By EMG, Shweproperty.com
Updated at 20 September 2013
ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ်အတွင်း လေးထပ် အဆောက်အအုံ ၃၂ လုံးပါဝင်မည့် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာတစ်ခုကို တည်ဆောက်လျက် ရှိကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ သိရသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို IGEC ဆောက်လုပ်ရေးကုမ္ပဏီ၊ ATI ဆောက်လုပ်ရေးကုမ္ပဏီနှင့် KMM IGEC ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ တည်ဆောက်လျက်ရှိကြောင်း သိရသည်။
''အခု ကျွန်တော် တည်ဆောက်နေတဲ့ စီမံကိန်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းရွာဟောင်းမှာပါ။ ခြောက်ခန်းတွဲ လေးထပ် အဆောက်အအုံ ၃၂ လုံးပါဝင်မှာ ဖြစ်ပါတယ်'' ဟု အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ပန်းရှိ တန်ဖိုးနည်း အိမ်ရာစီမံကိန်းအား ၂၀၁၃ ခုနှစ်၊ ဇွန် ၂၃ ရက်က စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၄ ဇန်နဝါရီ အပြီးတည်ဆောက် သွားရန် စီစဉ်ထားကြောင်း သိရသည်။
''ကျွန်တော်တို့က တည်ဆောက်ရေး အပိုင်းကိုသာ တာဝန်ယူ ဆောက်လုပ်တာ ဖြစ်ပါတယ်။ ဒီအိမ်ရာ စီမံကိန်းဟာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ဖြစ်ပေမယ့် တန်ဖိုး ဘယ်လောက်နဲ့ ရောင်းမလဲတော့ သေသေချာချာ မသိသေးပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ငန်း လျာထားချက်က ၂၀၁၄ ဇန်နဝါရီ အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။
''လှိုင်သာယာ မြို့နယ်ထဲမှာ တန်ဖိုးနည်းအိမ်ရာ တစ်ခုကို တန်ဖိုးကျပ်သိန်း ၁၀၀ ဝန်းကျင်နဲ့ ဝယ်နိုင်ဖို့ စီစဉ်ထားပါတယ်။ အိမ်ခန်းအရေအတွက်က ၃၀၀၀နဲ့ ၄၀၀၀ ကြားလောက် ရှိမှာဖြစ်တယ်။ ဒါပေမဲ့ အထပ်မြင့် ဆောက်မှာတော့ မဟုတ်ပါဘူး''ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြောကြားသည်။
ရန်ကုန်မြို့တွင် မြင့်တက် နေသည့် လူနေ သိပ်သည်းမှုများ အတွက် ဖြေရှင်းရန် အတွက် သက်တမ်း ကြာမြင့်နေသည့် အိမ်ရာ ၁၁ ခုကို အထပ်မြင့် အဆောက်အအုံများ ပြန်လည် ပြုပြင် တည်ဆောက်ရန် စီစဉ်ထားကြောင်းနှင့် လက်ရှိ ကာလတွင် အဆိုပါ စီမံကိန်းများထဲမှ ရွှေဂုံအိမ်ရာစီမံကိန်းနှင့် ၅၁ လမ်း အိမ်ရာစီမံကိန်းများ အတွက် တင်ဒါ ခေါ်ယူထားပြီဖြစ်ကြောင်း သိရသည်။
''ရန်ကုန်မှာ လူနေသိပ်သည်းမှုက တစ်နှစ်ထက်တစ်နှစ် မြင့်တက် လာနေပါ တယ်။ ပန်းဘဲတန်း မြို့နယ်မှာ တစ်စတုရန်းမိုင်ကို လူ ၄၀၀ နေတယ်။ မြို့ပြင်မှာဆို လူ ၁၀၀ နေတယ်။ အရင်က ရွှေအုန်းပင်အိမ်ရာဟာ လူ ၁၀၀ ပဲဆံ့တယ်။ ပြန်လည် တည်ဆောက် လိုက်တဲ့အတွက် လူ ၃၀၀ လောက် နေလို့ရတော့ လူ ၂၀၀ စာအတွက် အိမ်ရာ ဆောက်ပေးပြီးသား ဖြစ်သွားတယ်။ အခုလည်း လက်ရှိ အိမ်ရာစီမံကိန်း ၁၁ ခုမှာ လူတွေ ထပ်ထည့် နိုင်ဖို့အတွက် ပြန်လည် အဆင့်မြှင့်တင်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ချက်က တန်ဖိုးနည်း အိမ်ရာတွေကို ဖော်ပေးတာပဲ။ ဒဂုံဆိပ်ကမ်းမှာ စီမံကိန်းနှစ်ခု လုပ်နေသလို လှိုင်သာယာမှာလည်း ဒီနှစ်ထဲမှာ တည်ဆောက်နေခြင်း ဖြစ်ပါတယ်'' ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties