By Myanmar Times, Shweproperty.com
Updated at 24 February 2016
နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို နေရာချ ထားပေးရန် အစိုးရအဆက်ဆက်တွင် ဆောက်လုပ်ပေးခဲ့သည့် နိုင်ငံပိုင် ဝန်ထမ်းအိမ်ရာများ နှင့် တိုက်ခန်းများကို စနစ်တကျပြန်လည် ထိန်းသိမ်းစောင့်ရှောက်ရန် အခက်အခဲများ ရှိနေသည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး) မှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။
စီးပွားရေးမြို့တော်ရန်ကုန်တွင် ၁၉၅၁ ခုနှစ်မှ စတင်ကာ ယနေ့အချိန်ထိ ဆောက်လုပ် ခဲ့သည့် အများပြည်သူအိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်း အိမ်ရာများတွင် နေရာချထားပေးပြီးဖြစ် သည့် အခန်းပေါင်း ၁၆,၀၀၀ ကျော်ရှိပြီး၊ အဆိုပါအိမ်ရာများအနက် ရန်ကင်းမြို့နယ် အတွင်းရှိ ရန်ကင်းအိမ်ရာမှာ အခန်းပေါင်း ၃,၇၀၀ ကျော်ရှိရာ အခန်းအရေအတွက် အများဆုံး ပြည်သူ့အိမ်ရာစီမံကိန်းတစ်ခု ဖြစ်သည်။ "ရန်ကင်းတိုက်ခန်းတွေဆိုရင် အခန်း ၃,၅၀၀ လောက်က ဆွေမျိုးနီးစပ်တော်တဲ့လူတွေ တက်နေတာများတယ်။ ဦးလေးက လွှဲ တယ်။ အဒေါ်ကလွှဲသွားတယ်ဆိုပြီး ခေါင်းစဉ် တပ်လာတာ များတယ်။ တကယ်မူလ နေခွင့်ရ တဲ့လူက ၂၀၀ လောက်ပဲ ရှိတော့တယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် အဲဒီတိုက်ခန်းတွေကို လက်လွှဲလက်ပြောင်းလုပ်တဲ့ ကိစ္စတွေကို ပြန်ကြပ်မတ်ဖို့ဆိုတာ လက်ရှိ အနေအထားနဲ့ မဖြစ်နိုင်တော့သလောက် ခက်လာတယ်" ဟု ဦးယုခိုင်က ပြောသည်။
နိုင်ငံပိုင်တိုက်ခန်းများကို လက်လွဲှနေ ထိုင်ခြင်းနှင့် ရောင်းချခြင်း ဥပဒေနှင့် ညီညွတ် ခြင်းမရှိသော် လည်း နေထိုင်ခွင့်ရသူများက အစဉ်အဆက်လွှဲပြောင်း ဆက်ခံနေကြခြင်း ဖြစ်သည်။ "လက်လွဲှ လက်ပြောင်း ရောင်းဝယ် နေတာတွေက စည်းကမ်းနဲ့ညီလားဆိုတော့ မညီပါဘူး။ နေခွင့်ရတဲ့ လူတွေရဲ့ အမွေစားအမွေခံသားသမီးတွေက နာမည်ပြောင်း လျှောက်တဲ့အခါ ခွင့်ပြုပေးလိုက်ရတဲ့ သာဓက တွေလည်း ရှိတယ်။ ဝန်ထမ်းအင်အားမလုံလောက်တော့ အိမ်ရာတွေ စည်းကမ်းတကျ ဖြစ်မဖြစ် လိုက်စစ်ဖို့ထက် အခန်းငှားနေတဲ့သူ တွေဆီက အိမ်လခမှန်မှန်ရဖို့ ငွေကြေးကောက်ခံတဲ့ အလုပ်ကိုပဲ ဦးစားပေးလုပ်နေရတယ်" ဟု လည်း ဦးယုခိုင်က ပြောသည်။
တည်ဆဲဥပဒေတစ်ခုဖြစ်သော ၁၉၅၅ ခုနှစ် အိမ်ဥပစာနှင်ထုတ်ခြင်းအက်ဥပဒေတွင် တရားဝင် အငှားချထားသူများမှလွဲ၍ နိုင်ငံပိုင် တိုက်ခန်းများကို တစ်ဆင့်ပြန်လည် အငှားချ ထားခြင်း၊ ရောင်းချခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ထပ်တိုးချဲ့ထွင် တည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ထင်ရှားတွေ့ရှိပါက တိုက်ခန်းမှ ဖယ်ရှားပေးရမည်ဖြစ်သည့်အပြင် လိုအပ်ပါက သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အင်အားသုံး ဖယ်ရှားနိုင်သည်ဟုလည်း ပြဋ္ဌာန်း ထားသည်။ ခေတ်အဆက်ဆက်တွင် ဆောက်လုပ်ခဲ့သည့် နိုင်ငံပိုင်အိမ်ရာများတွင် အိမ်ရာ ထိန်းသိမ်း ရေး ရုံးခန်းများ ဖွင့်လှစ်ထားရှိ၍ နေထိုင်သူ များ စည်းစနစ်တကျရှိစေရန်နှင့် နိုင်ငံပိုင်တိုက် ခန်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရန် ကြပ်မတ် ထိန်းသိမ်းနိုင်သည့်စနစ်ကို ကျင့်သုံးခဲ့သော် လည်း ဝန်ထမ်းအင်အားလုံလောက်မှု မရှိခြင်း၊ စနစ်ကျသည့် စီမံခန့်ခွဲမှု အားနည်းခြင်းတို့ ကြောင့် လာမည့်အစိုးရသစ်လက်ထက်တွင် အိမ်ရာစခန်းတစ်ခုလျှင် အရာရှိတစ်ဦးနှင့် အခြားအဆင့်လေးဦးထားရှိကာ ဖွဲ့စည်းပုံအပြည့်ဖြင့် ထိန်းသိမ်း စောင့်ရှောက်သွားနိုင် ရန် မျှော်လင့်ထားသည်ဟု ဦးယုခိုင်က ပြော သည်။ "ဝန်ထမ်းတွေကို ဖွဲ့စည်းပုံအပြည့်ခန့် မယ် စနစ်တကျ တာဝန်တွေပေးမယ်ဆိုရင် အဆင်ပြေတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်နောက် ပိုင်း ဘတ်ဂျက်အခြေအနေအရ အိမ်ရာစခန်း စစ်ဆေးရေးမှူးတွေ ထပ်မခန့်နိုင်တော့ဘူး။လူမရှိလို့သွားပြီးတော့လည်း မစစ်ဆေးနိုင် တော့ဘူး။ အဲဒီကနေပြီး စပျက်စီးလာတာ။ မစစ်ဆေးနိုင်တော့ နေတဲ့လူတွေကလည်း စည်းကမ်းဖောက်ပြီး ငှားတာ၊ ရောင်းတာ၊ ချဲ့တာတွေကို လုပ်ချင်သလို လုပ်လာတယ်" ဟု ၎င်းက ပြောသည်။
နိုင်ငံတော်က အငှားချထားသည့် အိမ်ရာ တိုက်ခန်းများတွင် ကနဦးနေထိုင်ခွင့် ရရှိထား သူများက ဆွေမျိုးမိသားစုဝင်များသို ့ ပြန်လည် လွှဲပြောင်းနေထိုင်စေသည့်အပြင် အရပ် စာချုပ်များဖြင့် မူလအငှားချနေထိုင်ခွင့်ရရှိ ထားသူများ၊ မိသားစုဝင်များထံမှ တစ်ဆင့် ပြန်လည် ဝယ်ယူထားသူများ အများအပြားရှိ နေသည်။ နိုင်ငံပိုင်အိမ်ရာများတွင် နေထိုင်သူ များကို ဥပဒေနှင့်အညီ ပြန်လည် စစ်ဆေး အရေးယူမည်ဆိုပါက လူမှုရေးအရ မလိုလား အပ်သည့် ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ရာ လတ်တလောတွင်အရေးယူစိစစ်မှုများ ပြုလုပ် နိုင်ခြင်း မရှိသေးသော်လည်း ရေရှည်တွင် စည်းကမ်း တကျဆောင်ရွက်သွားရန် ရည်ရွယ် ထားသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ပထမအကြိမ် လွှတ်တော်တွင် ပြောကြားထားသည်။
"နိုင်ငံပိုင်တိုက်ခန်းတွေကို အလွဲသုံးစား လုပ်နေတာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က လည်း လွှတ်တော်မှာ မေးဖူးပါတယ်။ ဒုဝန်ကြီး ဦးစိုးတင့်ကလည်း လွှတ်တော်မှာဝန်ကြီးဌာန သဘောထားကို တရားဝင်ဖြေခဲ့ပြီးပါပြီ။ပြန်လည် စိစစ်ကိုင်တွယ်မယ်ဆိုရင်လည်း မမျှော်မှန်းနိုင်တဲ့ လူမှုရေး ပြဿနာတွေ လည်း တက်လာနိုင်တယ်။ ကျွန်တော်တို့က စည်းကမ်းနဲ့မညီလို့ ဖယ်ခိုင်းမယ်ဆိုပြန်ရင် လည်း နေတဲ့လူတွေက မဖယ်ပေး ဘူးဆိုရင် ဆွဲချလွှဲချ လုပ်ရမယ်။ ရဲအင်အားတွေသုံးရ မယ်ဆိုရင်မကောင်းတော့ဘူး။ လုပ်ရကိုင်ရ တာလည်း ခက်တယ်။ နေတဲ့လူတွေ တော်တော်များများကလည်း ဝန်ထမ်းတွေပဲများတယ်လေ။ မလုပ်ဖူးဆိုပေမယ့် စည်းကမ်းတွေ ကို ပြန်ကြပ်မတ်ဖို့တော့ ရေရှည်မှာ လုပ်ဖို့ စီစဉ် နေပါတယ်" ဟု ဦးယုခိုင်က ပြောသည်။ နိုင်ငံပိုင်အိမ်ရာများတွင် နေထိုင်ငှားရမ်း ခွင့် ရရှိထားသူများက ပြင်ပသို့ ပြန်လည် ရောင်းချမှုများ ရှိနေကြပြီး ရောင်းချသည့် နည်းလမ်းအမျိုးမျိုးရှိသည့်အနက် ဝယ်ယူသူက နေထိုင်ခွင့်ရသူ၏ အိမ်ထောင်စုစာရင်းသို့ ဝင်ရောက်ကာ မိသားစုဝင်အချင်းချင်း လွှဲပြောင်း ပေးသည့် ပုံစံဖြင့် အရောင်းအဝယ်ပြုနေကျ သည်ဟု သုဝဏ္ဏအိမ်ရာစီမံကိန်းတွင် လက်ရှိနေ ထိုင်သူတစ်ဦးက ပြောသည်။
"မူလ အငှားချထားတဲ့ လူရဲ့ အိမ်ထောင်စု စာရင်းထဲဝင်ပြီး မိသားစုဝင်အချင်းချင်း လက်လွှဲ လက်ပြောင်း ရောင်းတဲ့ ပုံစံနဲ့ အလုပ်လုပ်ကြတာပါ၊ ဈေးကတော့ အမျိုးမျိုးရှိပါတယ်။ မြေနေရာ အကွက်အကွင်းကျတဲ့နေရာ၊ လမ်းသာတဲ့နေရာတွေဆို တချို့အခန်းတွေ က သိန်းထောင်ကျော်တယ်။ အရင်တုန်းက တော့ ကျွန်တော်နေတဲ့ အိမ်ခန်းတစ်ခုပါတဲ့ အခန်းလခက ၂၄ ကျပ်ပဲ အစိုးရကို သွင်းခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အိမ်ရာထိန်းသိမ်း ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်လခဈေးတွေ မြှင့်လိုက်လို့ အခုဆို တစ်လကို ကျပ် ၆,၁၀၀ ငှားရမ်းခ သွင်းရတယ်။ အိမ်လခဈေးတွေ မြှင့်လိုက်ပေမယ့်လည်း အပြင်ဈေးနဲ့စာရင် အရမ်းသက်သာနေတာရယ်။ အဲဒီအိမ်ရာ တွေ ကလည်း မြို့ရဲ့ အချက်အချာကျတဲ့ နေရာ တွေမှာ ရှိလာတော့ ဝယ်တဲ့ လူတွေက အကြိုက် များတယ်။ ဈေးကတော့ညှိနှိုင်းဈေးပါပဲ။ ကျွန်တော်တို့လည်း မူလအခန်းရတဲ့ သူတွေ ဆီကနေ နားလည်မှုနဲ့ဝယ်နေတာ ဆယ်နှစ် ကျော်ရှိပါပြီ"ဟု အမည်မဖော်လိုသူ အဆိုပါနေထိုင်သူ တစ်ဦးက ပြောသည်။
"အငှားချ အိမ်ရာတွေကို အပြင်ပြန်ရောင်း တာတွေ ရှိလာနေတဲ့အတွက် စည်းမျဉ်းစည်းကမ်းတွေ အပြင် ဥပဒေသစ်တွေထပ်ပြီး ဆွဲ သွားမယ်"ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties