By Myanmar Times, Shweproperty.com
Updated at 18 September 2015
နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာသွားရန် မရှိဘဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အတွက်လည်း တစ်စုံတစ်ရာ စိုးရိမ်စရာမရှိဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးဇေယျာအောင်က ပြောကြားလိုက်သည်။
နေပြည်တော်တွင် ယခုလ ၁၅ ရက်နေ့က စတင်ကျင်းပနေသော စတုတ္ထအကြိမ်မြောက် Myanmar Global Investment Forum ၌ မြန်မာတိုင်း(မ်)က မေးမြန်းရာတွင် ၎င်းက "ရွေးကောက်ပွဲကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နှောင့်နှေးနေတာမျိုး၊ ရပ်တန့်နေတာမျိုး မရှိပါဘူး။ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုက ပိုပြီးတော့တောင် ကောင်းနေပါသေးတယ်။ ကာလတူ နှိုင်းယှဉ်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က ထက်အောင် များနေပါသေးတယ်" ဟု ပြောကြားခဲ့သည်။
"ရွေးကောက်ပွဲဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခုပါပဲ။ ဒီလိုပဲ ပုံမှန်သွားနေဦးမှာပါ။ နောင်ငါးနှစ် ငါးနှစ်မှာလည်း ရွေးကောက်ပွဲတွေ ရှိနေဦးမှာပါ။ လက်ရှိချမှတ်ထားတဲ့ စီးပွားရေး စနစ်တွေက ခိုင်မြဲနေတဲ့အတွက် ရွေးကောက်ပွဲ ကာလအတွင်းမှာလည်း ဘာမှစိုးရိမ်စရာ မရှိပါဘူ။ အချိန်အခါ ကောင်းဖြစ်နေတဲ့အတွက် စောစောစီးစီး လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းလိုပါတယ်"ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဆက်သွယ်ရေးကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်ခဲ့ပြီး၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ မျှော်မှန်းထားသည့် အမေရိကန်ဒေါ်လာ လေးဘီလျံ ထက်ကျော်လွန်ပြီး စုစုပေါင်း ဒေါ်လာ ရှစ်ဘီလျံကျော်အထိ ဝင်ရောက်ခဲ့သည်။
"လက်ရှိဘဏ္ဍာနှစ်မှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆက်လက်ဝင်ရောက်နေပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်ရဲ့ မျှော်မှန်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကတော့ အမေရိကန်ဒေါ်လာ ခြောက်ဘီလျံပါ" ဟုလည်း ဦးဇေယျာအောင် က ၎င်း၏ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
သို့သော်လည်း သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ အထူးစီးပွားရေးဇုန် စီမံကိန်းများနှင့် အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား လိုအပ်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ရွေးကောက်ပွဲများနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် အကျိုးသက်ရောက်နိုင်မှုကိုလည်း ဖိုရမ်၏ အဖွင့်ဆွေးနွေးခန်းတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များက ဆွေးနွေးခဲ့သည်။
"မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးပြုပြင်ပြောင်းလဲမှု အနေအထားက ကျေနပ်စရာကောင်းပါတယ်။ မြန်မာနိုင်ငံကို ကူညီမယ့် လူတွေ အများကြီးရှိနေတယ်။ နောက်မကြာခင်ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အနေအထားက အဆပေါင်းများစွာ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်" ဟုလည်း အဖွင့်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည့် ဘန်ကောက်ဘဏ်အုပ်စု ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ကော့ဘ်ဆက်ပူးထရာကူးက ပြောကြားသည်။
ရွေးကောက်ပွဲများအပေါ် နိုင်ငံတကာက အထူးစောင့်ကြည့် လေ့လာလျက်ရှိသော်လည်း မြန်မာနိုင်ငံ၏ ပြင်ပစီးပွားရေးကမ္ဘာနှင့် ချိတ်ဆက်နိုင်မှု အနေအထားနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အပေါ် အကောင်းမြင်လျက်ရှိသည်ဟုလည်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties