By emg, Shweproperty.com
Updated at 12 January 2014
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ အမှတ် (၆၀)တွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ရုံးချုပ်ကို ဇန်နဝါရီ ၁၁ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
လုံးချင်းအိမ်၊ ကွန်ဒိုနှင့် တိုက်ခန်း၊ အိမ်ဝယ်ယူလိုသူများ ချေးငွေလိုအပ်ပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ချေးငွေများ စတင်ရယူနိုင်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ထို့ပြင် မိမိပိုင်မြေပေါ်တွင် အထပ်မြင့်အိမ်ရာနှင့် လုံးချင်းအိမ်ဆောက်လုပ်လိုသော မြေပိုင်ရှင်များလည်း ချေးငွေလိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း၊ ဆောက်လုပ်ရေး အထူးချေးငွေအနေဖြင့် ဆောက်လုပ်ရေးကုမ္ပဏီကြီးများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ချေးငွေလိုပါကလည်း အဆိုပါဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
"အခုဘဏ်စဖွင့်ပြီဖြစ်တဲ့အတွက် အိမ်ရာဝယ်ယူဖို့ ချေးငွေလိုအပ်တယ်ဆိုရင် ဒီဘဏ်ကနေ ချေးငွေရယူနိုင်ပါပြီ။ နှစ်ရှည်ချေးငွေဖြစ်တဲ့အတွက် အတိုးနှုန်းကတော့ တစ်ခုနဲ့တစ်ခု တူမှာမဟုတ်ပါဘူး။ ချေးငွေထုတ်ချေးမယ်ဆိုတာ ဝန်ထမ်းမှရယ်မဟုတ်ပါဘူး။ ပုံမှန်ဝင်ငွေရှိမယ်။ ပြန်ဆပ်နိုင်တဲ့ အခြေအနေရှိမယ်ဆိုရင် ဘဏ်က ငွေထုတ်ချေးမှာပါ"ဟု ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကြီးကြပ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေနှင့် မြန်မာနိုင်ငံ ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေနှင့်အညီ ဖွဲ့စည်းထား၍ ၂၀၁၃ ခုနှစ် ဇူလိုင်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိထားသည့် ဘဏ်ဖြစ်ကြောင်း သိရသည်။
အဆိုပါဘဏ်၏ ခွင့်ပြုမတည်ငွေရင်းမှာ ကျပ်ဘီလျံ ၁၀၀ ဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အပ်ငွေလက်ခံခြင်းတွင် စာရင်းရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေ၊ အချိန်ပိုင်းအပ်ငွေ လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ချေးငွေထုတ်ချေးခြင်းအပြင် ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ထားသဖြင့် အဆိုပါဘဏ်များရှိသည့် မြို့ဒေသများသို့ ငွေလွှဲလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကို လဲလှယ်ဝယ်ယူရောင်းချနိုင်ကြောင်း သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties