By Sint Sint, Shweproperty.com
Updated at 14 August 2020
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မီးရထားရုံးချုပ်ဟောင်းမြေပေါ် တွင်ဖော်ဆောင်နေသည့် အပြည်ပြည်ဆိုင်ရာ ကြယ်ငါးပွင့်ဟိုတယ်နှင့် Land-mark စီမံကိန်းများ၏အကျိုးဖြစ်ထွန်းမှုကိုကြီးကြပ်ဆောင်ရွက်ရန် အတိုင်ပင်ခံကုမ္ပဏီ ၂ ခုကို ပဏာမရွေးချယ်ထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ယင်းစီမံကိန်း တိုးတက်မှုအခြေအနေ၊ အရည်အသွေး၊ စီမံကိန်းအကျိုး ဖြစ်ထွန်းမှုရလဒ်အခြေအနေ၊ သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်မှုအခြေအနေတို့ကို အဓိကကြီးကြပ်ဆောင်ရွက်ရန် မြန်မာ့မီးရထားက Project Management Unit (PMU)ကိုဖွဲ့စည်းထားပြီး PMU ကိုထောက်ပံ့ပေးနိုင်မည့် Project Assurance Committee (PAC) လုပ်ငန်းများဆောင်ရွက်ရန် Asia Pacific Business Architects-APBA နှင့် Myanmar Survey research တို့ကို ပဏာမရွေးချယ်ထားခြင်းဖြစ်သည်။
''ပဏာမအဆင့်တော့ ရွေးပြီးပြီ။ အပြီးသတ် မရွေးရသေးဘူး။ ၂ ခုထဲက တခုရွေးမယ်။ ကနဦးကတော့ Asia Pacific နဲ့ အရင်ဆွေးနွေးမယ်။ ဆွေးနွေးပြီးလို့ စာချုပ်ချုပ်ဆိုပြီးရင်တော့ တရားဝင်ကြေညာမှာပါ''ဟု မြန်မာ့မီးရထား၊ တိုင်းတာဝန်ခံ၊ တိုင်း(၇)လ/ထမန်နေဂျာ ဦးစိုးမိုးအောင်က ပြောသည်။
ထိုစီမံကိန်းဧရိယာမှာ ၃၉၅၇၇ စတု ရန်းမီတာကျယ်ဝန်းပြီး Yangon Peninsula ဟိုတယ်နှင့် Landmark Development တည်ဆောက်ရေးစီမံကိန်းဟူ၍ စီမံကိန်း ၂ ပိုင်းခွဲခြားကာ FMI ၊ Yoma Strategic Holdings၊ မစ်ဆူဘီရှီကော်ပိုရေးရှင်း၊ The International Finance Corporation(IFC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်းအကောင် အထည်ဖော်မည်ဖြစ်သည်။ ထိုသို့စီမံကိန်း ကြီးကြီးကြပ်ရန် မြန်မာ့မီးရထားက အတိုင်ပင်ခံကုမ္ပဏီရွေးချယ်ထားသော်လည်း သက်ဆိုင်ရာကုမ္ပဏီများကလည်း စီမံကိန်းကို စနစ်တကျကြပ်မတ်နေကြောင်း ဦးစိုးမိုးအောင်က ပြောသည်။
''သူတို့လည်း ငွေကြေးအများကြီး စိုက်ထုတ်လုပ်တာဆိုတော့ စနစ်တကျလုပ်တာပေါ့။ ဒါပေမဲ့ မီးရထားက Project Assurance Services ရွေးတာကတော့ မီးရထားကိုယ်စား ဒီ Project ကို ကြီး ကြပ်ပေးဖို့ပေါ့။ ဘယ်နေရာတွေမှာ လိုအပ်ချက်တွေရှိနေလဲ။ ဘယ်နေရာတွေမှာ နှောင့်နှေးမှုတွေရှိနေလဲ။ အဲဒါဆိုရင် မီးရထားက အချိန်နဲ့တပြေးညီ သိရှိပြီးတော့ ဝိုင်းဝန်းဖြေရှင်းဖို့။ Project မြန်မြန်ဆန်ဆန်နဲ့ အရည်အသွေးကောင်းကောင်းနဲ့ သတ်မှတ်ထားတဲ့ Timeline အတိုင်းပြီးဖို့နဲ့ Project အရည်အသွေးရော၊ ကျန်တဲ့ safety ပိုင်းတွေရော၊ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်တွေကို အဲလိုလုပ်ငန်းတွေမှာအကြံဉာဏ်ပေးဖို့ မီးရထားကိုယ်စား စောင့်ကြပ်စစ်ဆေးပေးဖို့ အဲဒီရည်ရွယ်ချက်နဲ့ လုပ်တာ'' ဟု ၎င်းကပြောသည်။
မြန်မာ့မီးရထားအနေဖြင့် စီမံကိန်းကိုကြီးကြပ်ရန် ၂ဝ၁၉ ခုနှစ် စက်တင်ဘာလကတည်းက ပြည်တွင်းပြည်ပမှ စီမံကိန်းအာမခံချက် ဝန်ဆောင်မှုကုမ္ပဏီများ ထံစိတ်ဝင်စားမှုဖော်ပြချက် EOI ခေါ်ယူ ခဲ့ရာ ၁၂ ဦး EOI တင်သွင်းခဲ့သည်။ ကုမ္ပဏီအတည်ပြုရွေးချယ်ခြင်း၊ ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမှုကို ၂ဝ၂ဝ ပြည့်နှစ် မေလပိုင်းတွင် အပြီးစီစဉ်ခဲ့သော်လည်း ကိုဗစ်ကာလနှောင့်နှေးကြန့်ကြာမှုများရှိခဲ့သည့်အတွက် နောက်ဆုံးဆန်ခါတင် ကုမ္ပဏီ ၂ ခုကို ဇူလိုင်လမှသာ ရွေးချယ်ခဲ့ရသည်။ ထို့ကြောင့် လာမည့် ၃ လ အတွင်း အတိုပင်ခံကုမ္ပဏီတခုကို စာချုပ်ချုပ်ဆိုနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှတာဝန်ရှိသူက ပြော သည်။
အဆိုပါစီမံကိန်းကို အမေရိကန် ဒေါ်လာသန်း ၆ဝဝ ကျော်ရင်းနှီးမြှုပ်နှံကာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးကာလကို ၄၈ လသတ်မှတ်ထားကာ ၂ဝ၂၂ တွင် ပြီးစီးမည်ဖြစ်သည်။ စီမံကိန်းပြီးစီးပါက မြန်မာ့မီးရထားမှ ခေါ်ယူထားသည့်ကုမ္ပဏီအနေဖြင့် စီမံကိန်း၏ အားသာချက်၊ အားနည်းချက်များ၊ စီမံကိန်းလုပ်ငန်းအတွေ့အကြုံများနှင့် ပတ်သက်၍ အသိပညာမျှဝေမှုများ၊ အကြံပေးမှုများ ဆောင်ရွက်ပေးရမည်ဖြစ်သည်။
Credit : News Watch
Posted By: Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties