By Irrawaddy, Shweproperty.com
Updated at 27 December 2017
အစိုးရသစ် လက်ထက် ပထမအကြိမ် အဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီစဉ်ဖြင့် တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းပေါင်း ၁၂၀၀ ကျော်ကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန (ရန်ကုန်) မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ပြောသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန (ရန်ကုန်) မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က “တိုင်းအစိုုးရ အဖွဲ့မှာ အဖွဲ့စနစ်နဲ့ ရောင်းချဖို့အတွက် ဖွ့ဲထားပြီးပြီ။ ဒီအဖွဲ့မှာ ကျနော်တု့ိဌာနက ကျွမ်းကျင်သူတွေရော၊ သက်ဆိုင်ရာ တာဝန် ရှိသူတွေရော ပါဝင်တယ်။ မကြာခင် ဘယ်သူတွေကို ဘယ်လို ရောင်းချမယ်ဆိုတာ ကြေညာမယ်။ ရောင်းချ မယ့် ရက်တော့ ကျနော် မပြောတတ်သေးဘူး။ ရောင်းချဖို့ စနစ်တခုကတော့ အဆင့်သင့်ဖြစ်နေပြီ။ တိုင်းအစိုးရဖွဲ့ အစီစဉ် နဲ့ အခုအစိုးရ လက်ထက်မှာ ပထမဆုံး ဖြစ်တယ်”ဟု ပြောပြသည်။
တန်ဖိုးနည်း အိမ်ခန်းပေါင်း ၇၀၀ ကျော်နှင့် တန်ဖိုးသင့် အိမ်ခန်းပေါင်း ၅၀၀ နီးပါးကို ရောင်းချပေးမည် ဖြစ်ပြီး ရောင်းချ မည့်ရက်ကိုမူ အတိအကျ ပြောဆို၍ မရသေးဟု ဆိုသည်။
ရောင်းချမည့် တိုက်ခန်းနေရာများမှာ ယုဇန တန်ဖိုးနည်းအိမ်ရာ အပိုင်း ၁၊ ဒဂုံဆိပ်ကမ်း မြို့နယ် ကနောင် အိမ်ရာရှိ တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများနှင့် လိူင်သာယာ ရွှေလင်ဗန်း တန်ဖိုးနည်း အိမ်ရာ အပိုင်း ၂၊ အပိုင်း ၃ တို့ကို ရောင်းပေးမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။
ဆက်လက်၍ ၎င်းက “အခုက ရွှေလင်ဗန်း အိမ်ရာမှာရှိတဲ့ အပိုင်း ၂နဲ့ ၃ ရဲ့ တိုက်ခန်းတွေကို ရောင်းမှာ ဖြစ်တယ်။ အဲဒီက တိုက်ခန်းပေါင်း ၁၀၀၀ လောက် ရှိတယ်။ ဒါက ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ရဲ့ အစီအမံနဲ့ ရောင်းမှာ ဖြစ်တယ်။ ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ စီစဉ်ဆောင်ရွက်ဖို့ ဖြစ်တယ်”ဟုလည်း ပြောဆိုသည်။
ထိုသို့ ရောင်းချမည့် တန်ဖိုးနည်း တိုက်ခန်းများ၏ ပျမ်းမျှတန်ဖိုးများမှာ အပေါ်ဆုံးထပ် ၁ ခန်းလျှင် ကျပ် ၉၈ သိန်း၊ အောက်ဆုံးထပ် ၁ ခန်းလျှင် ကျပ်သိန်း ၁၂၀ နှင့် ကျပ် ၁၂၅ သိန်းအထိ ရှိပြီး အလယ်ထပ်များရှိ အခန်းမှာ အောက်ဆုံး ထပ် အခန်းနှင့် ကျပ် ၄ ၊ ၅ သိန်းခန့် ကွာကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက ပြောသည်။
တိုက်ခန်းများမှာ ၆ ခန်းတွဲ လေးထပ်တိုက်ခန်း များပြီး တန်ဖိုးသင့် အိမ်ရာများမှာ အိမ်ခန်း အနည်းငယ် ပိုကျယ်မည် ဖြစ်ကာ တန်ဖိုးအားဖြင့် အောက်ဆုံးထပ် ၁ ခန်းလျှင် ကျပ်သိန်း ၂၀၀ ကျော်မှ ကျပ်သိန်း ၄၀၀ ကျော်အထိ ရှိမည် ဟုလည်း ဆိုသည်။
လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးတွင် တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ခန်း စုစုပေါင်း ၂၂၀၈ ခန်းရှိပြီး ယင်းတို့ အနက်မှ ပြီးစီးသည့် တိုက်ခန်းများကို ရောင်းချခြင်း ဖြစ်သည်။
ယင်းတိုက်ခန်းများကို အရစ်ကျ ဝယ်ယူလိုလျှင် ပြည်သူများ အနေဖြင့် ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ် တွင် စုဆောင်းငွေစာရင်း ဖွင့်လှစ် ထားရှိရမည် ဖြစ်ပြီး မိမိတို့စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း ပြည့်မီလျှင် ဘဏ်က ၇၀ ရာခိုင်နှုန်းကို နှစ်ရှည်ချေးငွေ စနစ်ဖြင့် ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် မြို့ပြ အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်မှ မာကက်တင်းဌာန လက်ထောက်မန်နေဂျာ ဦးဟိန်းဝေနောင်က ပြောသည်။
ယခင်အစိုးရ လက်ထက်တွင်လည်း တိုင်းအစိုးရ အစီအစဉ်ဖြင့် လိူင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်း အိမ်ရာ တိုက်ခန်း ၅၂၇ ခန်းကို တကြိမ် ရောင်းချပေးခဲ့ဖူးသည်။
ထို့အပြင် လောလောဆယ် ညွှန်ကြားချက် မလာသေးသော်လည်း တိုက်ခန်းဝယ်ယူသည့်အခါ ပေးသွင်းရသည့် ကနဦး ပေးသွင်းငွေ ၃၀ ရာခိုင်နူန်းကို ၂၀ ရာခိုင်နူန်းအထိ လျှော့ချရန်နှင့် ပေးသွင်းသော နှစ်ကို လက်ရှိ ၁၀ နှစ် အရစ်ကျ ပေးသွင်းရာမှ နောက်ပိုင်းတွင် နှစ်ရှည် အနေနှင့် ၁၅ နှစ်အထိ အရစ်ကျ ပေးသွင်းနိုင်ရန် အတွက်လည်း လုပ်ဆောင် နေကြောင်း သိရသည်။
Ref & Photo Credit : Irrawaddy
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties