By EMG, Shweproperty.com
Updated at 1 September 2013
ရန်ကုန်မြို့ရှိ လူနေအဆောက်အအုံ ဈေးကွက်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား မဝင်ရောက်မီ နိုင်ငံသား လုပ်ငန်းရှင်များမှ လူနေအထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှု မြင့်တက်နေပြီး ရုံးခန်းများနှင့် ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
"ရန်ကုန်မှာက အများအားဖြင့် အိမ်ရာတွေ တည်ဆောက်ကြတယ်ပေါ့။ အခုနောက်ပိုင်းမှာ အထပ်မြင့် အဆောက်အအုံတွေ ပိုများလာတယ်။ နောက်ပြီး အိမ်ရာစီမံကိန်းတွေလည်း အများအပြား တည်ဆောက်လာကြပါတယ်" ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများ ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းမြင့်က "အခုနောက်ပိုင်းမှာ လူနေအဆောက်အအုံတွေ၊ ရုံးခန်းတွေ၊ ဟိုတယ်တွေ တည်ဆောက်လာကြပါတယ်။ အများအားဖြင့်တော့ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုတွေပါ။ ကျွန်တော်တို့ အဖွဲ့က အထပ်မြင့် စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းတွေအတွက် စစ်ဆေးနေရတာတွေမှာ ဟိုတယ်လုပ်ငန်းတွေ ပါဝင်သလို ရုံးခန်းတွေ၊ ဈေးဆိုင်တွေနဲ့တွဲပြီး လူနေအထပ်မြင့် အဆောက်အအုံတွေလည်း များပါတယ်" ဟု ပြောကြားသည်။
အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်း ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ အနေဖြင့် ၁၂ ထပ်နှင့် အထက်ရှိ အထပ်မြင့် အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများကို စစ်ဆေးလျက်ရှိပြီး လတ်တလောတွင် ရန်ကုန်မြို့၌ ၃၄ ထပ်၊ ၂၇ ထပ်နှင့် ၂၁ ထပ် အစရှိသည့် အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန် စိစစ်ခွင့်ပြုထားမှုများ ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ၃၄ ထပ် အမြင့်ရှိ Diamond Inya Palace Project ကို မရမ်းကုန်းမြို့နယ်ရှိ ဦးထွန်းငြိမ်းခြံလမ်းတွင် လည်းကောင်း၊ ၂၇ ထပ်အမြင့်ရှိ Diamond Valley Rise ကို ကမ္ဘာအေးဘုရားလမ်းတွင် လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း ရတနာနှင့် ဧရာဝဏ်အိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော်လျက် ရှိသကဲ့သို့ ၅၁ လမ်း၊ ရွှေဂုံစသည့် အိမ်ရာများကိုလည်း အထပ်မြင့် အဆောက်အအုံများအဖြစ် အကောင်အထည်ဖော်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက် ထုတ်ပြန်ချက်များအရ ဆောက်လုပ်ရေး လုပ်ငန်းများ၌ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၇၁၃ ဘီလျံကျော် ရှိနေကြောင်း သိရသည်။
နိုင်ငံသား လုပ်ငန်းရှင်များ အနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများအပြင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၌လည်း ရင်းနှီးမြှုပ်နှံမှု မြင့်တက်လျက်ရှိကာ ကုန်ထုတ်လုပ်မှု ကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံထားမှုမှာ ကျပ် ၈၀၁ ဘီလျံကျော်ရှိကြောင်း သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties