By EMG, Shweproperty.com
Updated at 10 December 2013
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရွှေလင်ပန်းနှင့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်းများအား ကျပ်သိန်း ၁၀၀ ခန့်ဖြင့် အရစ်ကျ ငွေပေးချေသောစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။
ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ "ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် လုပ်သက် ၂၅ နှစ်အထက်ရှိ နိုင်ငံ့ဝန်ထမ်းများအတွက် တန်ဖိုးနည်း (သို့မဟုတ်) တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများကို အရစ်ကျ ငွေပေးချေစနစ်ဖြင့် လေးနှစ်အတွင်း ပေးရမည့်အစား ငါးနှစ်၊ ခြောက်နှစ် ၊ ခုနစ်နှစ်၊ ရှစ်နှစ် စသည်ဖြင့် ကာလသတ်မှတ်ချက် တိုးနိုင်/မနိုင် သိရှိလိုပါကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ဆောက်လုပ်နေသော ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ် အိမ်ရာစီမံကိန်း၊ ရတနာအိမ်ရာ စီမံကိန်း၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်း၊ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင် ဝန်ထမ်းများအတွက် မည်သို့သော အစီအစဉ်ဖြင့် ရောင်းချပေးမည်၊ အိမ်ခန်းတစ်ခန်းတန်ဖိုး မည်မျှရှိသည်ကို သိလိုကြောင်း" မေးမြန်းမှုအပေါ် ဦးကျော်စိုးက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
'ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန (နေပြည်တော်) က တာဝန်ယူ၍ တည်ဆောက်လျှက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာမြို့နယ်မှ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာနှင့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာများမှ လူနေတိုက်ခန်းများအား အရစ်ကျ ငွေပေးချေသောစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချမည့် အစီအစဉ်အားဖြင့် (က) ပုံမှန်ဝင်ငွေရှိ အစိုးရဝန်ထမ်းများ၊ (ခ) ပုံမှန်ရှိ ကုမ္ပဏီဝန်ထမ်းများ၊ (ဂ) ပြည်သူများ၊ (ဃ) အငြိမ်းစား ဝန်ထမ်းများ စသည်ဖြင့် ဦးစားပေးရောင်းချသွားမည်ဖြစ်ပြီး အခန်းတန်ဖိုးအားဖြင့် ကျပ်သိန်း ၁၀၀ ခန့်ဖြင့် ရောင်းချသွားမည် ဖြစ်သည်ဟု သိရှိရပါတယ်" ဟု ဦးကျော်စိုးက ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီမံတည်ဆောက်လျှက်ရှိသော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်းနှင့် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများကိုလည်း ဘဏ်ချေးငွေဖြင့် အရစ်ကျ လေးနှစ်ပေးချေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ ပေးဆပ်ရမည့်ကာလ လေးနှစ်အစား ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ်၊ ရှစ်နှစ်သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း၊ ဗိုလ်ဗထူး တန်ဖိုးမျှအိမ်ရာ စီမံကိန်းမှ တိုက်ခန်းများအား အရစ်ကျစနစ်ဖြင့် တန်ဖိုးမှာ ကျပ် ၃၄၇ သိန်း၊ ၃၂၉ သိန်း၊ ၂၅၅ သိန်း၊ ၂၃၇ သိန်းစသည်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းရှိ တိုက်ခန်းများအား ၂၈၉ သိန်း၊ ၂၄၉ သိန်းစသည်ဖြင့် ရောင်းချပးမည် ဖြစ်ကြောင်း၊ ဘဏ်ချေးငွေ အရစ်ကျစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက ဘဏ်တိုးနှင့် ဝန်ဆောင်ခကို ထပ်ဆောင်း ပေးချေရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties