ပရုတ်လုံးကို အင်္ဂလိပ်လို M o t h b al l s လို့ခေါ်ကြပါတယ်။ Moth ဆိုတာ အလွယ်ပြောရရင် အဝတ်တွေထဲမှာနေတဲ့ ပိုးကောင်လေးတွေပါ။သူတို့ရဲ့အစာက အဝတ်မျှင်တွေ၊ သိုးမွှေးတွေဖြစ်လို့ အဝတ်တွေထဲမှာနေပြီး ကိုက်ဖြတ်စားသောက်ကြပါတယ်။ အဲဒီ ပိုးမွှားတွေသေအောင်၊ ပြေးအောင်သုံးကြလို့ Mothballs လို့ခေါ်တာပါ။


ပရုတ်လုံးမှာ အဓိကပါဝင်ပစ္စည်းက N a ph t h a l e n e မို့လို့ N a p h t h a l e n e b a l l s လို့လဲခေါ်ပါတယ်။ တစ်ချို့ပရုတ်လုံးမှာတော့ P a r a d i c h l o r o b e n z e n e ပါပါတယ်။N a p h t h a l e n e နဲ့ P a r a d i c h l o r o b e n z e n e တွေဟာ ပိုးမွှားသတ်ဆေး I n s e c t i c i d e o r P e s t i c i d e s တွေ ဖြစ်ပါတယ်။


ပိုးမွှားသတ်ဆေးတွေ ဖြစ်တဲ့အတွက် စနစ်တကျ မသုံးတတ်ရင်၊ မသုံးသင့်တဲ့နေရာတွေမှာ မသိလို့ သုံးမိရင် အန္တရာယ်ရှိတာမို့ ဒီ Post ကိုရေးလိုက်တာပါ။ပရုတ်လုံးက အငွေ့ပျံပြီးထွက်လာတဲ့ အငွေ့တွေက ပိုးမွှားတွေကို သေစေတာပါ။စနစ်တကျသုံးနည်းကတော့ ပိုးမွှားရှိတဲ့အဝတ်တွေ သိုးမွှေးထည်တွေကို အလုံပိတ်အိတ် သို့မဟုတ် လေလုံတဲ့ပလပ်စတစ်ဗူးထဲမှာ ပရုတ်လုံးနဲ့အတူ ထည့်ပိတ်ထားရင် ထွက်လာတဲ့အငွေ့တွေ စုမိလာပြီး ပိုးမွှားတွေ သေသွားပါတယ်။


ပြီးရင်တော့ အဝတ်တွေကို ပြန်လျှော် ဒါမှမဟုတ် အနံ့ပျောက်အောင် နေလှန်းပြီးမှ ပြန်ဝတ်သင့်ပါတယ်။တစ်ချို့က ပရုတ်လုံးနံ့ရနေတဲ့ အဝတ်အစားတွေကို ပရုတ်လုံးနံ့လေး သင်းနေတယ်ဆိုပြီး သဘောတောင် ကျတတ်ပါတယ်။တကယ်တော့ ပရုတ်လုံးနံ့ရနေတယ်ဆိုတာ ပရုတ်လုံးကထွက်လာတဲ့ အဆိပ်ငွေ့ Toxic gas တွေ ကျန်နေသေးတဲ့သဘောပါ။ အထူးသဖြင့် ကလေးအဝတ်အစားတွေဆိုရင် ပြန်လျှော်ပြီးမှ ဝတ်ပေးသင့်ပါတယ်။





တစ်ချို့က ပရုတ်လုံးကို တခြားနေရာတွေမှာလဲ သုံးကြပါတယ်။ ကြွက်ပြေးအောင်၊ ပိုးဟတ်မလာအောင်၊ တစ်ခြားအကောင်ပလောင် မလာအောင်၊ အပင်ကိုရှဉ့်မကိုက်အောင် စသည်ဖြင့်ပေါ့။တကယ်တော့ ပရုတ်လုံးကို အဲဒီရည်ရွယ်ချက်တွေနဲ့ မသုံးသင့်ပါဘူး။ရည်ရွယ်တာက ပိုးမွှားကောင်တွေကို ဖြစ်ပေမယ့် လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုပိုပြီး ထိခိုက်စေတတ်တယ်လို့ ဆိုထားပါတယ်။


ပရုတ်လုံးကို open air မှာ ဒီအတိုင်းထားရင် ပရုတ်လုံးက အငွေ့ (တကယ်တော့ အဆိပ်ငွေ့)ကို အချိန်ကြာကြာရှူတဲ့အခါ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။တစ်ချို့ကလဲ ပရုတ်လုံးနံ့ကို ကြိုက်လို့ အမြဲရှူနေတာတောင် ရှိပါတယ်။ ကြာလာရင် ခေါင်းကိုက်တာ၊ ပျို့တာ အန်တာ၊ ဝမ်းလျှောတာ၊ မျက်လုံးနဲ့ နှာခေါင်း စပ်ဖျဉ်းဖျဉ်းဖြစ်တာ ကနေ အသည်း နဲ့ ကျောက်ကပ်ကို ပျက်စီးစေတာအထိ ဖြစ်နိုင်ပါတယ်။


Para dichlorobenzene ကလဲ ကင်ဆာဖြစ်စေနိုင်တဲ့ဒြပ်ပေါင်း (Carcinogenic) ဖြစ်ပါတယ်။အရေးအကြီးဆုံးက ပရုတ်လုံးဟာ မွေးရာပါ G 6 P D အင်ဇိုင်းချို့တဲ့တဲ့သူတွေနဲ့ လုံးဝမတဲ့တာပါ။မြန်မာပြည်မှာ G6PD အင်ဇိုင်းချို့တဲ့တဲ့ ဦးရေက လူ ၁၀၀ မှာ ၉ ယောက်လောက် ရှိပါတယ်။ မွေးကင်းစကလေးတွေမှာ G6PD အင်ဇိုင်းချို့တဲ့မှုကြောင့် အသားဝါတဲ့ကလေး တော်တော်များပါတယ်။


အထူးသဖြင့် ပရုတ်လုံးက G6PD အင်ဇိုင်းချို့တဲ့ တဲ့ကလေးတွေရဲ့သွေးနီဥတွေကို ပြိုကွဲစေတဲ့အတွက် အချိန်တိုအတွင်း သွေးထဲမှာအဝါဓာတ်တွေ တအားတက်လာပြီး ဦးနှောက်ထိခိုက်ပျက်စီးသွားတာ၊ အသက်သေဆုံးတာတွေ ဖြစ်စေပါတယ်။မွေးကင်းစကလေးတွေ အဝါဓာတ်အရမ်းများလို့ ဦးနှောက်မထိခိုက်ရအောင် သွေးလဲပြီးကုရတဲ့ ကလေးတော်တော်များများမှာ G6PD အင်ဇိုင်းချို့တဲ့တာ တွေ့ရပါတယ်။





တစ်ချို့ဆို ကလေးအနှီးတွေကို ပရုတ်လုံးနဲ့ သိမ်းရုံတင်မက ပရုတ်လုံးအမှုန့်ကို ဖြူးပြီး မီးပူပါတိုက်လိုက်သေးတယ် ဆိုပါတယ်။အဲဒီအနှီးတွေနဲ့ ကလေးကိုထုပ်လိုက်တဲ့အခါ မွေးစကလေးရဲ့သွေးနီဥတွေ ကွဲသွားပြီး အဝါဓာတ်တက်လာတာ တအားမြန်တဲ့အတွက် ဆေးရုံရောက်လာတဲ့အချိန်မှာ ဦးနှောက်ထိခိုက်ပြီးသားဖြစ်နေတာလဲ မကြာခဏတွေ့ရပါတယ်။


ပရုတ်လုံးတွေကို ပိုးဟတ်တို့၊ ကြွက်တို့ မလာအောင် ဟိုနား ဒီနားထားတဲ့အခါ ကလေးငယ်တွေက ပူရှိန်းသကြားလုံးအမှတ်နဲ့ ကောက်စားတတ်ပါတယ်။ တစ်ချို့အိမ်မွေးတိရစ္ဆာန်လေးတွေကလဲ စားမိတတ်ပါတယ်။ပရုတ်လုံးမှာပါတာက ပိုးသတ်ဆေးတစ်မျိုးဘဲမို့ ကလေးတွေ အထူးသဖြင် G6PD အင်ဇိုင်းချို့တဲ့ တဲ့ကလေးအငယ်လေးတွေဆို ပရုတ်လုံးတစ်လုံးစားမိရင်တောင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။


ပရုတ်လုံး ၅ လုံးစားမိတဲ့ ကလေးတစ်ယောက်ဆိုရင် ဆေးရုံမှာအသက်ရှင်အောင် အစွမ်းကုန်ကြိုးစားကုသပေးကြပေမယ့် အသက်သေဆုံးသွားဘူးပါတယ်။ဒါကြောင့်ပရုတ်လုံးသုံးတော့မယ်ဆိုရင် ဒီအချက်လေးတွေ သိထားပြီးမှ စနစ်တကျသုံးကြဘို့၊ ပရုတ်လုံးကို ကလေးတွေ အလွယ်တကူမတွေ့နိုင်တဲ့နေရာမှာ သေချာသိမ်းဆည်းဘို့ နဲ့ မွေးကင်းစကလေးတွေမှာ G6PD အင်ဇိုင်းချို့တဲ့ရောဂါပါနိုင်လို့ ကလေးအတွက် အနှီး၊ အဝတ်အစား၊ စောင်တွေတင်မက ကလေးကို ချီပိုးပြုစုကြမယ့် လူကြီးတွေရဲ့အဝတ်အစားတွေပါ ပရုတ်လုံးနဲ့ မသိမ်းကြဘို့၊ သုံးခဲ့ရင်လဲ သေချာပြန်လျော်ကြဘို့၊ ပရုတ်လုံးအနံ့ဟာလဲ ရှူသင့်တဲ့အမွှေးနံ့မဟုတ်လို့ အမွှေးနံ့အနေနဲ့မသုံးကြဘို့ ပြောချင်ပါတယ်။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


ခေါင်းအုံးလဲပါလို့ ပြောနေရတဲ့ အကြောင်းအရင်းများ


MICROWAVE ထဲကို မထည့်သင့်တဲ့အစားအစာများ


အိမ်တွင် မစိုက်အပ်သော(ခိုက်သော) ဂမုန်းပင်များ


ဒယ်အိုးနီ သုံးသူများ မမြင်နိုင်တဲ့ အန္တရာယ်အတွက် ဖတ်ဖြစ်အောင်ဖတ်ထားနော်


Credit : Thutamusic
Posted By : Sint Sint (ShweProperty.com)