သင့်နေအိမ်ရဲ့ မျက်နှာ လှည့်ရာအရပ် ကို မူတည်၍ စီးပွားလာဘ်လာဘ ရွှင်လန်းအောင် ဆောင်ရွက်သင့်သောနည်းလမ်းများကို ဝေမျှပေးသွားပါမည်။မွေးနေ့ မွေးရက် နေ့နံ မလိုဘဲ မိမိအိမ်တည်ရှိရာ အရပ်ဒေသပေါ် အခြေခံကာ အခက်အခဲ အတိုက်အခိုက်တွေရန်ကနေ ကင်းဝေးစေမယ့် နည်းလမ်းများပင်ဖြစ်သည်။


အရှေ့အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ တွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

 
အရှေ့ အရပ် ကို မျက်နှာ လှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုး အကျိုးပြုသော အိမ်ဟု သတ်မှတ် သည်။ ထို အိမ်တွင် နေထိုင်သူ အပေါင်း တို့သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။


ရဟန်း သံဃာတော်များကို ကြံရည် ကပ်လှူနိုင်သည်။ ကြံချောင်း ကိုးဆစ်ဖြတ်၍ အိမ်တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရား တစ်ဆူဆူ၏ တနင်္လာဒေါင့်တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင်၊ ကြံသကာတို့လည်း လှူဒါန်းနိုင်ပါသည်။


အရှေ့တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

 
အရှေ့တောင် အရပ်ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်း စောင့်ရှောက်ခြင်းကို ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ဘုရား တွင် စံပယ်ပန်း မကြာခဏ လှူဒါန်း ဆက်ကပ်နိုင်ပါသည်။ ဆီးယိုလည်း မကြာခဏ ကုသိုလ် ဒါနပြုနိုင်ပါသည်။ သံဃာတော်များအား ဆပ်ပြာ အလှူ ဒါနပြုနိုင်ပါသည်။ ထိုယတြာကို ပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင်သူများသည် စွမ်းအားကောင်းခြင်း ၊ သြဇာ တိုးခြင်း၊ စီးပွားတက်ခြင်းများ ဖြစ်နိုင်ပါသည်။





တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

 
တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက်လျှင် တဖျတ်ဖျတ် လှုပ်သော ကြက်လျှာကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရားတင်ပါ။ ရွက်လှညွန့် လှူပါ။ သံဃာတော်များအား ရေ ၊ ယပ် အစရှိသည် တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်မည်။


အနောက်တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန်

 
အနောက်တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များကို စနေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။သံဃာတော်များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွား တိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။


အနောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

 
အနောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ် များကို ကြာသပတေးဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ပန်းပွင့်များ မပြတ် လှူဒါန်း ဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ဘုရားတွင် ပေါက်ပေါက်ဆုပ် ဆွမ်းတော်ကပ်ခြင်း မကြာခဏ ပြုပါ။ သံဃာတော် များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း၊ စီးပွားဥစ္စာ တိုးတက်ခြင်းများ ရရှိ ခံစားရပေမည်။





အနောက်မြောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

 
အနောက်မြောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များကို ရာဟုဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခဏ ရေဖြန်း ပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ရွှေသင်္ကန်း၊ ရှောက်ယို ဆက်ကပ်လှူဒါန်ပေးပါ။ သံဃာတော် များကိုလည်း ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်း များ ဧကန်ဖြစ်မည်။


မြောက်အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

 
မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို သောကြာဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွှန့် ဒါနပြုပါ။ သံဃာတော် များကို သတ်သတ်လွတ် ဟင်းများ မကြာခဏ ကပ်လှူပါ။ နေအိမ်တွင် နေထိုင်သူများလည်း မကြာခဏ သတ်သတ်လွတ် စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။


အရှေ့မြောက်အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

 
အရှေ့မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ ကို တနင်္ဂနွေဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။အိမ်ရှေ့တွင် အုန်းခွံ စာကလေး အိမ် ချိတ်ဆွဲ ထားခြင်း၊ အိမ်ဘုရား အား အုန်းသီး ကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအား လည်း ကပ် လှူဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံးတွင် အုန်းညွန့်(၆) ညွန့်ထိုးထား ၍ အိမ်ရှေ့တွင် ထားခြင်း ဆောင် ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။


(အထက်ပါနည်းလမ်းများကို မူလရေးသားပြုစုသူ၏ သဘောသဘာဝအတိုင်း  ကောက်နုတ်ကာ တင်ပြအပ်ပါသည်)


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


ဖုန်းရွှေအယူအဆနဲ့ ရွှေငွေအဝင်ကြမ်းစေမယ့် အိမ်ရှေ့တံခါး ပြင်ဆင်နည်း


အိမ် နဲ့ မြေကွက်များ ရက်ပိုင်းတွင်း အမြန်ဆုံး ရောင်းထွက်နည်း


အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ်


ဖုန်းရွှေအစီအမံနဲ့ အိမ်အတွင်း ဆောင်ရန်ရှောင်ရန်


Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)