By The Mirror, Shweproperty.com
Updated at 28 August 2017
နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစား ယူသည့်အခါတွင် ဘဝနေထိုင်ရေး စိတ်အေးစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်တည်ဆောက်မည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းကို သုံးနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက် ၈ နာရီက စီမံကိန်းတည်ရှိရာ ရန်ကုန်မြို့ ဒဂုံ(ဆိပ်ကမ်း)မြို့နယ် (၇၃)ရပ်ကွက် ရွှေလီလမ်းနှင့် မြနန္ဒာ လမ်းထောင့်တွင် ကျင်းပသည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားမှသိရသည်။
''အဓိကရည်ရွယ်ချက်က နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေကို တစ်ဘဝလုံး တိုင်းပြည် တာဝန်ထမ်းဆောင်ခဲ့ပြီး အနားယူ တဲ့အချိန်မှာ သူတို့အတွက် နေစရာပေါ့။ အဲဒီနေရာကလည်း နေပျော်တဲ့ နေရာမျိုးဖြစ်အောင် ဖန်တီးပေးဖို့ ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီစီမံကိန်းကို သုံးနှစ်လျာထားချက်အနေနဲ့ ကြိုးစားနေပါတယ်။ သုံးနှစ် အတွင်းမှာ ပင်စင်ယူမယ့် ပင်စင်စားတွေကို စာရင်းပြုစု ထားတာဖြစ်တဲ့အတွက် သုံးနှစ်အတွင်းမှာ ပင်စင်ယူပြီး ရန်ကုန်မှာနေမယ့် နိုင်ငံ့ဝန်ထမ်းက တစ်သောင်းခန့်ရှိပါတယ်။ ဒီအခြေအနေတွေကို ရည်မှန်းပြီး ဆောက်လုပ်တာ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
''ရန်ကုန်မှာနေထိုင်ရတဲ့ အခန်းဈေးနှုန်းတွေ၊ မြေဈေးနှုန်းတွေကြောင့် လူတော်တော်များများဟာ နေရာအခက်အခဲဖြစ်ရတယ်။ ဒီပြဿနာတွေ ဖြေရှင်းဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အင်တိုက်အားတိုက် ကြိုးစားနေပါတယ်'' ဟု ၎င်းကဆက်လက်ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းကို ပြည်ထောင်စုအစိုးရမှ ချမှတ်သော မူဝါဒနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးကြပ်လမ်းညွှန်ဦးဆောင်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော အများပိုင်ကုမ္ပဏီ Yangon Metropolitan Development Public ကုမ္ပဏီက စီမံကိန်းတည်ဆောက်ရေးကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
''သုံးနှစ်စီမံကိန်းဖြစ်ပေမယ့် တိုင်းဒေသကြီးအစိုးရက အဆောက်အအုံဒီဇိုင်း၊ အခန်းအရေအတွက် အတည်ပြုပြီးတာနဲ့ အမြန်ဆုံးတည်ဆောက်မှာပါ။ ၂ဝ၁၇-၂ဝ၁၈မှာ ပင်စင်ယူမယ့်သူတွေရှိတယ်။ ၂ဝ၁၈ အကုန်မှာ ပင်စင်ယူမယ့်သူတွေရှိတယ်။ အဲဒီပင်စင်စားတွေရဲ့ လိုအပ်ချက်တွေကို အချိန်မီဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Phase 1 ကတော့ ကိုးလ၊ တစ်နှစ်မကျော် ပါဘူး''ဟု Yangon Metropolitan Development Public ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။
မြေဧက ၁၈၃ ဒသမ ၅၃ ဧကရှိ မြေပေါ်တွင် အကောင်အထည်ဖော်တည်ဆောက်မည့် အဆိုပါစီမံကိန်းတွင် အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၃ဝဝ၊ စတုရန်း ပေ ၆ဝဝ၊ စတုရန်း ပေ ၉ဝဝ၊ စတုရန်း ပေ ၁၂ဝဝ ရှိ အိမ်ခန်းပေါင်း ၄ဝဝဝ နီးပါး ပါဝင်သည့် ၁၂ ခန်းတွဲ ခြောက်ထပ်၊ ရှစ်ခန်းတွဲ ခြောက်ထပ်၊ လေးခန်းတွဲ ခြောက်ထပ်ရှိ အဆောက်အအုံများဆောက်လုပ်ရန် လျာထားကြောင်းနှင့် ဈေးဆိုင်ခန်းများ၊ ရုံးခန်းများ၊ ကျောင်းများလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရာတွင် လိုအပ်သည့်မြေနေရာကို တိုင်းဒေသကြီးအစိုးရက ဖော်ထုတ်ပေးပြီး မီးရရှိရေး၊ ရေရရှိရေး အစရှိသည့် အခြေခံအဆောက်အအုံဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
''တစ်စတုရန်းပေကို ကျပ်နှစ်သောင်းငါးထောင် မကျော်လွန်အောင်ကြိုးစားပြီး ဆောင်ရွက်နေပါတယ်။ ပစ္စည်းဈေးနှုန်း အတက်အကျပေါ်မူတည်ပြီး ဈေးနှုန်း ပြောင်းလဲနိုင်ပါတယ်။ စတုရန်းပေ ၃ဝဝ ကို သိန်း ၁ဝဝ အောက် ၆၅ သိန်း၊ သိန်း ၇ဝ နဲ့ ရောင်းချင်ပါတယ်။ စတုရန်းပေ ၆ဝဝ ဆို ကျပ်သိန်း ၁ဝဝ ကျော်၊ ၁၃၅ သိန်း လောက်ပါ၊ ဈေးနှုန်းက တိတိကျကျပြောလို့မရသေးပါဘူး။ ပြီးစီးမှ တွက်ချက်ပြီး ပြောလို့ရမှာပါ။ ဒါပေမယ့် အနိမ့်ဆုံး ဖြစ်အောင် စဉ်းစားထားပါတယ်'' ဟု Yangon Metropolitan Development Public ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ ဦးသာဌေးက ပြောသည်။
အငြိမ်းစားဝန်ထမ်းများအတွက် ဆောက်လုပ်နေသည့် အိမ်ရာများကိုဝယ်ယူခွင့်ရသူ အငြိမ်းစားဝန်ထမ်းများ အနေဖြင့် အိမ်ရာတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို လက်ငင်း ပေးချေရမည်ဖြစ်ပြီး ကျန်သည့်ငွေကို ဘဏ်ချေးငွေဖြင့် ၁၅ နှစ် အရစ်ကျဖြင့် ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးသာဌေးတို့က နိုင်ငံ့ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် မြေ နေရာတွင် ပန္နက်ရိုက်၍ အမွှေးနံ့သာရည်များပက်ဖျန်းပေး ကြသည်။
Ref & Photo Credit : The Mirror
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties