အခုတလော မိုးရာသီလည်း ဖြစ်တဲ့အလျှောက်၊ ရေကြီး၊ ရေလွှမ်းဖြစ်ရပ်တွေလည်း ရှိလာတာနဲ့အတူ ကာလဝမ်းရောဂါ ဖြစ်ပွားမှု case တွေကလည်း ပေါ်ပေါ်ထင်ထင်တစ်မျိုး၊ တိုးတိုးတိတ်တိတ် တစ်ဖုံ ဖြစ်ပွားနေပါတယ်။ ကာလဝမ်းရောဂါဟာ ကျောက်ကပ်ကိုဒုက္ခပေးနိုင်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်၊ ဖြစ်လာခဲ့ရင်လည်း နည်းမှန်လမ်းမှန် ကုသနိုင်ဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကာလဝမ်းရောဂါ မဖြစ်စေဖို့ အိမ်မှာ ချမှတ်ထားသင့်တဲ့ စည်းကမ်းလေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

ကာလဝမ်းရောဂါ ဖြစ်ပြီဆိုရင် သိသာတဲ့ လက္ခဏာက ဆန်ဆေးရည်လို အရောင်နဲ့ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်းတွေပါပဲ။ သင့်မိသားစုဝင်တွေထဲမှာ ဒီအချက်တွေထဲက တစ်ခုခု နဲ့ ကိုက်ညီနေတယ်ဆိုရင် ကာလဝမ်းရောဂါ ဖြစ်နိုင်ချေ ၈၀% ထိ သေချာတာကြောင့် မပေါ့ပါနဲ့တော့။ မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။ 



ဒီလိုကြောက်စရာကောင်းတဲ့ ကာလာဝမ်းရောဂါ မဖြစ်စေဖို့ ကျန်းမာရေး အိမ်တွင်းစည်းကမ်းလေးတွေ ချမှတ်ထားသင့်ပါတယ်။ ဘာတွေလဲဆိုရင်

- အစားမစားခင်၊ အိမ်သာအဆင်း အချိန်တွေမှာ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောသန့်စင်ခြင်း
- ကျိုချက်ပြီး ပိုးသတ်ထားတဲ့ ရေကိုသာ သောက်ခြင်း
- ပူပူနွေးနွေး အစားအသောက်များကိုသာ စားခြင်း
- လမ်းဘေးစာ၊ အကင်၊ အသုပ်များ မစားခြင်း
- ဟင်းသီးဟင်းရွက်တွေကို ဆားရည်(သို့မဟုတ်) ရှာလကာရည်နဲ့ ဆေးကြောပြီးမှ ချက်ပြုတ်ခြင်း
- ကျက်အောင်မချက်ထားတဲ့ ငါးနဲ့ ပင်လယ်စာတွေကို မစားခြင်း
- အခွံမပါပဲ ရေဆေးပြီး အသင့်စားရတဲ့ စပျစ်သီးနဲ့ ဘယ်ရီသီးလို အသီးအနှံတွေ မစားခြင်း
- ရေခဲမုန့်၊ ရေခဲချောင်းလို ရေခဲပါဝင်တဲ့ သရေစာတွေ မစားခြင်း ဆိုတဲ့ စည်းကမ်းချက်တွေ ချမှတ်ပေးသင့်ပါတယ်။ ဒီရောဂါက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကြိုတင်ကာကွယ်လို့ရသလို အချိန်မီ ကုသရင်လည်း ပျောက်ကင်းနိုင်တာကြောင့် ကျန်းမာရေး အလေ့အထ သန့်ရှင်းသပ်ရပ်မှုကို ကျင့်သုံးလိုက်နာမယ်ဆိုရင် ဒီရောဂါကပ်ကို ကျော်ဖြတ်နိုင်ပါတယ်။  

မိသားစုဝင်တွေထဲမှာ ကာလဝမ်းရောဂါ လက္ခာတွေ တွေ့လာရပြီဆိုရင် BPI ဓာတ်ဆားရည် မကြာခဏ တိုက်ကျွေးပေးခြင်း၊ ဇင့်ဓာတ်အားဆေး တိုက်ကျွေးပေးခြင်းတို့ ပြုလုပ်ပေးပြီး နီးစပ်ရာကျန်းမာရေး စင်တာကို အမြန်ဆုံးသွားရောက် ကုသမှု ခံယူဖို့ တိုက်တွန်းလိုက်ပါတယ်။ 

Written By : Lily ( ShweProperty.com )