေပါတယ်။ 

အခုပြောပြသွားတာတွေကတော့ ဒီကာလမှာ Work From Home အလုပ်လုပ်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေတိုးတက်အဆင်ပြေစေမယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ 

နောက်တစ်ပတ်တွေမှာလည်း အိမ်တွင်းရေးပိုမိုသာယာစေပြီး လာဘ်လာဘပေါများစေမယ့် ဖုန်းရွှေနည်းလမ်းတွေ၊ ဗေဒင်အစီအရင်တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတွေကို ပြောပြပေးသွားဦးမှာမို့ Shwe Property Website ကို လာရောက်လည်ပတ်ဖတ်ရှု့ပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေနော်။

Posted By : Ra Wai (ShweProperty.com)