By the voice weekly, Shweproperty.com
Updated at 17 March 2013
စင်္ကာပူနိုင်ငံကို စံနမူနာယူ ဖွံဖြိုးတိုးတက်ရန် လုပ်ဆောင်မည့် ရန်ကုန်မြို့တော်တွင် ရန်ကင်းအိမ်ရာ အပါအဝင် သက်တမ်းရင့် ဝန်ထမ်းအိမ်ရာ ၁၁ခုကို ခေတ်နှင့်အညီ အသစ် ပြန်လည်တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
အသစ်ပြန်လည် တည်ဆောက်မည့် အိမ်ရာများတွင် ၅၁ လမ်း အိမ်ရာ၊ လမ်းသစ်အိမ်ရာ၊ ရွှေဂုံအိမ်ရာ၊ ဦးဝိစာရ (မင်းမနိုင်) အိမ်ရာ၊ ဝေဠုဝန်အိမ်ရာ၊ ရန်ကင်းမြို့နယ်မှ ဝန်ထမ်းအိမ်ရာ အပါအဝင် စုစုပေါင်းဝန်ထမ်းအိမ်ရာ ၁၁ ခု ပါဝင်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
ရန်ကုန်မြို့တော်ရှိ ဝန်ထမ်းအိမ်ရာ အများစုကို ၁၉၅၄ ခုနှစ်ကတည်းက စတင်ဆောက်လုပ်ခဲ့ပြီး သက်တမ်း ၅၉ နှစ်ကြာမြင့်သောကြောင့် အိုမင်းဟောင်းနွမ်းလာသဖြင့် အသစ်ပြန်လည် ဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ အဆိုပါအိမ်ရာများကို ဆောက်လုပ်မည့် အချိန်နှင့် ဆောက်လုပ်မည့်အ ဆောက်အအုံပုံစံကို လတ်တလောတွင် အတိအကျ မပြောနိုင်သေးကြောင်း ၎င်းကပြောကြားသည်။
အသစ်ပြန်လည် ဆောက်လုပ်ရန်အတွက် အဆိုပါ ဝန်ထမ်းအိမ်ရာများကို အသစ်ပြန်လည် တည်ဆောက်ရန် ယင်းအိမ်ရာများတွင် နေထိုင်သူများနှင့် ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်း ပြေလည်မှုရရှိပါက ဖွံဖြိုးရေးစီမံကိန်း (Development Plan) ရေးဆွဲပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံဖြိုးရေးဦးစီးဌာန ထံမှ သိရသည်။
"တချို့ ဝန်ထမ်းအိမ်ရာတွေက အခြေအနေ အရမ်းဆိုးနေတော့ ဆောက်မယ် ဆိုရင် နှစ်ဘယ်လောက် ကြာမှာလဲ၊ လက်ရှိ နေထိုင်သူတွေကို အသစ်ဆောက်နေချိန်မှာ ဘယ်လိုနေရာပေးမလဲ က အရေးကြီးပါတယ်။ ဝန်ထမ်းတွေ အဆင်ပြေအောင် ဆောက်တာဖြစ်လို့ အနှောင့်အယှက်တော့ မဖြစ်စေချင်ပါဘူး" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဆိုသည်။
အသစ်ပြန်လည် တည်ဆောက်မည်ကိုသာ အသိပေး ထားပြီး ရွှေ့ပြောင်းပေးရမည့် အချိန်၊ စတင်ဆောက်လုပ် မည့်အချိန်များကို အသိပေးထားခြင်း မရှိကြောင်း ၅၁လမ်း ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ များက ပြောကြားသည်။ "အသစ်ဆောက်ပြီးရင် နေရာပြန်ပေးဖို့နဲ့ ဆောက်နေတဲ့ အချိန်မှာ နေဖို့နေရာ အတိအကျကို အာမခံချက် ပေးနိုင်ရင်တော့ ရွှေ့ပြောင်းပေးမှာပါ" ဟု ဝန်ထမ်းအိမ်ရာတွင် မြန်မာထမင်းဆိုင် ဖွင့်ထားသူ အသက် ၃ဝ ကျော် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
Source : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties