By Eleven Media Group, Shweproperty.com
Updated at 22 June 2015
ဂုတ်ထိပ်တံတားသို့ ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၅ ခုနှစ် ငါးလတာအတွင်း ၃၃၅၃၄ ဦးရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ခရီးသွားဦးရေ တိုးတက်လာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက ပြောကြားသည်။
“ဂုတ်ထိပ်တံတားကို နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုက နှစ်တိုင်းတိုးတက်နေတယ်။ အခုက မိုးရာသီဆိုတော့ သွားလာရ လွယ်ကူအောင် သူတို့တွေအတွက် မီးရထားစင်းလုံးငှားတဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။ ပြီးတော့ သီပေါ-ကျောက်မဲမှာတည်းတဲ့ ခရီးသွားဧည့်သည် သုံးပုံတစ်ပုံလောက်က ဂုတ်ထိပ်ကိုဖြတ်ပြီးမှ သွားကြတာပါ” ဟု ဦးနိုင်ဝင်းက ဆိုသည်။
အဆိုပါ ဂုတ်ထိပ်တံတားသည် နိုင်ငံခြားခရီးသွား ဧည့်သည်များအား ဆွဲဆောင်မှုရှိသည့်နေရာ ဖြစ်သောကြောင့် ကမ္ဘာလှည့်ခရီးသွား အများစုသည် လားရှိုးမြို့အထိ လေကြောင်းလိုင်းဖြင့် လာရောက်ပြီး ကျောက်မဲ၊ သီပေါမှတစ်ဆင့် ရထားစီးနင်းကာ ဂုတ်ထိပ်တံတားသို့ လာရောက်လည်ပတ်ကြကြောင်း သိရသည်။
ယင်းဒေသများသည် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံးနေရာတစ်ခု ဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်မှု ရှိလာစေရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ နိုင်ငံခြား ခရီးသွားများ သွားလာမှု အဆင်ပြေစေရန် လေကြောင်းလိုင်းအနေဖြင့် ခုနစ်လိုင်း၊ ယာဉ်ကြီးလိုင်း ခုနစ်လိုင်း၊ ယာဉ်ငယ်လိုင်း ၄၀ နှင့် မန္တလေး-လားရှိုး မီးရထားခရီးစဉ်ဖြင့် လာရောက်လည်ပတ်နိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ဝင်ရောက်မှုအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ၆၅၉၂၈ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၆၆၇၀၇ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၇၈၄၅၉ ဦးအထိ တိုးတက်ခဲ့ပြီး ၂၀၁၅ ခုနှစ် မေလကုန်အထိ ၃၃၅၃၄ ဦး ဝင်ရောက်ခဲ့သောကြောင့် ယခုနှစ်တွင် ခရီးသွားဧည့်သည် ပိုမိုတိုးတက်လာနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါ ဒေသသို့ ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်မှု အဆင်ပြေစေရန် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီ ၂၅ ခုရှိပြီး ၂၀၁၅ မေလကုန်အထိ ဟိုတယ် ၃၉ လုံးနှင့် အခန်းပေါင်း ၁၂၅၄ ခန်းရှိကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာလှည့်ခရီးသွားများ အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ လာရောက်လည်ပတ်ရာတွင် ပထမဦးစားပေး အနေဖြင့် ဂုတ်ထိပ်တံတားသို့ သွားရောက်လည်ပတ်ပြီး ကျောက်မဲနှင့်သီပေါ ဒေသသို့လည်း အများဆုံး သွားရောက်လည်ပတ်ကြကြောင်း သိရသည်။
အဆိုပါ ရှမ်းမြောက်ဒေသသည် နောင်လာမည့် အနာဂတ်တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းများစွာ ရှိသည့်နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties